News

POST TYPE

PERSPECTIVE

စဉ်းစား ဝေဖန် သုံးသပ် ပြင်ဆင်ဖို့ လိုနေပြီဖြစ်သော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)
05-Jun-2017


ဒီတစ်ရက်နှစ်ရက်အတွင်း စိတ်ထိခိုက်လွန်းသဖြင့် စာရေးဖို့ပင် အာရုံစူးစိုက်မရနိုင်ခဲ့ပါ။ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ နှစ်ဦးကို တပ်မတော်ဘက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲလိုက်ပြီဆိုသော သတင်းကို စကြားကတည်းက သူတို့နှစ်ဦးအတွက် ရင်တထိတ်ထိတ် စိုးရိမ်ပူပန်နေခဲ့ရာက နောက်ဆုံးမှာတော့ အမှန်တကယ် အရေးယူခံလိုက်ရပြီ။

အမှန်တော့ တရားစီရင် ဆုံးဖြတ်ပြီးသည့်အဆင့်ကို မရောက်သေးဘဲ တရားစွဲဆို အမှုဖွင့်ထားခြင်း အဆင့်မှာပဲ ရှိနေသေးသော်လည်း ပြင်းထန်သော ထိုဥပဒေပြဋ္ဌာန်းချက်အရ အမှုစီရင် ဆုံးဖြတ်ခြင်း မပြီးစီးသေးမီမှာပင် ပြစ်ဒဏ်ကျခံရသည်နှင့် အလားသဏ္ဌာန်တူသော ချုပ်နှောင်ဖမ်းဆီး ထိန်းသိမ်းထားခြင်းကို ခံလိုက်ရသည်။

ထိုပုဂ္ဂိုလ်များသည် အများပြည်သူကို အန္တရာယ်ပြု အနှောင့်အယှက် ပေးနေသည့် လူဆိုးဓားပြ ခါးပိုက်နှိုက်တွေလည်း မဟုတ်။ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်လိုဖျက်ဆီးပြုမည့်သူတွေလည်း မဟုတ်။ အများပြည်သူ ကောင်းရာ ကောင်းကျိုး လမ်းညွှန် တည့်မတ်ပေးနေသည့်  နိုင်ငံတော်၏ စတုတ္ထမြောက် ထောက်တိုင်တာဝန်ကို ထမ်းရွက်ပေးနေကြ သည့် မီဒီယာသမားများသာ ဖြစ်သည်။ လူ့ဂုဏ်သိက္ခာအပြည့်ဖြင့် လူသားအကျိုးကို ထမ်းရွက်ပေးနေကြသူတွေ ဖြစ်သည်။ ထိုသူများကို တရားစီရင် ဆုံးဖြတ်ခြင်း မပြုသေးမီအတွင်း ဖမ်းဆီးချုပ်နှောင်ထားခြင်းကတော့ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး ရှုထောင့်ကကြည့်လျှင် လွန်စွာ ပြင်းထန် အရုပ်ဆိုး အကျည်းတန်လွန်းလှသည်။ အထူးသဖြင့် ဒီမိုကရေစီ အစိုးရပါဟုဆိုနေသည့် ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရ လက်ထက်ကျခါမှ ဤအဖြစ်မျိုး ကြုံရခြင်းမှာ အလွန် ဝမ်းနည်းစရာ ကောင်းလှပါသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်လာလျှင် (မည်သူက မည်သူကိုဖြစ်စေ) မည်သည့်တရားစွဲဆို အရေးယူမှုမျိုးကိုမျှ မထောက်ခံနိုင်ပါ။ ဒီဥပဒေပုဒ်မက လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် ပြင်းထန် သော ဥပဒေပုဒ်မ ဖြစ်သည်။ ဒီဥပဒေကို ယခင်အစိုးရလက်ထက် လွှတ်တော်က ပြဋ္ဌာန်းခဲ့သော်လည်း ယခုအစိုးရလက်ထက်အထိ မပြု မပြင် သုံးစွဲနေခြင်းက အံ့အားသင့်စရာ ဖြစ်နေသည်။ တရားဝင် မှတ်တမ်းအရ ပြီးခဲ့သည့် အစိုးရလက်ထက်က ဒီဥပဒေဖြင့် အရေးယူမှု ၇ မှုသာ ရှိသော်လည်း ယခုအစိုးရလက်ထက်မှာ ၆၇ မှုအထိ ရှိနေသည်ဟု သိရသည်။

မေးစရာမေးခွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ ၃၅၄ (က) ပါ နိုင်ငံသားတိုင်း မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိရမည်ဆိုသော အခြေခံနိုင်ငံသားအခွင့်အရေးကို မျက်ကွယ်ပြုနေပြီလားဆိုတာ ဖြစ်သည်။

လူတစ်ဦးက လူတစ်ဦးအပေါ်၊ လူတစ်ဦးက အဖွဲ့အစည်းတစ်ခုအပေါ် အသရေဖျက်ခြင်း (Libel) မှာ တရားဝင် ပြဋ္ဌာန်းထားသည့် ဥပဒေတွေ ရှိသည်။ နိုင်ငံတကာမှာတော့ တရားမမှုထဲမှာ အကျုံးဝင်ပြီး သက်ဆိုင်ရာ တရားရုံးများမှာ နှစ်ဖက် ဦးတိုက်ငြင်းခုံပြီး ပြစ်မှုမြောက်လျှင် အရေးယူခံရမည်။ သို့သော် ရာဇဝတ်ပြစ်မှုတစ်ခုအဖြစ် ပြင်းပြင်းထန်ထန် မသတ်မှတ်။ ဒီမှာတော့ ယခင်ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့သည့် ဥပဒေရှိသည်။ ပုဒ်မ ၅၀ဝ။

ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အခြေခံရပိုင်ခွင့်ကို ခြိမ်းခြောက်လာနေသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်က ဘယ်လို သဘောထားရှိနေသလဲ။ ဘယ်လို စဉ်းစားထားသလဲ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အယူအဆကို ကြည့်ကြရအောင်။

“၆၆ (ဃ) ဥပဒေသည် ကျွန်တော်တို့ ပြဋ္ဌာန်းခဲ့တာ မဟုတ်ဘူး။ ပထမအကြိမ်သက်တမ်းက ပြဋ္ဌာန်းခဲ့တာ၊ ပထမအကြိမ်သက်တမ်းက ပြဋ္ဌာန်းခဲ့တာဆိုတော့ ဒါကို ခြေခြေမြစ်မြစ် ပြောမယ်ဆိုလို့ရှိရင် ၆၆ (ဃ) နဲ့ပတ်သက်လို့ ပထမဦးဆုံးရှိတာက ကျွန်တော်တို့ ဒီနေ့ ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ ရှိတယ်။ အဲဒီတော့ သူက လူတစ်ယောက်ကို ဂုဏ်သိက္ခာကျအောင် အသရေဖျက်တယ်၊ သူ့ရဲ့ သိက္ခာနဲ့လျော်ညီစွာ မဟုတ်ဘဲနဲ့ အသရေ ဖျက်ဖို့ ဂုဏ်သိက္ခာကျဖို့ စာနဲ့ပဲဖြစ်ဖြစ်၊ ပေနဲ့ပဲဖြစ်ဖြစ်၊ အရုပ်နဲ့ပဲဖြစ်ဖြစ်၊ သင်္ကေတနဲ့ပဲဖြစ်ဖြစ်၊ အပြောအဆိုနဲ့ပဲဖြစ်ဖြစ် ဖျက်တယ်ဆိုရင် သူက ထောင်ဒဏ် ၂ နှစ်ထိလည်း စီရင်ချက် ချလို့ရတယ်။ ဒဏ်ငွေလည်း ချလို့ ရတယ်။ ဒဏ်ငွေနဲ့ ထောင်ဒဏ်နဲ့လည်း တွဲချလို့ရတယ်။

