POST TYPE

PHOTO ESSAYS

ဓနုတိုင်းရင်းသားတို့ရဲ့ ကထိန်အလှူတော်
30-Oct-2016 tagged as ကထိန်

ဝါကျွတ်ကာလ ရောက်ပြီမို့ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေစပြီး တန်ဆောင်မုန်းလပြည့်အထိ မြန်မာနိုင်ငံ တစ်ဝန်းလုံး ကထိန်အလှူပွဲတော်တွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ကထိန်အလှူ ကျင်းပကြတဲ့အခါ ဒေသတစ်ခုနဲ့တစ်ခု မတူညီဘဲ ထူးခြားတာလေးတွေ ရှိနေတဲ့အထဲက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က ဓနုတိုင်းရင်းသားတို့ရဲ့ တောင်ပေါ်ဒေသ ကထိန်အလှူတော် မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ရွာဦးကျောင်းနဲ့ စေတီတော်ကို သုံးပတ်လှည့်လည့်ပြီးတဲ့ နောက်မှာတော့ ဂေါစရဂါမ်ကျေးရွာ အားလုံးက ဆွမ်းတော်ကြီး ကပ်လှူခြင်းကို တစ်ချိန်တည်း ပြုလုပ်ရပါတယ်။ အဲဒါပြီးမှ ကထိန်ခင်းတဲ့ ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ကို စုပေါင်းကန်တော့ကြတာ ဖြစ်ပါတယ်။ 

ကထိန်အကြိုညမှာ ပထမဆုံး လုပ်ရတာက ဆီမီးထွန်းလှည့်လည်ခြင်းပါ။ ဖယောင်းတိုင်ဆီမီးအပြင် လျှပ်စစ်မီးကိုပါ သွယ်တန်းပြီး ဘုန်းတော်ကြီးကျောင်းနဲ့ စေတီတော်ကို သုံးပတ်ပတ်ပြီး ဆီမီးပူဇော်ကြတာလည်း ဓနုတိုင်းရင်းသားတို့ရဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ 

ကထိန်ပွဲတော်နေ့မှာ ဂေါစရဂါမ်ကျေးရွာပေါင်း ခုနစ်ရွာကနေ ၁၀ ရွာအကြားအထိ လာရောက်ကြပြီး လှူဖွယ်ပစ္စည်းတွေ၊ ဆွမ်းတော်ပွဲတွေကို လူတစ်ရာဝန်းကျင်ခန့်က ဗျောစည်တွေနဲ့ စီတန်းလှည့်လည် လှူဒါန်းကြပါတယ်။

ဆွမ်းတော်ကြီးကပ် လှည့်လည်ပူဇော်ရာမှာ ရှေ့ဆုံးက ဗျော၊ စည်၊ မောင်း၊ လင်းကွင်းတွေနဲ့ တီးခတ်ပြီး သူရဲ့နောက်မှာတော့ ပန်းတောင်လို့ ခေါ်တဲ့ ဘုရားပွဲပန်းကို ပွေ့ပိုက်ထားတဲ့ သမီးပျိုငါးဦးကနေ ခုနစ်ဦးအထိ  လိုက်ပါရပါတယ်။ အဲဒီနောက်မှာတော့ ဆွမ်းတော်အုပ်နဲ့ ကန်တော့ပွဲတွေကို ရွက်ထားတဲ့ အမျိုးသမီးတွေ အစဉ်အတိုင်း လိုက်ရပါတယ်။ 

ကထိန်ပွဲတော်မှာ ပင့်သံဃာတော်တွေကို လှူဒါန်းမယ့် ငွေပဒေသာပင် တစ်ခုချင်းစီကို အကြည်ညိုခံတဲ့ အနေနဲ့ အမျိုးသမီးငယ်တွေက ကိုယ်စီကိုင်ဆောင်ပြီး လိုက်ပါလှည့်လည်လေ့ ရှိတာကို ကြည့်ခြင်းအားဖြင့် အရန်ကျောင်းတိုက် ဘယ်လောက်ရှိတယ် ဆိုတာကို သိသာစေပါတယ်။ 

ပန်းတောင်လို့ခေါ်တဲ့ ဘုရားပန်းကန်တော့ပွဲကို အပျိုစင်တွေသာ ကိုင်ဆောင်ခွင့် ရှိတာကြောင့် ခုနစ်ပေနီးပါးမြင့်တဲ့ ပန်းကန်တော့ပွဲ ပွေ့ပိုက်ခွင့် ရသူတွေဟာ အဲဒီပန်းတောင်တွေကို အမြတ်တနိုး ထားတတ်ကြတာလည်း ထူးခြားတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။