News

POST TYPE

PERSPECTIVE

၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံနှင့် စီးပွားရေး
27-May-2017

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်တွင် ‘ပါဝင်သင့် ပါဝင်ထိုက်သူ’ အဖြစ် စီးပွားရေးကဏ္ဍတွင် ဝင်ဆွေးနွေးရန် အစိုးရက ဖိတ်ကြားသည့်အတွက် ကျွန်တော် တက်ရောက်ဆွေးနွေးနေပါသည်။  ဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေး ညီလာခံတွင်လည်း ‘ပါဝင်သင့် ပါဝင်ထိုက်သူ’ အဖြစ် စီးပွားရေးကဏ္ဍတွင် တက်ရောက်ဆွေးနွေးသည့် အတွက် အစိုးရနှစ်ဆက် ငြိမ်းချမ်းရေး ညီလာခံ နှစ်ကြိမ်တွင် ပါဝင်ဆွေးနွေးဖြစ်ခြင်း။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးဟု ကဏ္ဍငါးရပ်ခွဲပြီး ဆွေးနွေးကြသည့်အနက် စီးပွားရေးကဏ္ဍတွင် ဝင်ဆွေးနွေးဖြစ်သည့် အတွက် ယခုရက်သတ္တပတ်သည် ကျွန်တော့်အတွက် ငြိမ်းချမ်းရေးနှင့် စီးပွားရေး ရက်သတ္တပတ် ဖြစ်သည်။

ကျွန်တော်တက်ခဲ့သော ငြိမ်းချမ်းရေး ညီလာခံနှစ်ခု အတွင်းမှ မြင်သမျှရော အပြင်မှ မြင်သမျှရော အစိုးရ နှစ်ဆက်လုံးသည် ငြိမ်းချမ်းရေးကို  ဦးထိပ်ထားကြသည်ချည်း ဖြစ်သည်။ ဦးသိန်းစိန် လက်ထက်ကလည်း ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ငြိမ်းချမ်းရေး ဦးစားပေး။ ဦးသိန်းစိန် လက်ထက်တွင်  ငြိမ်းချမ်းရေးတွင် အောင်မြင်မှုအချို့ ရခဲ့သလို ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင်လည်း တိုးတက်မှုအချို့ ရရှိနေသည်။ သို့သော် လုပ်နည်းလုပ်ဟန်အချို့ ကွဲပြားသလို အစိုးရအဖွဲ့ပေါ် ထောက်ခံမှုသည်လည်း ကွဲပြားမှု ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေဖြင့် မိမိ၏  အားသာချက်များကို အပြည့်အဝ အသုံးချနိုင်လျှင် အောင်မြင်မည်။

နိုင်ငံအတွက် အလွန်အရေးကြီးသော ငြိမ်းချမ်းရေး ညီလာခံပီပီ ဖွင့်ပွဲမစခင် တစ်ရက်ကတည်းက ဟိုအဖွဲ့တက်မည်၊ ဒီအဖွဲ့ထွက်မည် စိတ်လှုပ်ရှားစရာအချို့ ကြားရသည်။ ခေါင်းဆောင်များ၏ အဖွင့်မိန့်ခွန်းကလည်း အိပ်မငိုက်ဘဲ တစ်လုံးချင်း နားစိုက်ထောင်ရလောက်အောင် ဖြစ်သည်။ သူတို့ ကိုယ်စားပြုသော Institution များ၏ ရပ်တည်ချက်ကို ပြောကြားကြခြင်းဟု နားလည်မိသည်။ မိန့်ခွန်းတွင် ခေါင်းဆောင်တစ်ဦးနှင့်တစ်ဦး အမြင်မတူခြင်းများကို တွေ့ရသည်။ သို့သော် အမြင်အားလုံးတူနေလျှင် ငြိမ်းချမ်းရေး ညီလာခံပင် လုပ်စရာမလိုရာ သဘာဝဟု ဆိုရမည်သာ။ 

