News

POST TYPE

PHOTO ESSAYS

ဝက်လက်၌ ရေသွင်းရေထုတ်မြောင်းဖောက်ရာတွင် နှမ်းခင်းများဖျက်ဆီးခံရမှု ရှင်းလင်းပွဲလုပ်
04-Jun-2018

မုံရွာ၊ ဇွန် ၃ 

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စဥ့်ပါကျေးရွာတွင် ရေသွင်းရေထုတ်မြောင်းဖောက်မှုကြောင့် တောင်သူလယ်သမားသုံးဦး၏ နွေနှမ်းသီးနှံများ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူပေးရန် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၃ ရက်နေ့က မုံရွာမြို့ရှိ Chindwin Institute ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ဝက်လက်မြို့နယ် စဥ့်ပါကွင်း ၃၂၈၆ မောက်ကြိုးကွင်း ၃၁၃၆ ရှိလယ်သမား သုံးဦးပိုင်မြေ ၈ ဧကအပေါ် မေလ ၁၃ ရက်နေ့က စဥ့်ပါကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆည်မြောင်းဦးစီးဌာနမှတာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ အလျား ပေ ၂၀၀၀ ကျော် အနံ ၄ ပေရှိ မြောင်းကို ဖောက်လုပ်ရာတွင် လယ်သမားများ စိုက်ပျိုးထားသည့် နွေနှမ်းပင်များကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဖျက်ဆီးကာ မြောင်းဖော်သွားကြောင်း လယ်သမားတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းက ပြောကြားသည်။

“သွားတားပါတယ်၊ ရွာအုပ်ချုပ်ရေးမှူးရော ဆည်မြောင်းကတာဝန်ရှိသူကပါ ထောင်ချလို့ရတယ်။ ဒဏ်ငွေသုံးသိန်းဆောင်ရမယ် ခြိမ်းခြောက်လို့ ထိုင်ကြည့်နေရတယ်။ ပုံစံ (၇) ပေါက် လယ်မြေတွေဖြစ်ပါတယ်။ အာဏာသုံးခြိမ်းခြောက် နိုင်လိုမင်းထက်လုပ်တာကို သက်ဆိုင်ရာက အပြစ်ပေးအရေးယူစေချင်တာပါ”ဟု လယ်သမား ဦးကျော်စိုးလင်းက ပြောဆိုသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် တိုင်းမြေစာရင်း၊ တိုင်းဆည်မြောင်းတာဝန်ရှိသူတို့ကို တိုင်ကြားခဲ့ပြီး မေလ၂၃ရက်နေ့တွင် ခရိုင်မှတာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ကြောင်း လယ်သမား ဦးမျိုးမင်းထက်က ပြောကြားသည်။

အဆိုပါ မြောင်းမှာ ၁၉၄၇ ခုနှစ်၊ မြေစာရင်းမြေပုံအရ မှင်နီမြောင်းမှာ တရားဝင်မြောင်းဖြစ်ပြီး စဥ့်ပါမောက်ကြိုးကျေးရွာ ၂ ရွာမှ တောင်သူ ၄၄ ဦးက သက်ဆိုင်ရာသို့ စာတင်ကာ ရေသွင်းရေထုတ်မြောင်းကို ပြန်ဖော်ပေးရန်တောင်းဆိုသဖြင့် မြေစာရင်းဌာန အုပ်ချုပ်ရေးများပါဝင်ကာ မတ်လမှစတင်၍ တောင်သူများကို အသိပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းမြောင်းနေရာ၌ မည်သည့်အပင်မှမစိုက်ရန် ၎င်းတို့သုံးဦးကိုလည်း သတိပေးပြီးဖြစ်ကြောင်း၊ စက်ယန္တရားရရှိချိန်တွင် မြောင်းဖော်ဆောင်ရွက်ခြင်းဖြစ်၍ ယခုအခါ လယ်ဧက ၇၀ ကျော်ရေရနေပြီဖြစ်ပြီး ၎င်းသုံးဦးက တိုင်းအဆင့် တိုင်ကြားသဖြင့် စုံခုံဖွဲ့စစ်ဆေး၍ ယခုအတိုင်းဖြေရှင်းထားကြောင်း ဝက်လက်မြို့နယ်၊ ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်က ပြောကြားသည်။ 

“ကျွန်တော်တို့ဌာနက မည်သည့်တောင်သူမှ နစ်နာအောင်မလုပ်ပါဘူး။ တစ်ဌာနတည်းလုပ်တာ မဟုတ်ဘူး။ တခြားဌာနတွေရော ပါပါတယ်။ ဥပဒေနဲ့အညီ လုပ်ဆောင်တာပါ”ဟု ၎င်းက ပြောဆိုသည်။ 

R-08


  • VIA