News

POST TYPE

PERSPECTIVE

Facebook နှင့် ကုလားကပေးသော သင်ခန်းစာ
01-Jun-2017

ယခုကာလတွင် လူမှုကွန်ရက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်း အကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလားဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ် မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။ 

အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် NGO အချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။

တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရ အသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ဝ ခန့် ရှိနေပြီဖြစ်ပြီး စတင်သုံးစွဲစဉ်ကတည်းက နှိမ်ချပြောဆို ဆက်ဆံရန် အသုံးပြုခြင်းဖြစ်ဖွယ် ရှိကြောင်း အထောက်အထား များများစားစား မရှိပေ။ 

မြန်မာ ဝေါဟာရများတွင်လည်း ကုလားဟူသည့် အသုံးအနှုန်းအပြင် ပဲကုလားဟင်း၊ ဆေးကုလားမ၊ သရက်သီး ကုလားတည်၊ ကုလားအော်သီး၊ သစ်ကုလားအုတ်၊ ငှက်ကုလားအုတ်၊ ကုလားတက်၊ ကုလားထိုင်၊ ကုလားတန်မြစ် စသည်ဖြင့် အခြား အသုံးအနှုန်းများ အမည်နာမများလည်း ရှိသေးသည်။ ကုန်းဘောင်ခေတ် မြန်မာပညာရှိ စာပေပညာရှင်ကြီး တစ်ဦးအမည်မှာလည်း ဦးကုလား ဖြစ်လေသည်။ ယနေ့ခေတ်ကာလများတွင် ကုလားဆိုသည့် စကားလုံးသည် အိန္ဒိယဘက်မှ မြန်မာပြည်သို့ ရွှေ့ပြောင်း အခြေချလာသည့် လူမျိုးနွယ်စုတစ်ခုကို ယေဘုယျအားဖြင့် ရည်ရွယ်ပြောဆိုခြင်း ဖြစ်သော်လည်း နှိမ်ချဆက်ဆံသည့် Hate Speech တစ်ခု ဟုတ် မဟုတ်ဆိုသည်မှာ အသုံးပြုသူ၏ စေတနာ၊ ရည်ရွယ်ရင်းတို့နှင့်သာ တိုက်ရိုက် သက်ဆိုင်မည်ဟု ယူဆမိသည်။  

သတင်းများနှင့် Facebook အသုံးပြုသူများ၏ ဖော်ပြချက်များအရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Facebook Team ၏ အရေးယူမှုများကြောင့် “ကုလား”စကားလုံးအား သုံးနှုန်းခဲ့သည့် အင်တာနက်သုံးစွဲသူများ၏ Account များ Like နှင့် Comment လုပ်၍မရခြင်း၊ Post များ ဖြုတ်ချခံရခြင်းနှင့် Account ယာယီ အပိတ်ပင်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် ပြည်တွင်း Facebook အသုံးပြုသူများက တုံ့ပြန်ပုံမှာ “ကုလား” ဆိုသည့် ဝေါဟာရနှင့် ယင်းနှင့်ဆက်နွှယ်နေသည့် စကားလုံးများကို လူမှုကွန်ရက်တွင် အတိအလင်း ရေးတင်ကြခြင်းပင်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ခံ၍ ဖြေရှင်းပေးကြခြင်း မရှိပေ။ တာဝန်ခံမည့် အဖွဲ့အစည်းနှင့် မူဝါဒလည်း မရှိပေ။

Google, Facebook နှင့် နိုင်ငံတကာ အစိုးရများဘက်က လူမှုကွန်ရက်မှတစ်ဆင့် အမုန်းစကား ဖြန့်ဝေခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းနှင့် ရည်ရွယ်ချက်ရှိသော သတင်းအချက်အလက် အမှားများ ဖြန့်ချိခြင်းများကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်းရန် တွန်းအား ပေးခံနေရချိန်တွင် ယင်းကဲ့သို့ တိုင်ကြားခံရခြင်း ဖြစ်သောကြောင့် Facebook Team က လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့် တစ်ဖက်မှ ပြန်ကြည့်မည်ဆိုလျှင် အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေမှု တားဆီးရန် ကြံစည်နေသည့် လုပ်ငန်းစဉ်ကို မှားယွင်းသည့် အစွဲမကင်းသည့် သတင်း အချက်အလက်များဖြင့် ထိခိုက်လာနေသည့် သဘောပင်ဖြစ်သည်။ 

အသုံးပြုသူများ၏ တုံ့ပြန်ချက်များကြောင့် နောက်ပိုင်းတွင် အဆိုပါ ဆုံးဖြတ်ချက် မှားယွင်းကြောင်း သိရှိခဲ့ရသည့်အတွက် အဆိုပါ ပိတ်ပင်တားဆီးမှုကို ပြန်လည် ပြင်ဆင်နိုင်ရန် အမြန်ဆုံး ကြိုးစားခဲ့ရပြီး နောက်တစ်ကြိမ် ဤကဲ့သို့ ထပ်မံ မဖြစ်ပွားရန် ဂရုစိုက်သွားမည်ဖြစ်ကြောင်းလည်း Facebook မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က ဆိုထားကြောင်း Mashable အွန်လိုင်းသတင်းဌာနက ဖော်ပြထားသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

