News

POST TYPE

PHOTO ESSAYS

ရှေးဟောင်းရွှေအင်ပင်ကျောင်းကို ဓာတ်ပုံရိုက်ကူးခြင်း တားမြစ်
18-Oct-2018


မန္တလေး၊ အောက်တိုဘာ ၁၇

နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိပြီဖြစ်သော ရွှေအင်ပင်ကျောင်းတော်ကြီး ပုံရိပ်များကိုကူးယူခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ခွင့်မပြုတော့ကြောင်း ရွှေအင်ပင်ကျောင်းတိုက်၊ မိုးကုတ်ရိပ်သာမှ ကမ္မဋ္ဌာနာစရိယဆရာတော် ဦးဉာဏိန္ဒက မိန့်ကြားသည်။

“ဓာတ်ပုံရိုက်တဲ့သူတွေ မလာစေချင်တဲ့အတွက်ပေါ့။ ဓာတ်ပုံလာရိုက်တဲ့သူတွေလာရင် အိတ်တွေ၊ ခြင်းတွေနဲ့ ရှုပ်နေတာပဲ၊ ဘာတွေမှန်းလည်းမသိဘူး။ ခုလိုတားမြစ်ရတာက ဒီမှာရှိနေတဲ့ ရှေးဟောင်းပစ္စည်းတွေလည်း ပျောက်တယ်။ ရဟန္တာရုပ်တွေ၊ နတ်ရုပ်တွေပျောက်တယ်။ ဘုန်းကြီးအသုံးအဆောင်၊ ဖုန်းတွေပျောက်တာတွေ ရှိနေတယ်။ ဒီကို လူမျိုးစုံလာကြတယ်။ အဲဒီအခါမှာ တို့ကလည်းမစစ်နိုင်ဘူး။ သူတို့လာတဲ့အချိန်က ဘုန်းကြီးတွေ ဆွမ်းခံသွားတဲ့အချိန်လာတယ်။ ဆွမ်းစားကျောင်းတက်နေတဲ့ အချိန်လာတယ်။ ဦးပဉ္စင်းတွေ၊ ယောဂီတွေ တရားထိုင်နေတဲ့အချိန်တွေ လာကြတယ်။ ဒီအခါမှာ မစစ်နိုင်ဘူး။ ဟိုဟာပျောက် ဒီဟာပျောက်နဲ့ ကြာရင်တော့ မဖြစ်တော့ဘူးဆိုပြီး တားမြစ်လိုက်တာ” ဟု ဆရာတော်က မိန့်ဆိုသည်။

ရွှေအင်ပင်ကျောင်းသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ ရွှေအင်ပင်ကျောင်းတိုက် မိုးကုတ်ရိပ်သာအတွင်း တည်ရှိသည်။ 

ပြည်ပခရီးသွားများသည် ရွှေအင်ပင်ကျောင်းတော်ကြီး၏ ပုံရိပ်များကို ကူးယူခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းအပြင် ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးထားသည့်ပုံများကို ပြိုင်ပွဲများတွင်အသုံးချခြင်း၊ ပြက္ခဒိန်၊ ပို့စကတ်ထုတ်ခြင်း၊ ပြပွဲပြသခြင်း အစရှိသော လူမှုရေးလုပ်ငန်းများတွင်လည်း အသုံးမပြုရန် ကန့်ကွက်တားမြစ်ထားသည်။

ရွှေအင်ပင်ကျောင်းကြီးကို သူဌေးကြီး ဦးစက်ရွှင်က ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းထားခဲ့သည့်အတွက် လက်ရှိအချိန်တွင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀ ကျော်ရှိနေပြီ ဖြစ်သည်။ ရှေးဟောင်းကျောင်းတော်ကြီးဖြစ်သောကြောင့် သစ်သားပန်းပုလက်ရာ၊ ပန်းခက် ပန်းညွန့်၊ ပန်းနွယ် စသည်တို့ဖြင့် ရုပ်လုံးကြွစသော မြန်မာမှု လက်ရာမြောက်ကျောင်းကြီးဖြစ်သောကြောင့် ပြည်ပခရီးသွားများ လာရောက်လေ့လာရာ ကျောင်းကြီးလည်းဖြစ်သည်။

M-05