News

POST TYPE

PERSPECTIVE

လွတ်ပြီ၊ သို့သော် မလွတ်မြောက်သေးခြင်း
27-May-2017
နေပြည်တော်တွင် မေလ ၂၄ ရက်၌ ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနေချိန်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသား ၂၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

သမ္မတအဆက်ဆက် လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိသော်လည်း ငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုသောအားဖြင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ထိုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံခြားသား ၇၃ ဦး၊ နိုင်ငံသား ၁၈၆ ဦး လွတ်မြောက်လာသည်။ 

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်းဖြစ်သူ ဦးဆန်းဆင့်၊ နိုင်ငံတော် အကြီးအကဲများ၏ ဓာတ်ပုံကိုပုံဖျက်၍  Facebook တွင် တင်ခဲ့သူ ကြက်ဖကြီး (ခ) ကိုလှဘုန်းတို့လည်း ပါဝင်သည်။ 

ထို့ပြင် လဝက ဥပဒေ၊ မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် ထောင်ကျခဲ့သည့် မပွင့်ဖြူလတ်၊ မောင်ဇော်ဇော်လတ်၊ ကျောက်ဖြူ လူမှုဖွံဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုအေးတို့လည်း ပါဝင်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုကြောင့် မတရားအသင်း ဥပဒေဖြင့် ထောင်ချခံရသူများအနက်မှ ရခိုင်ပြည်နယ် အကျဉ်းထောင် ၄ ခုမှ ၁၉ ဦး၊ ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်တစ်ခု မှ ၂၄ ဦး မြစ်ကြီးနားထောင်မှ သုံးဦး၊ ဗန်းမော်အကျဉ်းထောင်မှ တစ်ဦး အသီးသီး ပြန်လည်လွတ်မြောက်လာသည်။ 

သိန်းတစ်ရာ သာဝန်ဟောင်း

ကျပ်သိန်းတစ်ရာကျော် အလွဲသုံးစားမှုဖြင့် ဆိုကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသူ ဦးဆန်းဆင့် တစ်ယောက် မေလ ၂၄ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ 

ဦးဆန်းဆင့်သည် သမ္မတဦးသိန်းစိန် လက်ထက် အုပ်ချုပ်ရေးကဏ္ဍတွင် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ 

ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတွင် သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခံခဲ့ရသည်။ သို့သော်လည်း ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သာ ဆက်လက်တာဝန်ထမ်းဆောင်ကြစေလိုကြောင်း ကျုံပျော်နှင့် ပန်းတနော် ဒေသခံများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည့်အထိ ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်။ 

ဦးဆန်းဆင့် သာသနာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ချိန်၌ မဟာသန္တိသုခ ဘုန်းကြီးကျောင်းအား ဝင်ရောက်စီးနင်းမှု ဖြစ်ပွားရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အစိုးရအဖွဲ့ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းပြောကြားမှုကြောင့် အစိုးရအဖွဲ့နှင့် ဦးဆန်းဆင့်တို့ ဆက်ဆံရေးမှာ အက်ကြောင်းထင်စ ပြုလာခဲ့သည်။ 

ထိုနောက်တွင် ဦးဆန်းဆင့်ကို နိုင်ငံတော်ပိုင်ငွေ ကျပ်သိန်း ၁၀၀ ကျော်ကို အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ ရာဇဝတ်မကင်းသည့် ယုံကြည်အပ်နှံဖောက်ဖျက်မှု ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) အရ ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်းတို့ကို ချမှတ်ခဲ့သည်။ 

စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ရပြီး အကျဉ်းထောင်ထဲတွင် သုံးနှစ်ခန့် နေထိုင်ခဲ့ရသည်။ 

သာသနာရေးဝန်ကြီး ဘဝဖြင့် တရားစွဲဆိုခံရသည့် အခါတွင်လည်း တရားစွဲဆိုထားသည့် ပုဒ်မများကို ရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော်က လက်မှတ်ရေးထိုး၍ သမ္မတထံပေးပို့ တောင်းဆိုခံရသည့်အပြင် ဦးဆန်းဆင့်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုခံရသည်အထိ  ပြည်သူချစ်သော စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

 “မတရား ခံရတာတွေ ရှိနေတဲ့အတွက် ကျန်တဲ့အကျဉ်းသားတွေကိုလည်း နိုင်ငံတော်အနေနဲ့ စဉ်းစားပေးစေချင်တယ်” ဟု ထောင်မှ လွတ်လာစဉ် ဦးဆန်းဆင့်က မီဒီယာများသို့ ပြောကြားခဲ့သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် လမ်းကြောင်းနှင့် လိုက်ပါလာခဲ့သူ လက်ရှိသမ္မတ ဦးထင်ကျော်ကို နှုတ်မိန့်ဖြင့်ဖမ်းရန် ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဆင့်အဖြစ် ဇာတ်ဆရာအလိုကျ ကပြခဲ့ဖူးသူ ဦးဆန်းဆင့်တစ်ယောက်မှာ လက်ရှိတွင် သမ္မတ ဦးထင်ကျော်၏ အမိန့်ကြောင့်ပင် လွတ်မြောက်လာခဲ့ရပြီ ဖြစ်သည်။ 

