News

POST TYPE

PERSPECTIVE

လွှတ်တော်အစည်းအဝေးများ စဉ်ဆက်မပြတ် ကျင်းပဖို့ဆိုလျှင်
29-May-2017

ပြီးခဲ့တဲ့ ၂၆-၅-၂၀၁၇ ရက်နေ့က ထုတ်ဝေတဲ့ The Voice Daily သတင်းစာမှာ ကျွန်တော်ရေးတဲ့ “လွှတ်တော်ကိုယ်စားလှယ်တွေနားပြီး လွှတ်တော်ကြီးတွေ မနားစေလို” ဆိုတဲ့ ဆောင်းပါး ပါလာပါတယ်။ ကျွန်တော် ရေးလိုက်တဲ့ဆောင်းပါးမှာ အခြေခံဥပဒေပုဒ်မ ၁၂၈ (က) နဲ့ (ခ) မှာဖော်ပြထားတဲ့ “လွှတ်တော် အစည်းအဝေးတစ်ရပ်ရဲ့ ပထမနေ့တွင် တက်ရောက်ခွင့်ရသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်”လို့ ပြဋ္ဌာန်းထားသလို၊ အပိုဒ်ခွဲ(ခ)မှာလည်း “ဆက်လက်ကျင်းပသော အစည်းအဝေးများတွင် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်”လို့ ပြဋ္ဌာန်းထားတာကို ကိုးကား ဖော်ပြထားပါတယ်။

ကျွန်တော့်ဆောင်းပါးကို ဖတ်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဒီအပေါ်မှာ နည်းနည်း ဘဝင်မကျတာနဲ့ ကျွန်တော့်ဆီကို ဖုန်းဆက်လာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ကျွန်တော်ရေးတဲ့ ဆောင်းပါးကို ဖတ်ရတဲ့အကြောင်း အစချီပြီးတော့ ကျွန်တော့်ရဲ့ရည်ရွယ်ချက် ကောင်းမွန်တဲ့အကြောင်း၊ ဒါပေမဲ့ သူတို့ဘက်ကလည်း အခုလို လွှတ်တော် အစည်းအဝေးကြီး စဉ်ဆက်မပြတ် ကျင်းပနေဖို့ အခက်အခဲတွေ ရှိတဲ့အကြောင်း ပြောလာပါတယ်။ ၎င်းတို့အနေနဲ့ လွှတ်တော် အစည်းအဝေး မကျင်းပတဲ့ရက်တွေမှာ တစ်ချက်မှကို မနားရအောင် အလုပ်တွေက သိပ်ကို များပြားကြောင်း ပြောပြပါတယ်။ ကျွန်တော်က ကျွန်တော့် ဆောင်းပါးမှာ ကိုယ်စားလှယ်ကြီးတွေဟာ အလုပ်တွေ မနားရအောင် လုပ်နေကြရတဲ့အကြောင်းလည်း ထည့်ရေးထားပါတယ်လို့ ပြောပြတဲ့အခါ ကိုယ်စားလှယ်ကြီးက ကျွန်တော့်ဆောင်းပါးထဲမှာ မပါတာလေးတွေကို ထပ်မံဖြည့်စွက်ပြီး ပြောပြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့(ကော်မတီ၊ ကော်မရှင်တွေမှာပါတဲ့ ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတာဝန်တွေ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပြင်) ပြည်သူတွေကို သိစေချင်တာက သူတို့အနေနဲ့ အရင်တုန်းက မပြီးပြတ်ခဲ့တဲ့ လုပ်ငန်းတာဝန်တွေ အထူးသဖြင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့အတွက် စိစစ်ရတဲ့ လုပ်ငန်းတွေ၊ ပြန်လည် ပေးအပ်ရတဲ့လုပ်ငန်းတွေ တစ်နည်းပြောရရင်တော့ အရင်တုန်းကတင်ခဲ့တဲ့ အကြွေးဟောင်းတွေ ဆပ်ပေးရတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ အဲဒီလုပ်ငန်းတွေကလည်း တော်တော်ကို ရှုပ်ထွေးပြီး ခက်ခဲနက်နဲလှတဲ့အကြောင်းနဲ့ စိတ်ရှည်လက်ရှည် အချိန်ယူပြီး ညှိနှိုင်းဖြေရှင်းပေးရတဲ့ အကြောင်းတွေကို ရှင်းပြပါတယ်။

