News

POST TYPE

PERSPECTIVE

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပဋိဉာဉ်နှင့် သတ္တိ”
30-May-2017


ညီလာခံကာလ 11st UPDJC မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ရတဲ့ ဖက်ဒရယ်မူကတော့ “ခွဲမထွက်ရေး”နဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ဖြစ်ပါတယ်။

(၁) အစိုးရအစုအဖွဲ့ (အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်) သဘောထား

အစိုးရအစုအဖွဲ့ကတော့ ခွဲမထွက်ဘူးဆိုတဲ့ အာမခံချက်/ကတိကဝတ် လိုချင်ပါတယ်။ သမိုင်းဒဏ်ရာ၊ သမိုင်းသင်ခန်းစာနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြေဖျောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရပ်တည်ချက်က “ခွဲမထွက်ရေး”ကို အာမခံပြီး “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ကို ယူပါ ဆိုတာပါပဲ။

(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောထား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ကတော့ ခွဲမထွက်ရေးကို “ခြွင်းချက်ဖြင့် လက်ခံလို”ပါတယ်။ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိနေသမျှ ခွဲမထွက်ဘူးဆိုတဲ့ Conditional Clause ကို ထားလိုပါတယ်။

(၃) နိုင်ငံရေးပါတီများ သဘောထား

နိုင်ငံရေးပါတီအများစုက အစိုးရ သဘောထားအတိုင်း ရပ်တည်ပြီးတော့ တစ်ဦးတစ်လေက EAOs သဘောထားအတိုင်း ရပ်တည်ခဲ့ပါတယ်။

ပဋိဥာဉ်

ဒီတော့ အဓိက ညှိနှိုင်းရတာက အစိုးရနဲ့ EAOs ဖြစ်လာခဲ့ပါတယ်။ အစိုးရနဲ့ EAOs အကြား ပဋိဉာဉ် ရရှိဖို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပါတယ်။

ခြွင်းချက်ထားရှိခြင်းဟာ အန္တရာယ်ကြီးမားတယ်၊ မူအရကို ခွဲမထွက်ရေး ခိုင်ခိုင်မာမာ ဖြစ်သင့်တယ်။ Conditional Clause ဆိုတာက ပြောင်းပြန်တွေးရင် မရှိဘူးဆိုရင် ခွဲထွက်နိုင်တယ် ဆိုတဲ့သဘော သက်ရောက်နေတယ်။ Condition ကို ဘယ်သူက ဆုံးဖြတ်ပေးမလဲ၊ အဓိပ္ပါယ် ဘယ်လိုဖွင့်မလဲ၊ ဒီလို အရှုပ်အထွေးတွေ ရှိလာနိုင်တဲ့အတွက် ခွဲထွက်ရေး တောင်းဆိုမှုတွေ ဖြစ်လာနိုင်တယ်။

ဖက်ဒရယ်ဆိုတာ အခုခေတ်မှ ပေါင်းစည်းရေးလို့ လက်ခံလာကြတာဖြစ်တယ်၊ အရင်တုန်းကဆိုရင် ဖက်ဒရယ်ဆိုတဲ့စကားတောင် ပြောလို့ မရခဲ့ဘူး၊ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ်ဟာ ဖက်ဒရယ်ဆိုတဲ့ စကားရပ်ရဲ့ အကြောင်းရင်းခံတွေ ရှိခဲ့တယ်။ ဒီတော့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အာမခံပေးရုံသာမက နောင်အတွက်လည်း အရှုပ်အထွေး မရှိရအောင် ခွဲမထွက်ဘူးဆိုတဲ့ ကတိကို လိုအပ်တယ်။

