News

POST TYPE

PHOTO ESSAYS

ငလျင်ဒဏ်သင့် သဗ္ဗညုဘုရားပြုပြင်ရန် တရုတ်ပညာရှင်များ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာ
26-Jan-2018



မန္တလေး၊ ဇန်နဝါရီ ၂၅

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သဗ္ဗညုဘုရားကြီးကို ပြုပြင်မှုများလုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ပညာရှင်များ ဒုတိယအကြိမ် ကွင်းဆင်းလေ့လာ သုတေသနလုပ်ဆောင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

သဗ္ဗညုဘုရားကိုပြုပြင်ရန် တရုတ်နိုင်ငံမှ ပညာရှင်များသည် ၂၀၁၇ ခုနှစ် မေလခန့်က ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ပျက်စီးမှုမှတ်တမ်း ကောက်ယူခြင်း၊ သမိုင်းကြောင်းများလေ့လာခြင်း၊ ကုန်ကျစရိတ် တွက်ချက်ခြင်းများပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။

“အရင်တစ်ဖွဲ့ကနေပြီးတော့ သမိုင်းကြောင်းတွေ သုတေသနတွေလုပ်ခဲ့တယ်။ ပျက်စီးမှုစာရင်းကောက်တယ်။ ဒါတွေကို သူတို့နိုင်ငံက သက်ဆိုင်ရာဌာနကိုတင်ပြတယ်။ သူတို့တင်ပြထားချက်တွေအပေါ်မှာ လာပြီးတော့ ထပ်ကြည့်တာပေါ့။ အခု ရောက်လာတဲ့အဖွဲ့က ဒီလဒုတိယပတ်လောက်ကစပြီး သုတေသနလုပ်နေတာပါ။ ကျွန်တော်တို့သိထားတာက ဒီနှစ်ထဲမှာပဲ ပြင်မယ်လို့ပဲသိထားတယ်”ဟု ၎င်းက ရှင်းပြသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့လှုပ်ခဲ့သည့် ငလျင်ကြောင့် သဗ္ဗညုဘုရား၏ အပေါ်ပိုင်းကွမ်းတောင်အခြေ ကွဲအက်ခြင်း၊ ကွမ်းတောင်အပါအဝင် ကွမ်းတောင်အောက်ခြေတိုင်များ ပျက်စီးခြင်းကို ဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို တရုတ်နိုင်ငံက ငွေကြေးအလုံးစုံ အကုန်အကျခံမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ပညာရှင်များနှင့် တရုတ်နိုင်ငံမှ ပညာရှင်များပူးပေါင်း၍ ယူနက်စကို၏ လမ်းညွန်ချက်များအတိုင်း ပြုပြင်မည်ဖြစ်ပြီး ပြုပြင်ရာတွင် လုပ်ဆောင်ရမည့် အချက်များကို သိရှိနိုင်ရန် နှစ်နိုင်ငံမှပညာရှင်များ မေလ ၂၅ ရက်နေ့က ပုဂံ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် တွေ့ဆုံဆွေးနွေးကာ သဘောတူလက်မှတ် ရေးထိုးထားပြီးဖြစ်သည်။

ငလျင်ကြောင့်ပျက်စီးခဲ့ရသည့် ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရန် နိုင်ငံတကာမှ ပညာရှင်များပါဝင်သည့် ညီလာခံတစ်ခုကိုလည်း အဆိုပါပြတိုက်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရန် အမေရိကန်ဒေါ်လာတစ်သန်း တရုတ်နိုင်ငံက လှူဒါန်းခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

သဗ္ဗညုဘုရားသည် ကွမ်းတောင်ပေါက်လိုဏ်လေးဆင့်ပါဝင်သော ဂူဘုရားဖြစ်ပြီး အလောင်းစည်သူမင်းက အေဒီ ၁၁၄၄ တွင် တည်ထားခဲ့ရာ ပုဂံဒေသရှိ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံး ဘုရားတစ်ဆူဖြစ်၍ ဉာဏ်တော်အမြင့် ၂၁၀ ပေရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ မှတ်တမ်းများအရ သိရသည်။

M-05