China Factor 

အများအပြား သတိထားပြီး ဖြစ်သည့်အတိုင်း တရုတ်၏ အခန်းကဏ္ဍသည် ငြိမ်းချမ်းရေးတွင် ကြီးမားလာသည်။ ယခု ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံတွင်မူ တရုတ်၏ အခန်းကဏ္ဍမှာ အထူးထင်ရှားသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ညီလာခံ ကျင်းပမည့် တစ်ရက်အလိုအထိ   တက်ရန် မတက်ရန် မသေချာသေးဘဲ တရုတ်က ကြားဝင်ညှိနှိုင်းပေးခြင်းကို အသင့်စောင့်နေပြီး ညှိနှိုင်းရရှိမှ လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမှ နေပြည်တော်သို့ ရောက်လာကြခြင်း ဖြစ်သည်။ စင်စစ် နယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ နယ်စပ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များ ရှိသော တိုင်းပြည်များတွင် ပြည်တွင်းစစ် ရပ်စဲရန်သည် ထိုနယ်စပ်၏ အခြားတစ်ဖက်ရှိ နိုင်ငံခြားအစိုးရအဖွဲ့၏ သဘောထားပေါ်တွင် အတိုင်းအတာတစ်ခုထိ မူတည်သည်။ ထို့ကြောင့် တရုတ်အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးကို လိုလားသည့်သဘောမှာ လက္ခဏာကောင်း ဖြစ်သည်။ 

ဘယ်ဟာ ပထမလဲ

ငြိမ်းချမ်းရေးနှင့် စီးပွားရေးသည် ဟိုဟာပထမ၊ သည်ဟာ ပထမဟု အငြင်းပွားရန် မလိုပါ။ ကဏန်းလက်မကဲ့သို့ နှစ်ဖက်ညှပ်သွားရန် လိုသည်။ မြန်မာနိုင်ငံတွင် ခံစားနေရသော ပြဿနာအချို့သည် စီးပွားရေး အရင်းအမြစ်ရရှိမှု၊ စီးပွားရေးဖွံ့ဖြိုးမှု အကျိုးခံစားရမှုတို့ပေါ် မူတည်ပြီး  ဖြစ်ပေါ်လာသော ပြဿနာများ ဖြစ်သည်။ နိုင်ငံရေး ပြဿနာဟု ထင်ရသော်လည်း စီးပွားရေး ပြဿနာများဖြစ်သည်။ ငြိမ်းချမ်းရေး ပြဿနာ အများအပြားသည်လည်း ငြိမ်းချမ်းရေး ပြဿနာ အသွင်ဆောင်သော်လည်း စီးပွားရေး ပြဿနာများ ဖြစ်သည်။ ‘A hungry man is an angry man’ ‘ဗိုက်ဆာလျှင် ဒေါသထွက်သည်’ ဟူသော စကားပုံသည် ယခုနေရာတွင် ကွက်တိဖြစ်သည်။ တစ်ဖန် စစ်ဖြစ်ပွားနေသော ဒေသများတွင် စီးပွားရေး ပြေလည်မှသာ ငြိမ်းချမ်းရေးကို အကျိုးပြုမည် မဟုတ်ဘဲ စစ်မက်ကင်းဝေးသော ဒေသများတွင် စီးပွားရေး တိုးတက်လျှင်လည်း အဆင့်ဆင့် သက်ရောက်ခြင်းဖြင့် စစ်ဖြစ်ပွားနေသော ဒေသများ  ငြိမ်းချမ်းရေးကို ရရှိစေမည် ဖြစ်သည်။ တိုတိုပြောလျှင် စီးပွားရေး ပြေလည်အောင် ဆောင်ရွက်လိုက်လျှင် ငြိမ်းချမ်းရေးလည်း ပြေလည်မည်။

