News

POST TYPE

PHOTO ESSAYS

ကန့်ဘလူတွင် ဒေါင့်သန်းရောဂါ သံသယရှိသူ ကိုးဦးတွေ့
09-May-2018
ရွှေဘို၊ မေ ၈

ကန့်ဘလူမြို့နယ်အတွင်း ရုတ်တရက် သေဆုံးသွားသည့် နွားကိုကိုင်တွယ်ခဲ့သူများတွင် ကိုယ်အရေပြား ဒေါင့်သန်းရောဂါ သံသယတွေ့ရှိခဲ့ရခြင်းကြောင့် ဓာတ်ခွဲစမ်းသပ်ရန် မန္တလေးဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာများပေးပို့ထားကြောင်း ကန့်ဘလူ မြို့နယ်ခုတင် ၁၀၀ ဆံ့ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာနေမိုးက ပြောကြားသည်။ 

ကန့်ဘလူမြို့နယ် ဘုတ်ဆန်းကုန်း ကျေးရွာတွင် ဧပြီလအတွင်းက ရုတ်တရက် သေဆုံးသွားသည့်နွားကို အမဲဖျက်ရာတွင် ကိုင်တွယ်ခဲ့သည့် ဘုတ်ဆန်းကုန်းကျေးရွာမှ ဒေသခံ ၇ ဦး၊ ဇီးဖြူကုန်းကျေးရွာမှ ဒေသခံ ၂ ဦးတို့တွင် ကိုယ်အရေပြား ဒေါင့်သန်းရောဂါလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် ကျေးရွာများအထိသွားရောက်ကာ ဆေးဝါးကုသပေးနေရကြောင်း ၎င်းကပြောဆိုသည်။

“သံသယရှိတဲ့အဆင့်ပါ။ လက္ခဏာက ပြတယ်။ မနာကျင်ဘဲ လက်တွေမှာ အနာပေါက်တယ်။ ဟင်းကောင်ကိုင်တဲ့သူ တွေပဲဖြစ်တာ။ ချက်ပြုတ်စားသောက်တဲ့သူတွေမှာ အဲဒီလက္ခဏာတွေ မတွေ့ရဘူး။ အခုဖြစ်တာ ကိုယ်အရေပြားပေါ်မှာ အနာဖြစ်တာ ကိုယ်အရေပြားဒေါင့်သန်း ရောဂါဖြစ်နိုင်တယ်လို့ သံသယရှိလို့ လူနာရဲ့အနာရည်တို့ပတ်ကို အမျိုးသားဓာတ်ခွဲခန်းကို ဓာတ်ခွဲနမူနာပို့ထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရောဂါဖြစ်ပွားပါက အချိန်မီဆေးဝါးကုသရန်လိုအပ်ပြီး အချိန်မီမကုသဖြစ်ပါက အသက်ပင်ဆုံးရှုံးနိုင်ကြောင်း ဒေါက်တာနေမိုးက ရှင်းပြသည်။

မိုးဦးကျချိန်တွင် ကျွဲ၊ နွားများ၌ ပေါင်ပုပ်လက်ပုပ်၊ ဒေါင့်သန်းရောဂါနှင့် ခွာနာလျှာနာရောဂါတို့အများဆုံးဖြစ်လေ့ရှိကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကျေးရွာများအထိ အသိပညာပေးခြင်းနှင့် ရောဂါကာကွယ်ဆေးကိုအစုလိုက်ထိုးနှံပေးခြင်းတို့ လုပ်ဆောင်သင့်ကြောင်း ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

R-09