၂ နှစ်တိတိ ဆိုပေမယ့် ၂ နှစ်ချရမယ်လို့ မဆိုလိုဘူး။ ဒါ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား။ သူ့ရဲ့သုံးစွဲတဲ့ ပြစ်မှုကျူးလွန်တဲ့ အတိမ်အနက်ပေါ်မှာ ပြစ်ဒဏ်ရဲ့ အကြီးအသေးက ဒါ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား။ ဒါက ပုဒ်မ ၅၀ဝ။ ကောင်းပြီ။ ၆၆(ဃ) မတိုင်မီ အီလက်ထရောနစ် အက် ဥပဒေဆိုတာ ရှိတယ်။ အီလက်ထရောနစ် အက်ဥပဒေက ၃၄ (ဃ)။ အဲဒီ ၃၄ (ဃ) မှာလည်း အီလက်ထရောနစ် တစ်ခုခုနဲ့ စက်ပစ္စည်းတစ်ခုခုနဲ့ လုပ်မယ်ဆိုရင် မူလဥပဒေက ထောင်ဒဏ် ၅ နှစ်၊ နောက်တစ်ခုက ကျွန်တော်တို့က ပြီးခဲ့တဲ့သက်တမ်းမှာပဲ ကျွန်တော်တို့ အချင်းချင်း ညှိနှိုင်းကြ၊ ဆွေးနွေးကြပြီးတော့ ၅ သိန်းကနေ သိန်း ၅၀ အထိ ဒဏ်ငွေ ဒါကို ပြောင်းခဲ့တယ်။ အဲဒီ အီလက်ထရောနစ်ပြီးတော့မှ ဆက်သွယ်ရေးဥပဒေ ပါတယ်။ အဲဒီဆက်သွယ်ရေးဥပဒေကလည်း ဒီကာလ ဒုတိယအကြိမ် လွှတ်တော်မှာ ပြဋ္ဌာန်းတာ မဟုတ်ဘူး၊ ပထမအကြိမ် လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တယ်။

အခု ၆၆ (ဃ) လာတဲ့အခါကျတော့ အခု မီဒီယာတွေကလည်း ဒါကို ပြောကြတယ်။ ရေးကြတယ်။ ကျွန်တော့်ဆီလည်း တချို့သံအမတ် လေး၊ ငါးယောက်၊ နောက်ပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေပေါ့နော်။

ပညာရှင် အမျိုးသမီးတွေလည်း ဒီလိုပဲ လာဆွေးနွေးပါတယ်။ ဆွေးနွေးတော့ ဥပဒေရဲ့ သဘောက တရားမျှတရမယ်။ သူ့မှာ ပြောခွင့်မရှိဘူးဆိုတာ မဟုတ်ဘူး။ ရှိတယ်။ သူပြောတာ သူ တာဝန်ယူရမယ်။ ဘယ်လို တာဝန်ယူရမလဲ။

သူ့မှာ အထောက်အထား ရှိတယ်၊ မှန်တာ ပြောတယ်၊ ဟုတ်တာ ပြောတယ်ဆိုရင် သူ့မှာ ကင်းလွတ်ခွင့်ရတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်မှာ အထောက်အထားလည်း မရှိဘူး၊ လူတစ်ယောက်ကို မလိုမုန်းထားနဲ့ ဂုဏ်သိက္ခာကျအောင် သူ ဒီလိုကြီး ပြောနေမယ်ဆိုရင် အဲဒါကို အရေး မယူရဘူးဆိုရင် အဲဒါ ဥပဒေ မဟုတ်တော့ဘူး။ ဟိုဘက်ကလည်း ဥပဒေအရ ခံစားခွင့်ပေးရမယ်။ ဥပဒေ အကာအကွယ်တော့ သူ့ပေးရမယ်။ သူ့မှာ တစ်ဖက်ကလည်း ပြောခွင့်ရှိသလို၊ တစ်ဖက်ကလည်း ဥပဒေအရ ကာကွယ်ခွင့်တွေ ရှိနေရတယ်။ ပြောခွင့်ရှိတယ်၊ အထာက်အထား ရှိတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လူတစ်ယောက်ကို မင်းကတော့ အပြောချည်းခံ၊ ငါကတော့ ပြောမယ်ဆိုရင် အဲဒါ ဘယ်လို တရားမျှတမှု ရှိမလဲ။ ဒါတစ်ချက်။

နောက်တစ်ခုက အဲလိုဆိုလို့ရှိရင် လူ့အဖွဲ့အစည်း ဘယ်လိုတည်ငြိမ်မလဲ။ ဥပဒေရဲ့ အာနိသင်မရှိဘူးဆိုရင် လူ့အဖွဲ့အစည်း ဘယ်လိုတည်ငြိမ်မလဲ။ သူကလည်း သူ့ပြော၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဟိုရပ်ရွာ ဒီရပ်ရွာ ပြော၊ ဟိုအဖွဲ့က ဒီအဖွဲ့ပြော၊ ပြောချင်တာ ပြောဆိုရင်တော့ လူ့အဖွဲ့အစည်း မတည်ငြိမ်တော့ဘူး။

