News

POST TYPE

PHOTO ESSAYS

မြန်မာနိုင်ငံ၏အကြီးဆုံး အင်းတော်ကြီးအိုင် (Daily, Vol-6/No-279)
03-Mar-2019
မြန်မာနိုင်ငံ၏ အကြီးဆုံးအိုင်ဖြစ်သော အင်းတော်ကြီးအိုင်သည် နတ်နဂါးများ လာရောက်အင်းဖွဲ့ပြီးဖြစ်လာကြောင်း ရာဇဝင်သမိုင်းများက ဆိုကြသည်။ နတ်နဂါးမင်းသည် အင်းဖွဲ့မည့်အကြောင်းကို ခုနှစ်ရက်ခုနှလီကြေညာသော်လည်း ကျားတစ်ပိုင်းလူတစ်ပိုင်း မှော်လခေါင်လူမျိုးများကမကြားဘဲ ဗုဒ္စကိုးကွယ်သည့် မုဆိုးမကြီးဒေါ်မှုံတစ်ယောက်ထဲသာ ကြားသည့်အတွက် အင်းဖွဲ့သည့်အချိန် မုဆိုးမနှင့်၎င်း၏ ကျွဲနှစ်ကောင်သာ လွတ်မြောက်သည်ဟု ရာဇဝင်တွင် ဖော်ပြထားသည်။ ထို့ကြောင့် အင်းတော်ကြီးဘုရား လာဖူးလျှင် မုဆိုးမဒေါ်မှုံ တည်ခဲ့သော မုဆိုးမဘုရားမှာ မဖူးမဖြစ်။ အင်းတော်ကြီးဘုရား၏ နောက်ထူးခြားမှာ အင်းတော်ကြီး ရွှေမြဉ္ဇူရေလယ်ဘုရားသို့ ဖောက်လုပ်ထားသော လူသွားလမ်းမှာ တပေါင်းလဘုရားပွဲတော်ကာလတွင်သာ လမ်းပေါ်ပြီး ကျန်ကာလများတွင် ရေဖုံးလွမ်းထားသည်။ ထိုပွဲတော်ကာလတွင် လူလမ်း၊ နတ်လမ်းပေါ်သည်ဟု ဒေသခံများက ယုံကြည်သက်ဝင်ကြသည်။ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီတွင် ဇင်ယော်များ ထောင်ချီလာရောက်ကြပြီး ဘုရားဖူးစက်လှေများတွင် ဇင်ယော်များ အုပ်စုလိုက်ပျံဝဲကာ အစာတောင်းနေကြသည်မှာလည်း အင်းတော်ကြီး၏ ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ တန်းခိုးကြီး ရွှေမြဉ္ဇူရေလယ်ဘုရား၊ မုဆိုးမဘုရား၊ ဒေသခံတို့၏ ရိုးရာဓလေ့၊ နေထိုင်မှုဘဝနှင့် သဘာဝအလှတို့ကို သိရှိစေနိုင်ရန် The Voice Daily က ဖော်ပြအပ်ပါသည်။
ဓာတ်ပုံ -မင်းထက်စံ

မြန်မာပြည်မြောက်ပိုင်းက မိုးညှင်းခရိုင် ဟိုပင်မြို့နယ်က “အင်းတော်ကြီးအိုင်”ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်မှာ တည်ရှိပါတယ်။အလျား ၁၆ မိုင်၊ အနံ ၈ မိုင်ရှိပြီး အရှေ့တောင်အာရှဒေသမှာ ကုန်းတွင်းအကြီးဆုံး ရေအိုင်ဖြစ်ပါတယ်။

နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာတော့ လှချင်တိုင်းလှနေတဲ့ အင်းရေပြင်ကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဘုရားဖူးမြော်ရင်း ကချင်ပြည်နယ်ဒေသထွက် ပယင်းလက်ဝတ်ပစ္စည်းများ၊ အမှတ်တရ အင်္ကျီများ၊ လက်မှုပစ္စည်းများ၊ ဆေးမြစ်ဆေးဥများ အမှတ်တရ ဝယ်ယူနိုင်ပါတယ်။

အင်းတော်ကြီးအိုင်အတွင်းမှာ သမိုင်းဝင် “ရွှေမဉ္ဇူ” (ရေလယ်ဘုရား) တည်ရှိပြီး ဘုရားပွဲတော်ကိုတော့ တပေါင်းလဆန်း ၈ ရက် (မတ်လ ၁၃ရက်) နေ့မှာ ကျင်းပပြုလုပ်ပါတယ်။

အင်းတော်ကြီးဘုရားပေါ်သို့ အမျိုးသားများသာ တက်ရောက်ဖူးမြော်ရပြီး အမျိုးသမီးများမှာ ရင်ပြင်ပေါ်ရှိ မွေးနံထောင့်များ ဆုတောင်းကြသည်။ ဘုရားပေါ်သို့ အမျိုးသမီး တက်ရောက်ပါက မိုးကြီးလေပြင်းများ၊ မိုးကြိုးပစ်ခြင်းများ ဖြစ်စေသည်ဟု ဆိုကြသည်။ 

အင်းတော်ကြီးမနက်ခင်း မြူခိုးတို့က ခဏခဏ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်လို့ စက်လှေသမားတွေ သတိထားမောင်းနှင်ကြရပါတယ်။ 

အင်းတော်ကြီးပတ်ဝန်ကျင် ကျေးရွာအုပ်စု(၁၁)ခုနဲ့ ဓတိုင်းလျန်ဓလို့ခေါ်တဲ့ ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ကြပြီး လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ ရွှေမှော်၊ ကျောက်မှော်လုပ်ငန်းနဲ့ တနိုင်တပိုင်ငါဖမ်းလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။

နှစ်စဉ် ဒီဇင်ဘာလမှ မတ်လကုန်ထိ ဆောင်းခိုငှက်မျိုးစုံ ထောင်ချီလာရောက် ကြက်စားကြပြီး ဇင်ယော်တွေက ဘုရားဖူးစက်လှေများနောက်က ပျံဝဲကာ အစားကောက်ကြပါတယ်။