ယခင်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ သက်သေအထောက်အထားများစွာ ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည့် ဦးဆန်းဆင့် တစ်ယောက် ရှေ့ဆက်မည့် အနာဂတ်အတွက် ယခုလို ဆိုသည်။

“ပြည်သူလူထုအတွက်၊ အခြေခံလူတန်းစားတွေ အတွက်၊ တောင်သူလယ်သမား အလုပ်သမားတွေအတွက် ဆက်လက်တာဝန်ထမ်းဆောင်ဖို့အတွက် သန္နိဋ္ဌာန်ထံ ချထားပြီး ဖြစ်ပါတယ်”

သင်္ဘောသား ကြက်ဖကြီး

နိုင်ငံခြားသင်္ဘောသား ကိုလှဖုန်း (ခ) ကြက်ဖကြီးတစ်ယောက် ယနေ့ နာမည်ကြီး ခေတ်ပေါ်ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခံရ၍ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်တို့၏ ပုံများကို Photoshop များ ပြုလုပ်ကာ လူမှုကွန်ရက်တွင် တင်ခဲ့သောကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

နာမည်ကျော် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသော အမှုပေါင်း မေလ ၁၇ ရက်နေ့အထိ ၆၆ မှုရှိပြီး သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က ခုနှစ်မှုသာ ရှိခဲ့ကာ ပြစ်ဒဏ်ချမှတ်ခံရသူ ငါးဦးသာ ရှိခဲ့သည်။ 

ယခုအစိုးရလက်ထက်တွင် တရားစွဲဆိုခံထားရသည့် အမှုပေါင်း ၅၉ မှု၊ ပြစ်ဒဏ်ချပြီး အမှု ၁၀ မှု၊ အာမခံမရရှိဘဲ အချုပ်ကျနေသော အမှုခြောက်မှု ရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စစ်တမ်းများအရ သိရသည်။ 

ကြက်ဖကြီးတစ်ယောက် ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ၊ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူများနှင့်အတူ ၁၅ လခန့် နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ 

နိုင်ငံရေး အသိုင်းအဝိုင်းမရှိ၊ နိုင်ငံရေး စိတ်မဝင်စားဟုဆိုသည့် ကြက်ဖကြီးက ယခုလို ဆိုသည်။ 

“အခုထွက်လာလည်း နိုင်ငံရေး မလုပ်ဘူး။ ဘယ်တော့မှ မလုပ်ဘူးဗျ၊ သင်္ဘောပြန်တက်ဖို့ကလည်း ပြင်ဆင်ဖို့ အချိန်လိုတယ်။ မြန်မာပြည်ရဲ့ တရားစီရင်ရေးမှာ တရားရေးက လူတွေက နည်းပညာကို ကောင်းကောင်းနားမလည်ကြဘူး။ အားနည်းချက်တွေ ရှိတယ်။ ဘာနိုင်ငံရေးမှ မလုပ်ဘဲနဲ့ကို ထောင်ထဲမှာ ၁၅ လ နေခဲ့ရတာဗျာ” ဟု ကြက်ဖကြီး အကောင့်ပိုင်ရှင်အဖြစ် စွပ်စွဲ ခံရသူ ကိုလှဖုန်းက ပြောသည်။ 

လေးလကျတဲ့ လေးယောက် 

စစ်ကိုင်းပညာရေးကောလိပ်တွင် ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့်မှုကြောင့် ထောင်ဒဏ်လေးလ ချမှတ်ခဲ့ရသည့် ကျောင်းသားလေးဦးမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ တရားရုံး မထီမဲ့မြင်ပြုမှုတို့ဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် လေးဦးအနက်  ကိုဇော်ရဲထွဋ်၊ ကိုရဲမျိုးဆွေနှင့် ကိုကောင်းဇော်ဟိန်းတို့မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ လွတ်မြောက်လာခဲ့သော်လည်း တစ်ပါတည်း ထောက်ဒဏ်လေးလ ချမှတ်ခံခဲ့ရသည့် ကိုနှင်းအောင်မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိချေ။ 

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်  ပြန်လည်လွတ်မြောက်လာသူ နိုင်ငံခြားသား ၇၃ ဦးအနက် ထူးခြားသူတစ်ဦးလည်း ပါဝင်ခဲ့သည်။

ယင်းမှာ ဒေါက်တာ ဆိုဖာတ်လာဝါ ဟန်ဝပ်ထနမ် (Suphat Lauhawatana) ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် မြန်မာ ခြံအလုပ်သမားငါးဦးကို သတ်၍ ၎င်း၏ ခြံဝင်းအတွင်း မြေမြှုပ်ထားခဲ့သူ ဖြစ်သည်။ အဆိုပါကိစ္စဖြင့် တရားရင်ဆိုင်နေခဲ့ချိန်တွင် အာမခံ ရရှိသွားပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်တိမ်းရှောင်နေခဲ့သူသည်။ ယင်းနောက် ပြီးခဲ့သည့်လပိုင်းက မော်လမြိုင်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းမိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ထိုင်းတရားရုံးက ဒေါက်တာဆိုဖာတ်လာဝါ ဟန်ဝပ်ထနမ်ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တရားခံပြေးအဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ တရားခံပြေးကိုမူ မြန်မာအစိုးရက ထိုင်းအစိုးရထံသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။

