News

POST TYPE

PHOTO ESSAYS

ဝက်လက်တွင်ရိတ်သိမ်းခါနီး နွေနှမ်းဧက ငါးသောင်းကျော်ရေမြုပ်
09-Jun-2018

ရွှေဘို၊ ဇွန် ၉

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ဧက ငါးသောင်းကျော်မှာ ရေဝင်နစ်မြုပ်ခဲ့ကြောင်း ရွှေဘိုခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ခရိုင်အတွင်း နွေနှမ်းအများဆုံးစိုက်ပျိုးသည့် ဝက်လက်မြို့နယ်အတွင်း ရိတ်သိမ်းခါနီး နွေနှမ်းစိုက်ဧကငါးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး လက်ရှိပျက်စီးဧက ၁၀ ဧကရှိကြောင်း အဆိုပါဌာနထံမှသိရသည်။

“တစ်နယ်လုံး ရေနစ်တာပါ။ လုံးဝမရိတ်သိမ်းရတဲ့ အကွက်တွေရော ထိခိုက်ပျက်စီးတာတွေရော အကုန်လုံး ဧကထောင်ချီနိုင်တယ်”ဟု သားနားကျေးရွာဒေသခံတောင်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိနှမ်းခင်းများမှာ ရေနစ်မြုပ်နေဆဲဖြစ်၍ ရိတ်သိမ်းခါနီးနွေနှမ်းများကို ရိတ်သိမ်းနေကြရပြီး မမှည့်သေးသည့်နှမ်းများမှာ ရေနစ်ပျက်စီး၍ ရိတ်သိမ်းရတော့မည်မဟုတ်ကြောင်း ဝက်လက်မြို့နယ်ရှိသားနား၊ စိုင်နိုင်လေးနှင့်စိုင်နိုင်ကြီးကျေးရွာ ဒေသခံများထံမှစုံစမ်းသိရှိရသည်။

“ရိတ်သိမ်းခါနီး မိုးဆက်တိုက်ရွာတော့ နှမ်းတွေအလေအလွင့် အပျက်အစီးများတယ်။ ပုံမှန်နှမ်းက တစ်ဧကကို ၁၀ တင်းဝန်းကျင်ထွက်ရင်အခုလို မိုးမိ အခြောက်ခံနေလှန်း နေရာရွှေ့လုပ်ရတာကြောင့် တစ်ဧကခြောက်တင်း၊ ခုနစ်တင်းလောက်ပဲရနိုင်တယ်”ဟု ဝက်လက်မြို့နယ်ပါးနားကျေးရွာမှနှမ်း၂၅ ဧကစိုက် တောင်သူဦးဖိုးချိုက ပြောဆိုသည်။ 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှမ်းတစ်ဧကရိတ်သိမ်းခ ဈေးနှုန်းများမြင့်တက်လာသည့်အပြင် လမ်းမနှင့်ဝေးသည့် လယ်များမှ လမ်းပေါ်အထိ သယ်ယူမည်ဆိုပါက သယ်ယူစရိတ်ပင် ဈေးကြီးပေးနေရကြောင်း ယင်းဒေသခံများက ပြောကြားသည်။

“ရေနစ်တာက တော်တော်ဆိုးတယ်။ ဒီဘက်ကကုန်းပေါ်ကျလို့ ရေမြောင်းနဲ့နီးတဲ့အနိမ့်ပိုင်းတွေက တံစဉ်လွတ် (မရိတ်ရ) တာ များတယ်။ တစ်ဧကကို အရင်းအနှီးစိုက်စရိတ်က နှစ်သိန်းလောက်ရှိတယ်။ တောင်သူတွေအကုန်နီးပါး အရင်းတောင်မရနိုင်လောက်ဘူး”ဟု စိုင်နိုင်ကြီး ကျေးရွာတောင်သူဒေါ်မျိုးမျိုးက ဆိုသည်။

ရွှေဘိုခရိုင်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နွေစပါးစိုက်ဧက လေးထောင်ကျော်၊ နွေနှမ်းစိုက်ဧက ၅၂၁၅၆ ဧက၊ ပဲတီစိမ်းစိုက်ဧက ၄၁၃၈ ဧက ရေနစ်မြုပ်ခဲ့ပြီး ထိခိုက်မှုမှာ ရွှေဘိုတွင်နွေနှမ်းစိုက်ဧက ၃၀၄ ဧက၊ ပဲတီစိမ်း ၅၂၂ ဧက စုစုပေါင်းထိခိုက်ဧက ၈၂၆ ဧကရှိပြီး ကျန်မြို့နယ်များမှ ထိခိုက်စာရင်း ကောက်ခံနေဆဲဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါခရိုင်အတွင်း နွေစပါးစိုက်ဧက နှစ်သိန်းရှစ်သောင်းကျော်နှင့် အခြားသီးနှံဧက တစ်သိန်းကျော်စိုက်ပျိုးထားကြောင်း ယင်းဌာနထံမှသိရသည်။

အလားတူရွှေဘို၊ ခင်ဦးနှင့်ဒီပဲယင်းမြို့နယ်တို့တွင်လည်း နွေစပါး စိုက်ခင်းနှင့်အခြားသီးနှံခင်းများ ရေနစ်မြုပ်ခဲ့သော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုမှာ အတိအကျမရရှိသေးဘဲ စာရင်းကောက်ယူနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှသိရသည်။
 
R-09



  • VIA