အဲဒီတော့ ဥပဒေမရှိတဲ့ မင်းမဲ့စရိုက် ဖြစ်သွားမယ်။ ဆိုတဲ့အခါကျတော့ အခု ပြောခွင့်မရှိဘူးဆိုတာ မရှိဘူး၊ ပြောခွင့်ရှိတယ်။ လွတ်လပ်စွာ ပြောဆို ထင်မြင်ယူဆခွင့် ဆိုတာက ထုတ်ဖော်ခွင့်ဆိုတာက ကျွန်တော်တို့ တချို့လူတွေက နားလည်မှု လွဲနေကြတယ်။

လွတ်လပ်စွာ ပြောဆို ထင်မြင်ယူဆခွင့်ဆိုတာ လွတ်လပ်စွာ ဝေဖန် တိုက်ခိုက်ခွင့်၊ လွတ်လပ်စွာ ဆဲဆိုခွင့်၊ လွတ်လပ်စွာ ပုတ်ခတ်စော်ကားခွင့်နဲ့ သွားလွဲနေတယ်။ အခုဖြစ်နေတဲ့ ပြဿနာက လွတ်လပ်စွာ ဝေဖန်တိုက်ခိုက်ပုတ်ခတ် စော်ကားနေတဲ့သူတွေက အဲဒါကို သူ့ကို ကင်းလွတ်ခွင့် ပေးရမယ်တဲ့။ ဟိုဘက်က တစ်ဖက်စောင်းကြီး ခံရတယ်ဆိုရင် ဒါက ဥပဒေ မဟုတ်တော့ဘူး၊ ဒါက တစ်ချက်။

နောက်တစ်ချက်က တချို့က ပြောတယ်။ ဒါ ဥပဒေပိုင်းဆိုင်ရာအရ ဆိုတော့ ပိုရှင်းပြမှ လိပ်ပတ်လည်လိမ့်မယ်။ တချို့က ပြောတယ် မဟုတ်ဘူး။ အဲဒါဆိုလို့ရှိရင် ကျွန်တော် ခုနကပြောခဲ့သလို ပုဒ်မ ၅၀ဝ အရ ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ အဲဒီလိုလုပ်ပါလားတဲ့။

ဆိုတဲ့အခါကျတော့ ဟိုက ပုဒ်မ ၅၀ဝ အရက နှုတ်နဲ့ပြောရင်၊ အခု ဒီမှာပြောရင် ဒီလူလောက်ပဲ သိမှာ၊ လက်ဖက်ရည်ဆိုင်မှာပြောရင် လက်ဖက်ရည်ဆိုင်လောက်မှာပဲ သိမှာ၊ ရပ်ထဲရွာထဲမှာပြောရင် ရပ်ထဲ ရွာထဲလောက်ပဲ သိမှာ။

အခု ဒီ ၆၆ (ဃ) က အဲဒီလို မဟုတ်ဘူး။ သူက အွန်လိုင်းတင် လိုက်တဲ့အခါကျတော့ ဒီနေရာတည်းတင် သိတာမဟုတ်ဘူး၊ ဆိုတော့ ဟိုဟာက ၂ နှစ်၊ ဒီဟာက ၃ နှစ်၊ ဘာများလို့လဲ။ တစ်နှစ်ပဲ ကွာတယ်။

ဒါပေမဲ့ Cause and Effect က ခံရတာ နည်းနည်းနောနော မဟုတ်တော့ဘူး။ ဒီရပ်ရွာနဲ့ ဒီလူ့အဖွဲ့အစည်းပဲ သိတာမဟုတ်ဘူး။ ပြည်တွင်း ပြည်ပအကုန် ပြန့်ထွက်သွားပြီ၊ တားလို့လည်း မရတော့ဘူး၊ ဒီလိုရှိတယ်။

ရှိတဲ့အခါကျတော့ လူတွေက ပြောတယ်၊ ၂ နှစ် လျှော့ပါလားတဲ့။ Cause and Effect က မတူဘူး။ ထိရောက်မှုလည်း မတူဘူး။ ဒီ ၃ နှစ် ဆိုတဲ့ဟာကလည်း ဥပဒေသဘောနဲ့ ပြောမယ်ဆိုရင် သတ်မှတ်ထားတာ။ တရားဥပဒေက ၃ နှစ် သတ်မှတ်လို့ ၃ နှစ်ချ ၆ လ ချလည်း ရတယ်၊ တစ်လချလည်း ရတယ်၊ တစ်ပတ်ချလည်း ရတယ်။ ဒါက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ် မူတည်တာ၊ ဥပဒေက အမြင့်ဆုံးကို သတ်မှတ်ထားတာ။

