POST TYPE

PHOTO ESSAYS

ဂျပန်နှမ်း အမြင့်ဆုံးဈေးရောက်
03-Jul-2018

မန္တလေး၊ ဇူလိုင် ၂

မန္တလေးကုန်စည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ဂျပန်နှမ်းသည် လွန်ခဲ့သည့်သုံးနှစ်က စံချိန်တင်ဈေးနှုန်းထက် ဈေးပိုရကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်ရှိ ပဲ၊ နှမ်း ကုန်သည်အချို့ထံမှ သိရသည်။

လွန်ခဲ့သောသုံးနှစ်ခန့်က ဂျပန်နှမ်းဈေးသည် ၄၅ ပိဿာတစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်ဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ယခုရက်ပိုင်းတွင် ၁၆၄,၀၀၀ ကျပ် ဈေးနှုန်းအထိ ဈေးပေါက်နေကြောင်း မန္တလေးမြို့ပေါ်ရှိ ကျောက်ဆည်ပွဲရုံ လုပ်ငန်းရှင် ဦးမောင်စိုးက ပြောကြားသည်။

ယခုနှစ်တွင် ရာသီဥတုအခြေအနေကြောင့် နှမ်းအထွက်နည်းခဲ့ကာ ဈေးကွက်အတွင်း လက်ကျန်နှမ်းဟောင်း ပစ္စည်းပြတ်နေပြီး ဈေးကွက်လိုအပ်ချက် မြင့်မားနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဂျပန်နှမ်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အဓိကဝယ်ယူနေရာ ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှုနည်းနေသောကြောင့် ယခုထက် ဈေးဆက်တက်နိုင်သည့် အနေအထားရှိနေသေးကြောင်း မန္တလေးကုန်စည်ဒိုင်သို့လာရောက်သော ပဲ၊ နှမ်းကုန်သည်များက ခန့်မှန်းထားကြသည်။ 

ဇူလိုင်လ ၂ ရက်ဈေးနှုန်းအရ ဂျပန်နှမ်းဖြူ တစ်အိတ်လျှင် ၁၆၂,၀၀၀ ကျပ်ရှိကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေးကုန်စည်ဒိုင် ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နှစ်က ၄၅ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်ခဲ့သော ဂျပန်နှမ်းသည် ယခုနှစ်ဈေးကွက်ဖွင့်ချိန် ဇွန်လဆန်းပိုင်းက ၄၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၄၀,၀၀၀ ကျော်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် ကျပ် ၁၄၃,၀၀၀ မှ ၁၅၂,၀၀၀ ကြားရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ၁၆၄,၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်။

ဂျပန်နှမ်းကို ကျောက်ဆည်၊ ကူမဲ၊ မြစ်သားအနီးဝန်းကျင်နှင့် မတ္တရာနယ်တစ်ဝိုက် မတ်၊ ဧပြီလတို့တွင် စတင်စိုက်ပျိုး၍ ဇွန်၊ ဇူလိုင်တွင် ဈေးကွက်အတွင်း ဝင်ရောက်လေ့ရှိသည်။  

M-08

  • VIA