နောက်ဆက်လက်ပြီး ပြောပြတာကတော့ တချို့ ငွေလုံးငွေရင်းနဲ့ ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေဟာ၊ သတ်မှတ်ထားတဲ့ (စာချုပ်မှာပါတဲ့) စံချိန်စံညွှန်းနဲ့ ညီ မညီ၊ ခွင့်ပြုထားတဲ့ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေနဲ့ လုပ်ငန်း ပမာဏနဲ့ တကယ် ကိုက်ညီမှု ရှိ-မရှိ စတာတွေကို စိစစ်ရတဲ့အကြောင်း ပြောပြပါတယ်။ အခုလို ပြန်ပြီးစိစစ်ရတဲ့ ရည်ရွယ်ချက်က အများအားဖြင့် ကန်ထရိုက်တွေဟာ သူတို့ဆောင်ရွက်ရမယ့် လုပ်ငန်းကို လေလံအောင်လို့ တည်ဆောက်ခွင့်ရပြီးရင် တစ်ဆင့်ခံ ကန်ထရိုက်(Sub-Contract)ကို ထပ်ဆင့် လွှဲပြောင်းပေးပြီးတော့ လုပ်ငန်းကို လှည့်မကြည့်ကြတော့ဘူး။ Sub-Contract တွေကလည်း သူတို့နဲ့တိုက်ရိုက် စာချုပ်ချုပ်တာ မဟုတ်တော့ လုပ်ငန်းကို အလေးအနက် မထားတော့ဘဲ ဖြစ်သလို လုပ်ကြတဲ့အတွက် ကြားကနေ နစ်နာတာက သက်ဆိုင်ရာ ဌာနရယ်၊ နိုင်ငံတော်ရယ်၊ ပြည်သူရယ်က နစ်နာတဲ့အကြောင်း။ ဒါကြောင့် နောင်ဆိုရင် လေလံအောင်မြင်သူတွေဟာ တစ်ဆင့်ခံ ကန်ထရိုက်ကို ထပ်ဆင့် လွှဲပြောင်း မပေးရဆိုပြီးတော့ စည်းကမ်း သတ်မှတ်သင့်ကြောင်း အကြံပြုတင်ပြဖို့  စိတ်ကူးထားတဲ့ အကြောင်းလည်း ပြောပြပါတယ်။

ဆက်လက်ပြီး ပြောပြတာကတော့ ကိုယ်စားလှယ်တွေ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီး ရရှိရေး ကိစ္စတွေကိုလည်း သက်ဆိုင်ရာ ဒေသခံတွေနဲ့ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေအကြား ညှိနှိုင်း ဆောင်ရွက်ပေးရတာတွေ ရှိတဲ့အကြောင်းနဲ့ ဒီလိုညှိနှိုင်း ဆောင်ရွက်ပေးတဲ့အခါမှာလည်း အဓိက အခက်အခဲတစ်ရပ်ကို ကြုံတွေ့ရတဲ့အကြောင်းကိုလည်း ပြောပြပါတယ်။ အဲဒီအခက်အခဲကတော့ တခြား မဟုတ်ပါဘူး၊ ရေအားလျှပ်စစ်ကို ထုတ်ပေးနိုင်သည့်တိုင်အောင်၊ ဒီလို ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားကို လိုအပ်တဲ့ နေရာတွေကို ရောက်ရှိဖို့အတွက် လိုအပ်တဲ့ မဟာဓာတ်အားလိုင်းတွေ တည်ဆောက်ပေးဖို့ နိုင်ငံတော်အနေနဲ့ ဘဏ္ဍာငွေကြေး မတတ်နိုင်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ပြည်သူတွေကို သိစေချင်ပါတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေက ရွေးကောက်တင်မြှောက်ပေးလိုက်ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့မဲဆန္ဒနယ်က မြို့ပြနဲ့ ကျေးလက်နေပြည်သူတွေ အဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ကြအောင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးကို ဆောင်ရွက်ပေးဖို့ ကြိုးစားကြပေမယ့် နိုင်ငံတော် အစိုးရရဲ့ဘဏ္ဍာငွေကြေးအရ ဆောင်ရွက်မပေးနိုင်ခြင်းဟာ အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ပြည်သူတွေကို သိစေချင်ပါတယ်လို့လည်း ပြောပြပါတယ်။ ကျွန်တော်က ကိုယ်စားလှယ်ကြီးများ အနေနဲ့ လုပ်ငန်းတာဝန်များ၊ များပြားစွာ ဆောင်ရွက်နေရတာကို သိတဲ့အကြောင်း၊ အခုလို ထပ်မံပြီး ရှင်းပြတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်း၊ ဒါကြောင့်လည်း ကိုယ်စားလှယ်ကြီးတွေ အစုံအလင် လွှတ်တော် အစည်းအဝေး မတက်ရောက်နိုင်တဲ့အတွက် အခြေခံဥပဒေနဲ့အညီ ကိုယ်စားလှယ်သုံးပုံ တစ်ပုံနဲ့ အစည်းအဝေးတွေကို ကျင်းပဖို့အကြောင်း ရေးထားတာပါလို့ ပြောပြပါတယ်။

ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်နားမထားဘဲ စဉ်ဆက်မပြတ် လည်ပတ်နေစေခြင်းအားဖြင့် (ဥပဒေပြုခြင်း/ပြင်ခြင်း အပါအဝင်) လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေ အထိုက်အလျောက် ဖြေရှင်းပေးရာ ရောက်မလား ဆိုတဲ့အတွေးနဲ့ ရေးထားတာပါလို့ ပြန်ပြီးရှင်းပြလိုက်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးက ကျွန်တော့်ကို ပြန်ရှင်းပြတာကတော့ ကျွန်တော် မတွေးမိတဲ့ အတွေး၊ ကျွန်တော် မမြင်မိတဲ့အမြင် ဖြစ်နေတာကို သိလိုက်ရပါတယ်။ သူ ကျွန်တော့်ကို ရှင်းပြတာကတော့ “အခြေခံဥပဒေမှာ ဆရာပြောတဲ့အတိုင်း နောင်ဆက်လက် ကျင်းပတဲ့ အစည်းအဝေးတွေမှာ ကိုယ်စားလှယ် သုံးပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေး အထမြောက်သည်ဆိုတာ မှန်ပါတယ်ဆရာ၊ ဒါပေမဲ့ အဲဒီသုံးပုံတစ်ပုံဆိုတာက “လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ အနည်းဆုံး သုံးပုံတစ်ပုံ”ကို ဆိုလိုတာပါဆရာ”လို့  ရှင်းပြပါတယ်။

သူပြောချင်တဲ့၊ သူဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ကျွန်တော် အသေအချာ သဘောမပေါက်တဲ့အတွက် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေအချာပြန်ပြီး ဖတ်ကြည့်လိုက်မိပါတယ်။ အခြေခံဥပဒေမှာ “လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ”လို့ ဖော်ပြထားတဲ့အတွက် အခြေခံဥပဒေပုဒ်မ ၁၀၉ ကို ပြန်ကြည့်လိုက်တဲ့အခါ ပြည်သူ့လွှတ်တော်အနေနဲ့ အစည်းအဝေး တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေဟာ ရွေးကောက်ခံ ကိုယ်စားလှယ် ၃၃၀ နဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀၊ စုစုပေါင်း ၄၄၀ ဦး ဖြစ်တာကို တွေ့ရပါတယ်။ အဲဒီတော့ “ကိုယ်စားလှယ်ဦးရေ သုံးပုံ တစ်ပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်”လို့ ဆိုထားတဲ့အတွက် ၄၄၀ ရဲ့ သုံးပုံတစ်ပုံ ဖြစ်တဲ့ ၁၄၆.၆ ဦး တက်ရောက်ရင် အစည်းအဝေး အထမြောက်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်သူ့လွှတ်တော်မှာ အမြဲတမ်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးရှိပြီးဖြစ်တဲ့အတွက် နောက်ထပ် ရွေးကောက်ခံ ကိုယ်စားလှယ် ၃၆.၆ ဦး တက်ရောက်လျှင် အစည်းအဝေး အထမြောက်မှာ ဖြစ်ပါတယ်။ အလားတူပဲ အခြေခံဥပဒေ ပုဒ်မ ၁၄၁ မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးဟာ အစည်းအဝေး တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြပါတယ်။ ၂၂၄ ဦးရဲ့ သုံးပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေး အထမြောက်တာ ဖြစ်တဲ့အတွက် ၇၄.၆ ဦး တက်ရောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်မှာလည်း တပ်မတော်သား ကိုယ်စားလှယ်က ၅၆ ဦးရှိပြီး ဖြစ်တဲ့အတွက် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၈.၆ ဦး တက်ရောက်လျှင် အစည်းအဝေး အထမြောက်မှာ ဖြစ်ပါတယ်။

