News

POST TYPE

PHOTO ESSAYS

မြန်မာသံရုံးက တိုင်ကြားသည့် ထိုင်းစက်ရုံသုံးရုံကို ထိုင်းအရာရှိများ စတင်စစ်ဆေး
24-May-2018

ရန်ကုန်၊ မေ ၂၃

ထိုင်းအလုပ်သမားဥပဒေကို လိုက်နာခြင်းမရှိ၍ မြန်မာသံရုံးက တိုင်ကြားခဲ့သော ထိုင်းစက်ရုံသုံးရုံကို မေလ ၂၃ ရက်မှစ၍ ထိုင်းအာဏာပိုင်များက စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။

အလုပ်ရပ်နားခြင်းကို ၁၅ ရက် သို့မဟုတ် တစ်လကြိုမပြောဘဲ ရပ်နားခဲ့သည့်အတွက် အဆိုပါစက်ရုံများမှ အလုပ်သမား ၆၀၀ ကျော် နစ်နာခဲ့ရသဖြင့် မြန်မာသံရုံးက မေလ ၂၂ ရက်က အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။

“သူတို့ဘက်စပြီး စစ်ဆေးနေပြီပေါ့နော်။ ထိုင်းသစ်စက်တွေကလည်း လုပ်ငန်းအဆင်မပြေတာတွေရှိတယ်။ အလုပ်အဆင်မပြေတော့ အလုပ်ရပ်ကြတာပေါ့။ ဒီနေရာမှာ ဥပဒေချိုးဖောက်တာ တွေရှိလာတယ်။ ကျွန်တော်တို့ဘက်က ကိုယ့်လူတွေမနစ်နာအောင် သွားညှိတဲ့အခါ မပြေလည်ဘူး။ အဲ့ဒါကြောင့် တိုင်ကြားတာပါ”ဟု ဦးစန်းမောင်ဦးက ဆိုသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံရှိ ထိုင်းသစ်စက်ရုံများ အော်ဒါအရနည်းလာပြီး လက်ရှိအချိန်တွင် စက်ရုံ ၂၀၀ ခန့်အကြောင်းအမျိုးမျိုး လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

“အရင် ၂၀၁၄၊ ၂၀၁၅ လောက်ကဆိုရင် အီးယူက အဝယ်ရပ်လိုက်တော့ ထိုင်းပင်လယ်စာစက်ရုံတွေ ရာနဲ့ချီပြီး ပိတ်လိုက်ရတာတွေရှိတယ်။ အခုလည်း အဲ့လိုပဲ သစ်လုပ်ငန်းက သက်ဆိုင်ရာဝယ်လက် နိုင်ငံတွေက အဝယ်နည်းလာတော့ သစ်စက်ရုံတွေထိလာတယ်”ဟု ဦးစန်းမောင်ဦးက ရှင်းပြသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်စက်အချို့မှ ထွက်ရှိသည့် သစ်အမျိုးမျိုး (Semi-Product) များကို အဓိကဝယ်ယူသည့် တရုတ်နိုင်ငံမှ သစ်လုပ်ငန်းရှင်အချို့ လုပ်ငန်းပိတ်သိမ်းမှုကြောင့် ထိုင်းနိုင်ငံရှိ သစ်လုပ်ငန်းအချို့ အဝယ်ရရှိမှု နည်းပါးလာပြီး လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေရောက်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေလ ၁၄ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ထိုင်းသစ်စက်ရုံများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းများ ဖြစ်ပေါ်လာပါက မြန်မာလုပ်သားများအနေနှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို ကျော်လွန်၍ ဆန္ဒပြတောင်းဆိုခြင်း၊ သပိတ်မှောက်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် နစ်နာမှုများရှိလာပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ နစ်နာမှုများကို တောင်းဆိုရန်နှင့် တရားမျှတမှုမရှိဟုယူဆပါက အလုပ်သမားသံအရာရှိရုံးများသို့ ဆက်သွယ်၍ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။

ယခုလဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်ရှိ ပင်လယ်စာထုတ် စက်ရုံ ရပ်နားမှုကြောင့် မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်ရပ်နားခဲ့ရပြီး နစ်နာကြေးများ ရရှိရန်နှင့် အလုပ်ပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။

ဝေလင်း

  • VIA