News

POST TYPE

PHOTO ESSAYS

ပုဂံဘုရားအဆူ ၄၀ တွင် QR ကုတ်များ ထပ်မံစိုက်ထူရန်ပြင်ဆင်
15-Nov-2018
မန္တလေး၊ နိုဝင်ဘာ ၁၄

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအဆူ ၄၀ ၏ ဘုရားသမိုင်းကြောင်းများကို လက်ကိုင်ဖုန်းများမှနေ၍ လေ့လာနိုင်မည့် ှQR ကုတ်များ စိုက်ထူနိုင်ရန် ပြင်ဆင်နေပြီဖြစ်ရာ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ကွန်ပျူတာ ပညာရှင်များ လာရောက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောကြားသည်။

အဆိုပါ QR ကုတ်များကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့်ပူးပေါင်း၍ လုပ်ဆောင်မည်ဖြစ်ရာ လက်ရှိတွင် ဘုရားသမိုင်းကြောင်းများ ထည့်သွင်းခြင်း၊ အသံသွင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း၊ ဘုရားများတွင် QR ကုတ်များ ထားရှိမည့် တိုင်ထောင်ခြင်းလုပ်ငန်းများနှင့် လိုအပ်ချက်များကို ဖြည့်စွက်နိုင်ရန် ပညာရှင်များ လာရောက်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိတွင် ပုဂံဘုရားအဆူ ၂၀ တွင် QR ကုတ်များစိုက်ထူထားပြီးဖြစ်ရာ ရှေးဟောင်းစေတီပုထိုး တစ်ဆူချင်းစီ၏ သမိုင်းကြောင်း အချက်အလက်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ဖော်ပြ ထားကြောင်း၊ စိုက်ထူထားသော QR ကုတ်ကို စကန်ဖတ်ယူကာ မိုဘိုင်းလ်ဖုန်းများဖြင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်မည့်အပြင် အသံစနစ်ဖြင့်လည်း နားဆင်နိုင်ကြောင်း ဦးဖြိုးပြည့်ကိုကိုက ရှင်းပြသည်။

QR ကုတ်များစိုက်ထူထားသည့် ပုဂံဘုရားများမှာ သဗ္ဗညု၊ သကျမုနိ၊ ကန်တော့ပလ္လင်၊ ပြသာဒ်ကြီး၊ နရသီဟပတေ့၊ မဟာဗောဓိ၊ ဗူးလည်သီး၊ ဓမ္မရာဇိက၊ သဗ္ဗူလ၊ စူဠာမဏိ၊ စေတနာကြီး၊ ဓမ္မရံ ကြီး၊ အာနန္ဒာ၊ ကုန်းတော်ကြီး၊ ရွှေဂူကြီး၊ ဗူးဘုရား၊ ရှင်အဇ္ဈဂေါဏဘုရားနှင့် မနူဟာဘုရားတို့ဖြစ်ပြီး ဩဂုတ်လအတွင်းကပင် စိုက်ထူတပ်ဆင်ထားခြင်းဖြစ်သည်။

M-05