News

POST TYPE

PHOTO ESSAYS

ထန်းတက်တောင်သူများ ဘဝမြှင့်တင်ရေး ထန်းနှင့်ဝါးဆိုင်ရာသင်တန်း ဖွင့်မည်
02-May-2018

မန္တလေး၊ မေ ၁

ကျောက်ပန်းတောင်းမြို့နယ် ရွာတန်းရှည်ကျေးရွာ၌ မေလ ၆ ရက်နေ့တွင် ထန်းနှင့် ဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ထန်းတက်တောင်သူဘဝမြှင့်တင်ရေး လက်မှုပညာ ရက်တိုသင်တန်းဖွင့်မည်ဖြစ်ကြောင်း တော်ဝန်ထန်းအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံဒေသအချို့၌ ဝါး၊ နှီး၊ ထန်းတို့ဖြင့် လက်မှုပစ္စည်းများ ရက်လုပ်နေသော်လည်း နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန်မူ ဒီဇိုင်း၊ တီထွင်ဆန်းသစ်မှုအပိုင်းတို့တွင် အချောထည်ထုတ်လုပ်ရေးအတွက် လိုအပ်ချက်အချို့ရှိနေသေးကြောင်း တော်ဝင်ထန်းအဖွဲ့ဝင် ဦးမြတ်ကောင်းစံက ပြောကြားသည်။

“လက်မှုထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်မှာပါ ရောင်းချနိုင်လာမယ်ဆိုရင် ထန်းပင်တွေကို ပြန်ပြီး တန်ဖိုးထားတတ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ဈေးကွက်ဝင်လက်မှုပစ္စည်းများ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဆိုပါက ဒေသခံများအနေနှင့် နေရပ်စွန့်ခွာရန် မလိုတော့ကြောင်း ကျောက်ပန်းတောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးမင်းဆန်းက ပြောကြားသည်။ 

“အခုလို သင်တန်းတွေလာဖွင့်တာ ကောင်းတာပေါ့ဗျာ၊ ဒီဒေသမှာအပေါဆုံးက ထန်းပင်။ အခုအချိန်မှာတော့ ထန်းတက်တောင်သူ ရှားနေတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုဖွင့်လှစ်မည့်သင်တန်းမှ ထွက်ရှိလာမည့်လက်မှုပစ္စည်းများကို ရန်ကုန်တွင် ပြပွဲတစ်ခုပြုလုပ်ကာ ခင်းကျင်းရောင်းချမည်ဖြစ်ပြီး ရရှိသောငွေကြေးကို သင်တန်းသူ သင်တန်းသားများကို ပြန်လည် ခွဲဝေပေးရန် တော်ဝင်ထန်းအဖွဲ့က စီစဉ်ထားသည်။ 

ထန်းနှင့်ဝါးဆိုင်ရာ လက်မှုပညာ ရက်တိုသင်တန်းကို တော်ဝင်ထန်းအဖွဲ့က ၁၀ ရက်တာ ဖွင့်လှစ်ပေးသင်ကြားပေးမည် ဖြစ်သည်။

M-08