News

POST TYPE

PHOTO ESSAYS

သရုပ်ဆောင် ကျော်သူနှင့် ဝတ်မှုံရွှေရည်တို့ ထန်းပင်များကို ကာကွယ်ရေး လှုပ်ရှားမှုတွင် ပါဝင်
06-May-2018


မန္တလေး၊ မေ ၆

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် ပရဟိတမင်းသားကြီး ကျော်သူတို့က ထန်းပင်များကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းစေလိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။

ကျောက်ပန်းတောင်းမြို့နယ် ရွာတန်းရှည်ကျေးရွာ တိုက်သစ်ဘုန်းတော်ကြီးကျောင်းတွင် မေလ ၆ ရက်နေ့ကဖွင့်သည့် ထန်းနှင့် ဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ထန်းတောင်သူဘဝ မြှင့်တင်ရေးဆိုင်ရာ လက်မှုပညာရက်တို သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထန်းပင်များ မရှိတော့ပါက အညာဒေသ၏ အလှအပများနှင့် ပုဂံဒေသ အလှအပတို့ အရုပ်ဆိုး အကျည်းတန်သွားမည်ဖြစ်ကြောင်း ဝတ်မှုံရွှေရည်က ပြောကြားသည်။

“ထန်းပင်တွေကို မဖြတ်ပါနဲ့။ မရောင်းပါနဲ့။ မခုတ်ပါနဲ့လို့ အားလုံး ကိုယ်စား ဒီနေရာကနေ တောင်းဆိုပါတယ်”ဟု ၎င်းကပြောဆိုသည်။

ထန်း၊ ဝါးတို့နှင့် ပတ်သက်သော လက်မှုပညာသင်တန်း သင်ကြားပေးတော့မည်ဖြစ်သောကြောင့် ထန်းပင်များနှင့်ပတ်သက်၍ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ၎င်းက ဒေသခံ ထန်းတောင်သူများကို အားပေးစကား ပြောခဲ့ခြင်းလည်းဖြစ်သည်။

အညာဒေသသည် ထန်းပင်များဖြင့် တင့်တယ်လှပသောဒေသဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရာ၌ ယခင်က ရွာဘေးတွင် ထန်းတောများအတွက် သဘာဝအလှကို ခံစားနိုင်ကြောင်း ဦကျော်သူက ပြောကြားသည်။

“ဘယ်နားသွားရှာရှာ ရှာလို့ရတယ်။ အခု ထန်းတောကို ရှာလို့မရတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

ပုဂံခေတ်က သူရဲကောင်း လေးဦးအနက် ထန်းတက်သူရဲကောင်း ငလုံး လက်ဖယ် ထိုင်ငိုရမည့် အနေအထားနှင့် ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့် ဒေသခံများအနေနှင့် ဝိုင်းဝန်းစောင့်ရှောက်ရန်လည်း ဦးကျော်သူက တိုက်တွန်းစကား ဆိုခဲ့သည်။ 

ထန်းပင်များသည် မြေအောက်ရေကို စုပ်ယူပေးနိုင်သည့် အကောင်းဆုံး အပင်များဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာန ပါမောက္ခ ဒေါက်တာ ဒေါ်ကလျာလူက ပြောကြားသည်။

“ထန်းပင်တွေသာ မရှိရင် ဒီဒေသဟာ ကန္တာရဆန်သွားလိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။ 

ကျောက်ပန်းတောင်းဒေသရှိ ထန်းပင်များသည် ကမ္ဘာပေါ်တွင် သကြားဓာတ် ပါဝင်မှု အများဆုံးဖြစ်ကြောင်း ဒေါ်ကလျာလူက ထပ်လောင်း ပြောဆိုသည်။

တော်ဝင်ထန်းအဖွဲ့က ဦးဆောင်ပြုလုပ်သော ထန်းနှင့်ဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ထန်းတောင်သူဘဝ မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်လက်မှုပညာ သင်တန်းကို ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေမည်ဖြစ်သည်။

M-08