ကမ္ဘာတစ်ဝန်းတွင် Facebook အသုံးပြုသူ သန်း ၂၀ဝ၀ ကျော် ရှိနေပြီး ဘာသာစကား ၇၀ မျိုးခန့်ဖြင့် အသုံးပြုနေကြသောကြောင့် ဤမျှ များပြားသော ပမာဏကို ကိုင်တွယ်နေရခြင်းသည် မမျှော်လင့်ထားသည့် အမှားအယွင်း များစွာကို ဖြစ်ပေါ်လာစေသည်။ အထူးသဖြင့် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်အမြတ်ထုတ်မှုနှင့် အချက်အလက်မှားများ ဖြန့်ဝေမှုများ တိုးပွားလာနေသောကြောင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် နိုင်ငံတကာ အစိုးရများ၏ ဖိအားပေးခြင်းကိုလည်း ခံနေရပြန်သည်။ အထိအခိုက် အတိမ်အစောင်း မခံလှသည့် မြန်မာ့အရေးများကြောင့် မြန်မာနိုင်ငံတွင်ပင် အခြားအငြင်းပွားဖွယ် ကိစ္စရပ်များ ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိနေသေးသည်။ 

ယင်းအခြေအနေများကြောင့် လူမှုကွန်ရက် အသုံးပြုသူ သန်း ၃၀ ဝန်းကျင်ရှိနေသည့် မြန်မာပြည်တွင် အမုန်းစကားများနှင့် သတင်းအချက်အလက်မှားများကို တားဆီးရန် အစိုးရနှင့် ပညာရှင်အသင်းများက ဦးဆောင်ဖန်တီးရမည့် မူဝါဒများ၊ Cyberethics များနှင့် The Internet Society (ISOC) ကဲ့သို့သော အဖွဲ့အစည်းများ လိုအပ်နေပြီဟု အချက်ပေးနေသည့်သဘောပင် ဖြစ်သည်။ အကြောင်းအရင်းမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံသည့် ပဋိပက္ခများ၊ နယ်မြေဒေသ မအေးချမ်းမှုများ၊ နိုင်ငံရေး ရပ်တည်ချက် မတူညီမှုများအပေါ် အခြေခံ၍ ပုဂ္ဂိုလ်ရေး ထိပါးသည်အထိ ပြောဆိုပြုမူနေမှုများကို နေ့စဉ်ရက်ဆက် မြင်တွေ့နေရသောကြောင့်လည်း ဖြစ်သည်။ 

“ကုလား” ဟူသောစကားစုကို ပိတ်ပင်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် NGO အချို့၏ အကြံပြုချက်များအရ ဆောင်ရွက်ခဲ့သည်ဟု Facebook က ဆိုခဲ့သည်။ သို့သော် မြန်မာ့သဘော မြန်မာ့မနောနှင့် မြန်မာ့ဓလေ့ ထုံးတမ်းအယူ အသုံးအနှုန်းများကို နားမလည်သူများ ဖြစ်သောကြောင့် ဤသို့တိုင်ကြားသည်ဟု မှတ်ယူမိသည်။ ထို့အပြင် အမှားအယွင်း တစ်ခုဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ရာတွင်လည်း အသုံးပြုသူများ၏ Campaign သဖွယ် တုံ့ပြန်မှုကသာ အဓိကကျခဲ့ပြီး ပညာရှင်များ၊ ပညာရှင်အသင်းများနှင့် ဝန်ကြီးဌာနများ၊ ဘာသာရပ် အဖွဲ့အစည်းများမှ တုံ့ပြန်ရန် နည်းလမ်းရှာ မတွေ့ဟုဆိုကာ တုံ့ပြန်မှု မပြုလုပ်သည်ကိုသာ မြင်တွေ့ခဲ့ရလေသည်။

ယခုပြဿနာတွင် ပြည်တွင်း အင်တာနက် အသုံးပြုမှုနှင့် စံနှုန်းထားရှိမှုအပိုင်းတွင် တာဝန်ခံနိုင်မည့် အဖွဲ့အစည်း၊ မူဝါဒ မရှိခြင်းကြောင့် ဖြစ်ပေါ်လာရကြောင်း ထင်ရှားစွာ မြင်နေရသည်။ ပညာပေးခြင်း လုပ်ငန်းများ၊ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ပြဿနာများကို တားဆီးရန်နှင့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းပေးရန်တို့အတွက် အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဝါဒများ ထားရှိနိုင်ခြင်း မရှိပါက ယခုကဲ့သို့သော ပြဿနာမျိုးများ ဆက်လက် မြင်တွေ့နေရဦးမည်ဖြစ်ပြီး မြန်မာ့လူမှုကွန်ရက်လောကသည်လည်း အငြင်းပွားမှုများ၊ အမုန်းတရားများနှင့်သာ ပြည့်နှက်နေလိမ့်မည်ဖြစ်လေသည်။ 

မောင်မိုးဇွန်

  • VIA