အိုးစားဖက်များ 

NLD ပါတီ၏ ဒီမိုကရေစီ ခရီးကြမ်းတွင် လက်တွဲဖော် အိုးစားများမှာ နိုင်ငံရေး အကျဉ်းသားများပင် ဖြစ်သည်။ ငြိမ်းချမ်းရေး ညီလာခံအကြို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား ၁၈၆ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၆၃ ဦး ပါရှိသည်။ 

နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီထောက်ပံ့ရေးအသင်း၏ စာရင်းများအရ အကျဉ်းထောင် အသီးသီးတွင် ၃၀ ကျော် ကျန်ရှိနေပြီး၊ လက်ရှိတွင်လည်း နိုင်ငံရေးပုဒ်မများနှင့် တရားရင်ဆိုင်နေရသူ ၁၈၅ ဦးအထိ ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီထောက်ပံ့ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်ကပြောသည်။ 

“လွှတ်တဲ့လူနဲ့ ထပ်ပြီး တရားစွဲခံနေ ရတဲ့သူတွေက မမျှဘူး။ ပုဒ်မ ၁၇(၁) နဲ့ စွဲခံထားရသူ များတယ်။ တခြားပုဒ်မတွေလည်း ရှိနေတယ်။ ဥပမာ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ ဒါတွေလည်း ရှိတယ်။ အမျိုးသားသင့်မြတ်ရေးအတွက် ဆိုရင်တော့ ဒါတွေကို ပြန်လွှတ်ပေးသင့်သလို တရားစွဲလက်စ အမှုတွေကိုလည်း ပြန်သုံးသပ်ပေးဖို့ လိုတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီထောက်ပံ့ရေးအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။ 

တစ်နိုင်ငံလုံး လွတ်မြောက်ပါစေ

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် တစ်နည်းအားဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ လူပုဂ္ဂိုလ် ၂၆၀ နီးပါးမှာ လွတ်မြောက်သွားကြပြီ ဖြစ်သည်။ 

သို့သော်လည်း မြန်မာနိုင်ငံလူဦးရေ  ၅၂ သန်းကျော်ကမူ မလွတ်မြောက်နိုင်သေး။ 

ထို့အတူ တစ်နေ့ ၃၆၀၀ ကျပ်ရရေး၊ အလုပ်အကိုင်ရရေးအတွက် တိုက်ပွဲဝင်နေရသည့် ကာယလုပ်သားများ၊ ပြည်တော်မပြန်နိုင်သေးသည့် ပြည်ပရောက် အလုပ်သမားများသည်လည်း စီးပွားရေး ချွတ်ခြုံကျနွံအတွင်းမှ မလွတ်မြောက်နိုင်သေးပါ။ 

ထို့အတူပင် မြန်မာပြည်မြောက်ပိုင်းတွင် စစ်မက်များက ရံဖန်ရံခါ  ဖြစ်ပွားဆဲ ဖြစ်ရာ ပြည်သူများမှာ စစ်မက်နွံအတွင်းက မလွတ်မြောက်နိုင်သေး။ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းမှုမဲ့စွာ ပြေးလွှားနေရသည့် တိုင်းရင်းသားပြည်သူများ၊ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ နေထိုင်နေရသည့် ဘဝမှာလည်း မလွတ်မြောက်နိုင်သေး။ 

မေလ ၂၄ ရက်တွင်တော့ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံကို နေပြည်တော်၌ ကျင်းပလျက်ရှိပြီဖြစ်သည်။ ဆွေးနွေးသည့် အဖွဲ့များကတက်သည့် အဖွဲ့တက်၊ မတက်သည့်အဖွဲ့ မတက်နှင့် ဖြစ်ရာ မြန်မာပြည်သူများအတွက် မည်သည့်အချိန်တွင် ငြိမ်းချမ်းရေး ရ၍ လွတ်လပ်မည်နည်း ဆိုသည်ကတော့ မရေရာသေး။ 

သို့သော် နယ်စပ်တစ်လျှောက် နှစ်ပေါင်းများစွာ ပြေးလွှားခိုလှုံနေရသည့် တိုင်းရင်းသား ပြည်သူများ၏ မျှော်လင့်ချက်ကတော့ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ထိုမျှော်လင့်ချက်ကို မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ SAW HONEST က ယခုကဲ့သို့ ပြောသည်။ 
“အခုအစိုးရ လက်ထက်မှာလည်း ကြောက်ရွံမှုတွေမရှိတဲ့ ငြိမ်းချမ်းရေးလက်ဆောင် လိုချင်ပါတယ်။ ကိုယ့်မြေမှာ ကိုယ်အခြေချဖို့ မျှော်လင့်ချက်က ခုထိရှိနေတုန်းပဲ”

ခိုင်ခိုင်