အခုခေါင်းဆောင်တွေ ခွဲမထွက်ဘူး ယုံကြည်ပေမယ့် နောင်လာမယ့် အနှစ် ၅၀၊ အနှစ် ၁၀၀ မှာ ရှုပ်လာနိုင်တယ်။ ဒါကြောင့် ခုကတည်းက ပြတ်ပြတ်သားသား မူအရ ခွဲမထွက်ဘူးဆိုတဲ့ အာမခံချက်ပေးဖို့ လိုတယ်ဆိုတာကို အစိုးရဘက်က ရှင်းပြပါတယ်။ (အစိုးရရော တပ်မတော်ရော လွှတ်တော်ရော)
အခြေခံ ဥပဒေတွေဟာ Supreme Law ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ ခွဲထွက်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင် အခြေခံဥပဒေတို့ဟာ တိုက်ရိုက် ချိတ်ဆက်နေပြန်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေခံဥပဒေတွေမှာ ဂရုတစိုက် ကန့်သတ်ထားတာတွေ ရှိပါတယ်။ Internal Self-determination လို့ တိတိကျကျ ပြဋ္ဌာန်းထားတာတွေလည်း ရှိပါတယ်။ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရေးရှင်းမှာကိုက Self-determination နဲ့ပတ်သက်ပြီး အရေးကြီးလှတဲ့ စကားရပ်တွေ ရှိပါတယ်။ Self-rule နဲ့ Self-determination အများကြီး ကွာပါတယ်။

NCA စတင်ညှိနှိုင်းခဲ့စဉ်ကတည်းက “ခွဲထွက်ခွင့်”က လွဲလို့ ကြိုက်တာ ဆွေးနွေးနိုင်တယ်ဆိုပြီး ကမ်းလှမ်းခဲ့သလို EAOs တွေကလည်း ခွဲမထွက်ပါဘူးဆိုတဲ့ ကတိကဝတ်နဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ EAOs တွေကလည်း ခွဲထွက်ချင်စိတ် မရှိပါဘူးဆိုတဲ့ စကားကို အခါခါ ပြောကြားခဲ့ကြပါတယ်။

တချို့ EAOs တွေကလည်း ဒို့တာဝန် အရေးသုံးပါးကို လက်ခံတယ်၊ ခွဲထွက်ဆိုတာက သူတို့ရဲ့ မူလအခွင့်အရေး ဖြစ်တယ်၊ ခွဲမထွက်ဘူး ဆိုတာကို ကတိကဝတ်ပြုဖို့ ခက်ခဲနေတယ်၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်နဲ့ လူထုသဘောထားကို ရယူပြီးမှ ဒီအချက်ကို သဘော တူ-မတူ သဘောထားပေးချင်တယ် ဆိုတာကို ဆွေးနွေးပါတယ်။

ဒီနေရာမှာ နှစ်ဖက် သဘောတူညီချက် မရနိုင်တော့တဲ့အတွက် ဆက်လက်ပြီး ဆွေးနွေးရင်လည်း တင်းမာမှုတွေ ပိုပြီး မြင့်လာနိုင်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နောက်မှ ဆက်လက် ဆွေးနွေးပါဆိုပြီး ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ညီလာခံမှာ ဘယ်လို အဖြေထွက်မလဲဆိုတာက မေးခွန်းတစ်ခုအဖြစ် ကျန်နေပါတယ်။

သတ္တိ

“သတ္တိရှိလို့ စစ်တိုက်တယ်။ သတ္တိရှိလို့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်”ဆိုတာက ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးရဲ့ ထင်ရှားတဲ့စကား ဖြစ်ပါတယ်။

ခေတ္တနားချိန်တွေမှာ ပဒိုမန်းငြိမ်းမောင်နဲ့ စကားတွေ ပြောဖြစ်ပါတယ်။ NCA ကို သတ္တိရှိရှိ လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲ Political Dialogue မှာလည်း သတ္တိရှိဖို့လိုတယ် ဆိုတာကို ပြောဖြစ်ကြပါတယ်။

