News

POST TYPE

PERSPECTIVE

ဝေါဟာရဈေးဆစ်မှု၊ ဝါကျငြင်းခုံမှုများနှင့် လုံးချာလိုက်နေသည့် တစ်ဝက်တစ်ပျက် ပြည်ထောင်စု ငြိမ်းချမ်းရေး
29-May-2017

နိုင်ငံရေးက ကျယ်ပြောပါသည်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသလို ခန့်မှန်းရ ခက်လှပါသည်။ အထူးသဖြင့် ယနေ့မြန်မာ့နိုင်ငံရေး၊ အထူးသဖြင့် ယနေ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျယ်ပြောလွန်းလှသလို လှေနံဓားထစ် တထစ်ချ ခန့်မှန်းဖို့ ခက်လှပါသည်။ သည်လိုမူဘောင်၊ သည်လိုလမ်းစဉ်၊ သည်လိုစနစ်၊ သည်လိုမူဝါဒတွေ ချမှတ်ထားပြီး ဆိုသော်လည်း ပန်းတိုင်ကို မုချရောက်မည် မရောက်မည် တပ်အပ်သေချာမပြောနိုင်ပါ။

ထို့ကြောင့် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ကိုယ်မြင်သလို ကိုယ်သုံးသပ်မှုတွေမှာ ဝိဝါဒကွဲစရာ များစွာ ရှိနိုင်သေးကြောင်း ဦးစွာဆိုပါရစေ။ ယခု နေပြည်တော်မှာ ကျွန်တော်တို့ စောင့်စားနေခဲ့ကြသည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပနေပါပြီ။ ရလဒ် မည်သို့ထွက်ပေါ်လာမည် မသိသေးသော်လည်း “အရွေ့”တစ်ခုတော့ ဖြစ်တာ သေချာသည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ်ဟု ဆိုလိုက်သည်နှင့် မငြိမ်းချမ်းသော၊ မတူကွဲပြားသော၊ ပဋိပက္ခများ ရှည်ကြာစွာ အမြစ်တွယ်နေသော အစုအဖွဲ့ များစွာတို့အကြား ဘုံသဘောတူညီသော ငြိမ်းချမ်းရေး အဖြေရှာခြင်းဟု နားလည်ပါသည်။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်သမိုင်းကို ခြေရာ ကောက်လိုက်လျှင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အစိုးရနှင့် အစိုးရကို တော်လှန်သော အဖွဲ့များကြား ပဋိပက္ခမှသည် တပ်မတော်နှင့် တပ်မတော်အစိုးရကို တော်လှန်ကြသူများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ပဋိပက္ခအထိ နှစ်ပေါင်း ၇၀ ကြာ ပဋိပက္ခ သံသရာထဲ ဝဲလည်လှည့်နေသည်ကို မြင်တွေ့ကြရမည်။ 

ယခု ပြည်သူလူထုရွေးချယ် တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာသောအခါ တစ်ခုတည်းသော ပဋိပက္ခမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ပဋိပက္ခသာ ရှိတော့သည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်အရ လက်ရှိတပ်မတော်နှင့် အစိုးရမှာ တစ်စုတစ်ဖွဲ့တည်းဟု ပြောရန်ခက်နေခြင်းကလည်း ပဋိပက္ခ ဖြေရှင်းရာတွင် အဖုအထစ်တစ်ခုအဖြစ်တော့ ရှိနေသေးသည်။ ဒီမိုကရေစီ၏ အခြေခံ သဘောတရားအရ သဘောထား အယူအဆ မတူညီမှုများကို (လက်နက်မပါဘဲ) လွှတ်တော်ခန်းမဆောင်မှာဖြစ်စေ၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်မှာဖြစ်စေ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း အဖြေရှာခွင့် ရှိကြသည်။ ပြဿနာမှာ “လက်နက်များ ကိုင်ဆောင်၍ ကိုယ်ပိုင်အစုအဖွဲ့များ ထူထောင်ထားသူများနှင့် အစိုးရအကြား အကျိုးစီးပွားမျှခြေတစ်ခု” ဘယ်လိုရှာဖွေမလဲဆိုတာဖြစ်သည်။ လက်နက်များ ကိုင်ဆောင်ထားခြင်းက ပဋိပက္ခများကို ရှည်ကြာတိုးပွားစေသည်ဟု ဆိုနိုင်သော်လည်း လက်နက်ကိုင် တိုင်းရင်းသား အစုအဖွဲ့များဘက်က ကြည့်ပြန်လျှင်လည်း ထိုလက်နက်များသည် သူတို့၏အား (Power) ဖြစ်နေပြန်သည်။

ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ထိုပဋိပက္ခများအတွက် ဘုံအကျိုးစီးပွား အဖြေတစ်ခုကို ရှာဖွေနေခြင်းဖြစ်သည်။ ကောင်းပြီ။ ဒါဆိုလျှင် ထိုညီလာခံမှာ ပဋိပက္ခနှင့် ဆက်နွှယ်နေသူ အစုအဖွဲ့ (Stakeholder) အားလုံး (All Inclusive) ပါဝင်နေဖို့လိုသည်။ ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အစုအဖွဲ့ အားလုံး မပါဝင်နိုင်ခဲ့ပါ။

မေလ ၂၄ ရက်တွင် စတင်ရန် ရက်သတ်မှတ်ထားသည့်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံမှာ စတင်ရန် ရက်ပိုင်းအလိုအထိ လက်နက်ကိုင် အစုအဖွဲ့ အားလုံး တက်ရောက်မည် မတက်ရောက်မည် မသေချာခဲ့ပါ။ အံ့အားသင့်စရာ ကောင်းသည်မှာ NCA ငြိမ်းချမ်းရေး လမ်းကြောင်းကို လက်မခံဘဲ ကိုယ်ပိုင်နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ ဖွဲ့စည်းထားသည့် UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့က ညီလာခံသို့ တက်ရောက်လာခဲ့ပြီး NCA ကို မူအားဖြင့် ထောက်ခံထားပြီး ၎င်းတို့ လိုလားသော အချက်ကိုးချက် လိုက်လျောပေးပါက NCA တွင် ပါဝင် လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လမ်းစဉ်အတိုင်း လိုက်ပါမည်ဟု မူလကတိပြုထားသည့် UNFC က ယခုညီလာခံတွင် ပါဝင်မလာခြင်း ဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့သည့် ညီလာခံတွင် ပါဝင် တက်ရောက်ခဲ့သော မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ လားဟူ LDU အဖွဲ့များ ယခုညီလာခံတွင် ပါဝင်မလာတော့ခြင်း ဖြစ်သည်။ 

မူလက တက်ရောက်ရန် အခြေအနေ နည်းပါးသည့် UWSA ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့က ညီလာခံ မကျင်းပမီ တစ်ရက်အလိုတွင် နေပြည်တော်သို့ ရောက်လာခဲ့ပြီး တက်ရောက်ရန် သာမက NCA ကိုပင် မိမိသဘောအလျောက် လက်မှတ် ရေးထိုးဖို့ စိတ်အား ထက်သန်နေသော UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ NMSP မပါဝင်လာတော့ခြင်းက ယခုညီလာခံ၏ ထူးခြားချက်တစ်ခုဖြစ်သလို အားလုံး ပါဝင်ရေး အထမမြောက်သည့်သဘော သက်ဝင်နေသည်။ ပထမအကြိမ် ညီလာခံတုန်းကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး စုံညီစွာ တက်ရောက်နိုင်ခဲ့သည်။ NCA လည်း ထိုးမထား၊ ထိုးမည်ဟုလည်း ကတိ ပေးမထားသည့် UNFC တွင်မပါသော UWSA ဦးဆောင်သည့်အဖွဲ့များက တစ်ရက်တက်ပြီး နောက်တစ်ရက်မှာ စိတ်ကောက်ပြန်သွားတာက သတ်သတ်ဖြစ်သည်။

သည်တစ်ကြိမ် ညီလာခံကျတော့ NMSP၊ KNPP တို့ ပါဝင်မလာတော့သော်လည်း တပ်မတော်ဘက်က ခါးခါးသီးသီး ငြင်းဆန်ထားသည့် MNDAA၊ TNLA၊ AA လက်နက်ကိုင်သုံးဖွဲ့ ပါဝင်လာသည်။ 

ယခုညီလာခံက တရုတ်၏ ဩဇာလွှမ်းမိုးမှု အထိုက်အလျောက် ပါဝင်နေသည်ကို အထင်အရှား တွေ့ရသည်။ မြောက်ပိုင်း မဟာမိတ်ခုနစ်ဖွဲ့သည် တရုတ်၏ ဖိအားပေးမှုနှင့် ယခုညီလာခံသို့ ရောက်လာခြင်းဖြစ်သော်လည်း ၎င်းတို့မှာ ကိုယ်ပိုင် အာဂျင်ဒါ Agenda ရှိထားပြီးဖြစ်သည်။ NCA လမ်းကြောင်းအရ ကျင်းပနေသော ညီလာခံမှာ ၎င်းတို့၏ ကိုယ်ပိုင် အာဂျင်ဒါနှင့် ကွဲလွဲနေသည်။ တက်ဆို၍သာ လာတက်ကြသည်။ သူတို့ ဆွေးနွေးလိုသည့် အစီအစဉ်နှင့် မကိုက်ညီ။ ထို့ကြောင့် ဒုတိယနေ့မှာ မတက်ကြတော့ဘဲ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌနှင့်တွေ့ပြီး အကျိုးအကြောင်း ရှင်းပြကြပုံရသည်။ ကော်မရှင်ဥက္ကဋ္ဌ ဆိုသူကလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်စွမ်း မရှိသည့်အခါ မေလ ၂၆ ရက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံကြဖို့ ဖြစ်လာသည်။ ယခု ဆောင်းပါးရေးနေချိန်မှာ သူတို့ ဘာတွေ ဆွေးနွေးကြပြီး ဘယ်အချက်တွေ လက်ခံသဘောတူကြမည် မသိနိုင်သေးပါ။ တစ်ဖက်က NCA ဟု တွင်တွင်ပြောနေပြီး တစ်ဖက်က အခြားအစီအစဉ်ဟု ငြင်းဆန်နေကြလျှင်တော့ အဖြေမထွက်ဘဲ ပြီးသွားမည့်သဘောဖြစ်သည်။ 