ထို့အတူပဲ တချို့က ၃ နှစ်မို့လို့ အာမခံ မရဘူးဆိုပြီး ပြောကြပါတယ်။ အာမခံ မရဘူးပေါ့၊ အာမခံကလည်း တရားသူကြီးက သူ့ဆင်ခြင်တုံတရားက ပေးရင်ရတယ်၊ လုံးဝ မပေးရဘူးဆိုတာ မဟုတ်ဘူး။ လူတွေက ဥပဒေကို မသဲကွဲဘူး၊

မသဲကွဲဘဲနဲ့ ရေးပြောနေတော့ ခက်နေတယ်။ ကျွန်တော် ပြောပြမယ်။ တရားသူကြီးက သူ့ဆင်ခြင်တုံတရားနဲ့ ဒါ အမျိုးသမီးဖြစ်တယ်၊ ကလေးသူငယ်ဖြစ်တယ်၊ သက်ကြီးရွယ်အိုဖြစ်တယ်၊ အိုမင်းမစွမ်းဖြစ်တယ်၊ ကျန်းမာရေး မကောင်းဘူး စသဖြင့် အာမခံပေးလို့ရတယ်။

လူသတ်မှုတောင် အာမခံ ပေးလို့ရတယ်။ အဲဒီအနေအထား ရှိပါတယ်။ အဲဒီအနေအထားရှိတဲ့အခါကျတော့ အခုက အပြင်မှာ ဖြစ်နေသလို ပြောမယ်ဆိုရင် မီဒီယာတွေ ဖြစ်စေချင်သလို ပြောမယ်ဆိုရင် သူတို့ကတော့ သူတို့ ရေးချင်တာရေးမယ်၊ ပြောချင်တာပြောမယ် အပြောခံရတဲ့သူက ခံဆိုရင်၊ သူတို့ကတော့ ဥပဒေ လွတ်လပ်ခွင့်အပြည့်ပဲ ကျန်တဲ့သူတွေက ခံဆိုတဲ့အခါကျတာ့ ကျွန်တော်တို့က ဒါကို မျှမျှတတ ဖြစ်အောင် ချိန်ရတယ်။ ဥပဒေဆိုတဲ့ သဘောတရားအရကိုက တရားမျှတမှု ရှိရမယ်။ ဥပဒေ ဆိုတာဟာက ချိန်ခွင်လျှာ။

ဟိုဘက် ဒီဘက် မစောင်းရဘူး။ ဒီလိုပဲ ဒီဘက်က ပြောတဲ့သူက ပြောသလို၊ ဟိုဘက်က ခံရတဲ့သူကိုလည်း ဥပဒေအရ ကာကွယ်မှု ပေးရမယ်။ မဟုတ်ရင် သတ်ပွဲတွေ ဖြစ်ကုန်မှာပေါ့။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်မှာပေါ့၊ မတည်မငြိမ်တွေ ဖြစ်ကုန်မှာပေါ့။

မတည်မငြိမ်ဖြစ်တော့ ယန္တရားပျက်ရော။ ယန္တရားပျက်ရင် ဘာဖြစ်မလဲ။ ဒီမိုကရေစီက ရဦးမလား။ ကျွန်တော်တို့ အများကြီး စဉ်းစားရတယ်။ ဒါကြောင့်မို့ ဟုတ်ပါတယ်။ အကြံပေးတာက အကြံပေးတာပဲ။ လွှတ်တော်မှာတော့ ယနေ့အထိတော့ ဘယ်ကိုယ်စားလှယ်၊ ဘယ်ကော်မတီ၊ ဘယ်အစိုးရအဖွဲ့ကမှ ဒါကို တင်ထားတာ မရှိဘူး”။(ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ အင်တာဗျူး ကောက်နုတ်ချက်)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားအမြင်က ဥပဒေအရ ကြောင်းကျိုးဆီလျော်မှုရှိသည် ဆိုနိုင်သော်လည်း ပြစ်မှုအပေါ် အရေးယူမှုပိုင်းမှာတော့ နိုင်ငံသားတစ်ဦး၏ လူ့ဂုဏ်သိက္ခာကို များစွာ ထိခိုက်နေသည့်အချက်က လွှတ်တော်အနေနှင့် ပြန်လည် စဉ်းစားသုံးသပ်ရမည့်ကိစ္စဟု ထင်သည်။ ရဲအရေးပိုင်သော ဥပဒေပြဋ္ဌာန်းချက်တွင် ပြစ်မှုမြောက်ကြောင်း တရားရုံးက အဆုံးအဖြတ် မပေးမီ လူတစ်ဦးကို ဖမ်းဆီး ချုပ်နှောင်ထားခြင်းမှာ နိုင်ငံ၏ပုံရိပ်၊ အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေပြီး အရုပ်ဆိုး အကျည်းတန်စေသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အာမခံချက်ကို ချိုးဖောက်ရာ ရောက်နေသည်။

အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့၏ ဖြစ်ရပ်အပေါ် ယခင်ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်၏ မှတ်ချက်ကလည်း စိတ်ဝင်စားစရာ ကောင်းသည်။

“ဂျာနယ်မှာပါတဲ့ ရေးသားမှုတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို ပုဒ်မ ၆၆ နဲ့ တရားမစွဲသင့်ဘူးလို့ ကျွန်တော်က ရေးတဲ့အခါ ဘာ့ကြောင့်လဲလို့ မှတ်ချက်လာရေးသူတွေ အများကြီး တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ခံယူချက် Concept ကို ရှင်းအောင် ပြောပြချင်ပါတယ်။ ဒါဟာ ဥပဒေကို ဖွင့်ဆိုတာ မဟုတ်ပါဘူး။ မူဝါဒချမှတ်သူတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ချိန်က ဘာ့ကြောင့် ၆၆ မသုံးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ စဉ်းစားချက်ကို ရှင်းပြတာ ဖြစ်ပါတယ်။

၁။ သတင်းမီဒီယာကို တရား မစွဲရဘူးလို့ မပြောဘူး။ လူတိုင်း အဖွဲ့အစည်းတိုင်း ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဥပဒေရဲ့ အကာအကွယ်ကို ရယူခွင့် ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သတင်းမီဒီယာ ဥပဒေနဲ့ သံတော်ဆင့်ကို၊ အသရေဖျက်မှုနဲ့ အလဲဗင်းကို တရားစွဲခဲ့ပါတယ်။

၂။  သတင်းစာ/ ဂျာနယ်မှာ ရေးသားတာဟာ ပုံနှိပ်မီဒီယာ အပေါ်မှာ ဖော်ပြတာ ဖြစ်ပါတယ်။ ဂျာနယ်မှာ ရေးတဲ့ဆောင်းပါး အွန်လိုင်းပေါ် တင်တယ်ဆိုတာက ပုံနှိပ်ဥပဒေမှာကိုက ထုတ်ဝေခွင့်ရတဲ့အခါ အွန်လိုင်းတင် ခွင့်ရတဲ့အတွက် Secondary Action ဆင့်ပွားလုပ်ရပ် ဖြစ်သွားပါပြီ။ ဖေ့ဘွတ်မှာ ရေးသလို အွန်လိုင်းသက်သက်တင်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဂျာနယ်မှာပါတဲ့ ရေးသားချက်နဲ့ပတ်သက်ပြီး သတင်းမီဒီယာဥပဒေ သို့မဟုတ် အသရေဖျက်မှုနဲ့ပဲ တရားစွဲသင့်တယ်လို့ ကျွန်တော် ယူဆတာ ဖြစ်ပါတယ်။

၃။ နောက်ဆုံးအချက်က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေအကာအကွယ်ကို ရယူတဲ့ရည်ရွယ်ချက်က မိမိဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တယ်လို့ ယူဆတဲ့သူကို ဥပဒေအရ ထိုက်သင့်တဲ့ အရေးယူ အပြစ်ပေးတာ ခံရစေဖို့ဖြစ်ပါတယ်။ သူ့ကို “သူရဲကောင်းဖြစ်အောင် လုပ်ပေးဖို့ မဟုတ်ပါဘူး”။ ဝေဖန်စဉ်းစားသုံးသပ်နိုင်ဖို့ပါ။”( ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ ...)

ချစ်ဝင်းမောင် (၄-၆-၂၀၁၇)

  • VIA