ရှင်းအောင်ပြန်ပြောရရင် ပြည်သူ့လွှတ်တော် အနေနဲ့ နောက်ထပ် ကျင်းပတဲ့ အစည်းအဝေးတွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၃၆.၆ ဦး တက်ရောက်လျှင် အစည်းအဝေး အထမြောက်မှာဖြစ်သလို၊ အမျိုးသားလွှတ်တော်အနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးနဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၈.၆ ဦး တက်ရောက်လျှင်ပင် အစည်းအဝေး အထမြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ကြည့်မယ်ဆိုရင် နောက်ထပ် ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ရွေးကောက်ခံ ကိုယ်စားလှယ် အရေအတွက် အနည်းငယ်ပါရုံမျှနဲ့ အစည်းအဝေးတွေ ကျင်းပနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ လွှတ်တော်အသံ ပြည်သူ့အသံ၊ လွှတ်တော်ဆန္ဒ ပြည်သူ့ဆန္ဒ ဆိုပြီးတော့ ဆောင်ပုဒ်ချမှတ်ခဲ့ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိဒေသနဲ့ ဒေသခံ ပြည်သူတွေကို ကိုယ်စားပြုပြီး တက်ရောက်လာကြတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တင်ပြချက်တွေ၊ ဆွေးနွေးချက်တွေ၊ အဆိုတွေ၊ မေးခွန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ အသံတွေဖြစ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေဟာလည်း ဒေသခံပြည်သူတွေရဲ့ ဆန္ဒကိုအခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာမှာဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့က နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကို အခြေခံပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ အဓိကထားပြီး ပါဝင်ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ကြမှာ ဖြစ်တဲ့အတွက် ဒေသဆိုင်ရာ ကိစ္စတွေမှာ  အသေးစိတ် ပါဝင်ဆွေးနွေးနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒေသအရေး ကိစ္စတွေ၊ ဒေသခံပြည်သူတွေရဲ့ အရေးကိစ္စတွေမှာ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး မြေပြင် အခြေအနေနဲ့ ကိုက်ညီအောင် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဒေသအသီးသီးက (ပြည်သူတွေက) ရွေးကောက် တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် အများစု မပါဝင်တဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေဟာ လက်တွေ့ မြေပြင် အခြေအနေတွေနဲ့ ကွာဟနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိဂုံးချုပ် တင်ပြချင်တာကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “ဆက်လက် ကျင်းပသည့် အစည်းအဝေးများတွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်”ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီခြင်း မရှိတဲ့အပြင် မဲဆန္ဒရှင်ပြည်သူတွေရဲ့အကျိုးကိုလည်း လက်တွေ့ ဖော်ဆောင်နိုင်ဖို့ ခက်ခဲဦးမှာ ဖြစ်တဲ့အတွက် “လွှတ်တော် အစည်းအဝေးများ စဉ်ဆက်မပြတ် ကျင်းပဖို့ဆိုသည့် အတွေးအခေါ် အယူအဆမှာလည်း လက်တွေ့ မကျသည့် အယူအဆတစ်ရပ်သာ ဖြစ်ပါကြောင်း” လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ အယူအဆကိုအခြေခံပြီး တင်ပြလိုက်ရပါတယ်။

သိန်းထက်အောင်

  • VIA