News

POST TYPE

PHOTO ESSAYS

ဆိုင်းသံညံသော ရာသီချိန်
25-Sep-2016 tagged as သဘင်

ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်လကို ရောက်လာတော့မည်ဖြစ်လို့ အနယ်နယ် အရပ်ရပ်မှာ ဘုရားပွဲတွေ စတင်ပါတော့မယ်။ ဇာတ်ပွဲမပါတဲ့ ဘုရားပွဲတွေဟာ လူမစည်ကားလို့ ဘုရားပွဲ ပြုလုပ်မယ်ဆိုရင် လူစည်ကားဖို့ ဇာတ်သဘင်တွေကို မဖြစ်မနေ ငှားရမ်း ဖျော်ဖြေကြရပါတယ်။

သီတင်းကျွတ်တာနဲ့ ဇာတ်ကရာသီချိန် စတင်ပြီမို့ ဇာတ်သဘင်တစ်ခုမှာ လိုအပ်နေတဲ့ သတ်မှတ်လူဦးရေ ပြည့်မီအောင် ဇာတ်ကရာသီချိန် မရောက်ခင် မင်းသမီး၊ မင်းသား၊ လူရွှင်တော်၊ ဆိုင်းဆရာ စတဲ့ ဇာတ်သဘင်ပညာရှင်တွေကို ဇာတ်ဆရာတွေက ကြိုတင်ရှာဖွေရပါတယ်။

မော်လမြိုင်မြို့မှာရှိတဲ့ ဇာတ်သဘင်တွေဟာ ရွှေမြိုင်သီရိနယ်မြေမှာ အများဆုံး တည်ရှိတာမို့ ထိုနေရာကို ရောက်တာနဲ့ ဆိုင်းဝိုင်းသံတွေ၊ သီချင်းဆိုသံတွေကို ကြားနေရမှာပါ။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က ဇာတ်သဘင်တွေကို ပြီးခဲ့တဲ့ ဇာတ်ကရာသီက ငှားရမ်းမှု များခဲ့တာကြောင့် ယခုနှစ်မှာတော့ ဇာတ်သဘင် တည်ထောင်သူ ခုနစ်ဇာတ်အထိ တိုးမြင့်လာပါတယ်။

ဇာတ်ခေါင်းပြုတ်ချိန်လို့ ခေါ်ဆိုကြတဲ့ ဇာတ်ကရာသီ နားချိန်ဟာ ကဆုန်လဆုတ် ၈ ရက်နေ့ ဖြစ်တာကြောင့် ဇာတ်သဘင်ပညာရှင်တွေဟာ တစ်နှစ်အတွင်းမှာ ရှစ်လသာ ဇာတ်ကကြရပြီး ကျန်အချိန်တွေမှာ အခြားလုပ်ငန်းတွေ လုပ်ကိုင်ကြရပါတယ်။

ယခုနှစ်မှာတော့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက ဇာတ်သဘင်တစ်ခုမှာ သဘင်ပညာရှင် အနည်းဆုံး ၄၀ ဦးနဲ့အထက် ပါဝင်ရမယ့်လို့ သတ်မှတ်ထားပါတယ်။ မော်လမြိုင်မှာ သဘင်လုပ်သား ၁၅၀၀ ကျော် ရှိနေပါတယ်။