တကယ်တော့ အားလုံးပါဝင်သော All Inclusive ညီလာခံကြီး ဖြစ်လာဖို့ စကတည်းက လက်မခံသည့်အဖွဲ့၊ လက်ခံဖို့ တွန့်ဆုတ်နေသည့်အဖွဲ့တွေနှင့် ကြိုတင်ညှိနှိုင်း သဘောတူညီချက် ရှာဖွေထားဖို့ လိုသည်။ ညှိနှိုင်း ဆွေးနွေးလို့မှ အဖြေထွက်မလာဘူး ဆိုလျှင်လည်း ရှိသမျှအဖွဲ့တွေနှင့် မူလလမ်းကြောင်းအတိုင်း ညီလာခံ ဆက်သွားလို့ရသည်။ ဖွင့်ပွဲနေ့မှာတော့ NCA ထီးရိပ်ကို ကျယ်နိုင်သမျှ ကျယ်အောင် စည်းရုံးချဲ့ထွင်သွားမည်ဆိုသော စကားကို ကြားလိုက်ရသလို NCA ကလွဲပြီး မည်သည့် အစီအစဉ်ကိုမျှ လက်မခံနိုင်ဟု ပြတ်ပြတ်သားသား ငြင်းဆန်သံကိုလည်း ကြားလိုက်ရသည်။ သည်လိုဆိုလျှင် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေကြသော Stakeholders အားလုံး ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟု ခေါ်ဆိုနိုင်ပါတော့မည်လား။

ကေအင်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကတော့ NCA လက်မှတ် ရေးထိုးထားသောအဖွဲ့ ရှစ်ဖွဲ့လောက်နှင့် မလုံလောက်၊ တစ်နိုင်ငံလုံး လွှမ်းခြုံသက်ရောက်မှုရှိအောင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး တစ်ပြေးညီ စံချိန်စံညွှန်း သတ်မှတ်မထားဘဲ ပါဝင်စေချင်သည်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်သည်။ ယခု ညီလာခံကြီးက မပြည့်မစုံ မရှင်းမလင်းဘဲ ရုပ်ပြကျင်းပနေသည့်သဘော သက်ဝင်နေသည်။ UPDJC က ကမကထ ပြုလုပ်ထားသည့် တစ်ပိုင်းတစ်စ နိုင်ငံရေး ဆွေးနွေးပွဲများက အခြေခံမူ ၄၁ ချက် ရရှိထားပြီဟု ဆိုသည်။ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ခြင်း မရှိသေးသည့် ထိုအချက်များသည် ပြီးပြည့်စုံသည့်အချက်များ ဖြစ်နိုင်ပါမည်လား။

ပြောရလျှင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်က မျှော်မှန်း၍မရနိုင်အောင် ရှည်လျားသလို ငြင်းခုံမှုတွေ၊ ကန့်ကွက်မှုတွေ၊ သဘောမတူမှုတွေ၊ အကျပ်အတည်းတွေ၊ အခက်အခဲ အတားအဆီးတွေ မြောက်မြားစွာ ရှိနေပါသေးသည်။ အဓိကကျသော အချက်တစ်ခုက မငြိမ်းချမ်းသော နယ်မြေဒေသတွေမှာ ငြိမ်းချမ်းသွားဖို့ဖြစ်သည်။ ပထမအဆင့်အနေနှင့် ဦးစားပေးရမည့်ကိစ္စက “တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ” ပပျောက်သွားဖို့ဖြစ်သည်။ ထိုပြဿနာကို ဘုံသဘောတူညီချက်တစ်ခု တိတိကျကျ ခိုင်ခိုင်မာမာ မချမှတ် မရှာဖွေနိုင်သေးသရွေ့ ဝေါဟာရ ဈေးဆစ်မှုများ၊ ဝါကျ ငြင်းခုံမှုများနှင့်ပဲ တဝဲလည်လည်ဖြစ်နေမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေကိုသာ မြင်တွေ့နေရလိမ့်ဦးမည် ထင်ပါသည်။

ချစ်ဝင်းမောင် (၂၆-၅-၂၀၁၇)

  • VIA