ပဒိုမန်းငြိမ်းမောင်ရဲ့ ကရင်မော်ဒယ် ငြိမ်းချမ်းရေး မဟာဗျူဟာကို Political Dialogue စံနမူနာပြ ဖြစ်အောင် လုပ်ပါဦး ဆိုပြီး ပြောဖြစ်ခဲ့ပါတယ်။
တစ်ကယ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ နှစ်ဦးနှစ်ဖက် Win-Win အခြေအနေ ရရှိတာက တကယ် အောင်မြင်မှု မဟုတ်သေးပါဘူး။ ဘယ်ဘက်မှမပါတဲ့ကြားက ပြည်သူတွေ အောင်မြင်မှ အမှန်တစ်ကယ် အောင်မြင်မှု ဖြစ်ပါတယ်။ ဒါကြောင့် Win-Win-Win လို့ ဆိုကြပါတယ်။

“အစိုးရနဲ့ တပ်မတော် ဘက်တစ်ဘက်တည်းသာဖြစ်”

လူမှုကွန်ရက်မှာ ပြောဆိုဝေဖန်နေကြသူများအတွက် ရှင်းလင်းရရင်တော့ ညီလာခံမှာ အဓိက အစုအဖွဲ့ကြီး ၅ ဖွဲ့ရှိပါတယ်။

(၁) အစိုးရ၊ (၂) လွှတ်တော်၊ (၃) တပ်မတော်၊ (၄) EAOs (၅) နိုင်ငံရေးပါတီများပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်ဟာ ကဏ္ဍအားလုံးမှာ ထပ်တူထပ်မျှ တူညီသော ရပ်တည်ချက် ရှိပါတယ်။

တပ်မတော်ဟာ အစိုးရရဲ့ တပ်မတော်၊ ဒီအစိုးရဟာ တပ်မတော်ရဲ့ အစိုးရဖြစ်တဲ့အတွက် တစ်သားတည်း တည်ရှိပါတယ်။ အထူးသဖြင့် အရေးကြီးလှတဲ့ နိုင်ငံရေးကဏ္ဍမှာ ရပ်တည်ချက် ကွဲစရာ မရှိပါဘူး။

အစုအဖွဲ့ (၅)ဖွဲ့ ဆွေးနွေးမှု အသွင်သဏ္ဍာန်အရ အစိုးရအနေနဲ့ တပ်မတော်ဘက် EAOs ဘက် ဟန်ချက်မျှအောင် ပြောရတယ် ဆိုတာက -

(၁) နိုင်ငံရေးမှာ အစိုးရနဲ့ တပ်မတော်ဟာ တစ်သားတည်း တည်ရှိပါတယ်။

(၂) EAOs ဆိုတာက NCA ထိုးပြီး ညီလာခံထဲရောက်နေတဲ့ ဆွေးနွေးဘက်တွေကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။

(၃) စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍတွေမှာ သဘောတရားအားဖြင့် တူညီပါတယ်။ ဝေါဟာရ အသုံးအနှုန်းအချို့မှာသာ ကွဲပြားမှု ရှိပါတယ်။ ဒီနေရာမှာ စေ့စပ်ညှိနှိုင်းမှု သဘောအရ သဘောတူညီချက် ရအောင် ဟိုဘက်၊ ဒီဘက် ကြားကနေ ညှိနှိုင်းရတာမျိုး ရှိပါတယ်။ (ဒါကို ဆိုလိုခြင်း ဖြစ်ပါတယ်)

အချုပ်

ပြန်ချုပ်ရရင်တော့ -

(၁) နောက်ညီလာခံ မတိုင်မီ ၆ လ လောက် အချိန် ရှိပါသေးတယ်။ ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီး လုပ်ရဦးမှာပါ။

(၂) ခွဲမထွက်ဘူး အာမခံ-ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ယူ ဆိုတဲ့ ပဋိဉာဉ်က ရှိနေဦးမှာပါပဲ။

(၃) နိုင်ငံရေး ဆွေးနွေးမှုအတွက် ပထမဆုံး ညီလာခံ ဖြစ်တဲ့အတွက် စိတ်ပျက်စရာ မရှိပါဘူး။ နောက် ညီလာခံမှာ ပိုမိုခိုင်မာတဲ့ အခြေခံမူတွေ ရရှိလာဦးမှာ ဖြစ်ပါတယ်။

မှူးဇော်
(၃၀-၅-၂၀၁၇၊ နေပြည်တော်)

  • VIA