News

POST TYPE

PHOTO ESSAYS

ဖမ်းမိသစ်များ ခိုးထုတ်သည့်အဖွဲ့ကို အရေးယူရန် တရုတ်ထံ မြန်မာ အကြောင်းကြားမည်
25-May-2018

ရန်ကုန်၊ မေ ၂၄

ကချင်ပြည်နယ်တွင်း ဖမ်းဆီးရမိသော သစ်များကို ခိုးထုတ်သွားသည့် သစ်မှောင်ခိုအဖွဲ့ကို အရေးယူရန် တရုတ် အစိုးရထံ မြန်မာအစိုးရက အကြောင်းကြားရန် စီစဉ်နေကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ပြောကြားသည်။

မေလ ၂၄ ရက်က ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့များ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူရန် ဆော့လော် ဒေသနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံ တောင်စန်ခရိုင် နှစ်နိုင်ငံဆက်ဆံရေးရုံးသို့ စာပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမှုတွင် ပါဝင်သည့် ၎င်းကဆက် လက်ပြောကြားသည်။

ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာနှင့် ကန်ကုန်ကျေးရွာအကြား တောတွင်းတစ်နေရာတွင် စုပုံထားရှိသည့် ဖမ်းဆီးရမိသော သစ်လုံးနှစ်ထောင်ခန့် (တန် ၁၃၀၀) ကို တရုတ်သစ်မှောင်ခိုအဖွဲ့က သစ်ကားအစီးလေးဆယ်ခန့်ဖြင့် လာရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ဒီသစ်မှောင်ခိုတွေ တရုတ်တွေက ဒီချီဖွေမြို့နယ်အခြမ်းမှာ သစ်ပုံရှိတဲ့နေရာအထိ အရောက်သွားဖို့ဆိုရင် ဂိတ်တွေအများကြီးရှိတယ်။ အဲဒီသစ်မှောင်ခိုသမားတွေ ဝင်လာတာလည်း တွေ့တယ်။ ပြန်ထွက်သွားတာလည်းတွေ့တယ်။ တွေ့ရဲ့သားနဲ့ မဖမ်းဆီးနိုင်ဘူးဆိုတော့ အဲဒီဂိတ်မှာ တာဝန်ကျနေတဲ့ သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြည်နယ်ဝန်ကြီးကတော့ ပြောတယ်။ အဲဒီကိစ္စအရေးယူဖို့ နယ်လုံဝန်ကြီးကို ပြောထားပြီးပြီလို့လည်း သိရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအဖွဲ့သည် မေလ ၁၈ ရက် နေ့ကတည်းကစ၍ သစ်ကားအစီး ၄၀ နှင့် ခိုးထုတ်နေသည်ကို ဒေသခံများ၏ သတင်းပေးတိုင်ကြားမှုကြောင့် သိခဲ့ရပြီး အချိန်မီတားဆီးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ဒေသခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ ပြည်သူ့လွှတ်တော်၊ ကချင်ပြည်နယ်အစိုးရတို့ထံ စာပေးပို့ တိုင်ကြားခဲ့သည်။

အဆိုပါ သစ်လုံးပုံရှိရာနေရာသည် ပြည်သူ့စစ်တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်များသာရှိနေသည့် နေရာဖြစ်ပြီး ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် သစ်တောဝန်ထမ်းများလည်း လက်လှမ်းမမီသည့် နေရာဖြစ်နေခြင်းကြောင့် ယင်းသို့ ခိုးထုတ်နေမှုကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ဦးလာမာလေးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ ဒေသသို့ ဝန်ထမ်းများ စေလွှတ်ကာ အဆိုပါ သစ်ခိုးထုတ်မှုကို တပ်မတော်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များနှင့် ပူးပေါင်းတားဆီးရန် သစ်တောအရာရှိများကို စေလွှတ်ထားကြောင်း ကချင်ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

စကားဝါ၊ ထင်းရှူးသစ်များ ပါဝင်နေသော အဆိုပါ တန် ၁၃၀၀ ခန့်ရှိသည့် သစ်ပုံသည် ၂၀၁၇ ခုနှစ်ကုန်ပိုင်းက ဖမ်းမိခဲ့သည့်သစ်များဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရက သစ်ကုမ္ပဏီများကို ရောင်းချသွားရန် သစ်တောဦးစီးထံ ညွှန်ကြားထားပြီးဖြစ်ပြီး လာမည့် မေလကုန်အတွင်း ရောင်းချတော့မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

J-08