စစ်၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး

မည်သည့်အရာမျှ စီးပွားရေးနှင့် မကင်းသည့်အတိုင်း စစ်သည် စီးပွားရေးတစ်မျိုး ဖြစ်သည်။ ‘စစ်သည် ကောင်းသည်’ ဟု  ပြောသူရှားမည် ဖြစ်သော်လည်း စစ်ကြောင့် စီးပွားဖြစ်ကြသည်များလည်း ရှိသည်။  ဥပမာ - ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်တို့ စီးပွားရေး တစ်ရှိန်ထိုးတက် သွားခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်မှာ နယ်မြေများ စစ်တိုက်သိမ်းပိုက်ပြီး ဈေးကွက်မောင်ပိုင် စီးနိုင်သောကြောင့်၊ သယံဇာတ ထွက်ကုန်များကို လက်ဝါးကြီး အုပ်နိုင်သောကြောင့် ခုန်ပျံကျော်လွှား တိုးတက်သွားခြင်း ဖြစ်သည်။ နောက် ဥပမာတစ်ခုမှာ အမေရိကန်နိုင်ငံ၏ military-industry complex ဟု တင်စားသော စစ်နှင့် စီးပွားရေး အပြန်အလှန် ဆက်စပ်မှု။ စစ်ဖြစ်လျှင် လက်နက်ရောင်းရသည်။ အမေရိကန် ပါဝင်မတိုက်လျှင်ပင် အခြားဒေသများ စစ်ဖြစ်လျှင် အမေရိကန် လက်နက်ကုမ္ပဏီများ လက်နက်ရောင်းရနိုင်သည်။ ဒုတိယကမ္ဘာစစ်တွင် အမေရိကန်၏ military-industry complex သည် စီးပွားများစွာ ဖြစ်ထွန်းပြီး အမေရိကန်စီးပွားရေးကို ယင်းကာလတွင် လည်းကောင်း၊  ယင်းကာလနောက်ပိုင်း ယခုအထိလည်းကောင်း အကျိုးကောင်းစွာ ပြုခဲ့သည်။ နောက်တစ်ချက်၊ ယနေ့ခေတ် လှုပ်ရှားဆောင်ရွက်မှု အများစုသည် ငွေမရှိလျှင် လုပ်မရ၊ စစ်တိုက်ခြင်းသည်လည်း ခြွင်းချက်မဟုတ်။  စစ်တိုက်ရန် လက်နက်၊ လူသူ၊ ရိက္ခာတို့သည် ငွေရှိမှ ဖြစ်သည်။ ထို့ကြောင့်  စစ်တိုက်ရာတွင် လိုအပ်သော အကြောင်းတရားများကို သိရှိနားလည်လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုအထောက်အကူဖြစ်မည်။ 

စစ်ဖြစ်ပွားနေစဉ် ဖြစ်ပေါ်သော စစ်စီးပွားရေး War Economy နှင့် ငြိမ်းချမ်းရေး စီးပွားရေး Peace Economy တို့သည်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည်။ စစ်ဖြစ်ပွားသော ဒေသများတွင် မြေအောက်စီးပွားရေး Underground Economy ကြီးစိုးသည်။ ရေရှည်လုပ်ဆောင်ပြီးမှ အကျိုးစီးပွား ဖြစ်ထွန်းသော စီးပွားရေးလုပ်ငန်းထက် ဆူလွယ်နပ်လွယ် စီးပွားရေးသာ လုပ်ကြကိုင်ကြမည်။  
မြေအောက်စီးပွားရေးနှင့် ဆူလွယ်နပ်လွယ် စီးပွားရေး နှစ်ခုလုံးနှင့် ကိုက်ညီသည်မှာ မူးယစ်ဆေးဝါးနှင့် ကျောက်မျက်ကုန်သွယ်ရေးဖြစ်ရာ ယင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင်း စစ်ဖြစ်ပွားနေသော သို့မဟုတ် စစ်ဖြစ်ပြီးစ ဒေသများတွင် တွေ့ရသည်မှာ သဘာဝ။ ဒေသခံများအတွက် အခွန်အကောက်သည်လည်း ဒေသခံ လက်နက်ကိုင်ကိုလည်း ပေးရ၊ အစိုးရကိုလည်းပေးရနှင့် အခွန်နှစ်ထပ် သုံးထပ်ကျသင့်မည်။ 

ယခုလောလောဆယ်တွင် စီးပွားရေးဟု ပြောဆိုနေကြသည့်  စီးပွားရေး လုပ်ထုံးလုပ်နည်း နည်းနာများသည် Peace Economy ဟုခေါ်သော ငြိမ်းချမ်းစဉ်ကာလ စီးပွားရေး လုပ်ထုံးလုပ်နည်းများ ဖြစ်ကြသည်။ စစ်ဖြစ်ပွားသည့် ဒေသများ၊ စစ်ဖြစ်ပြီးစ ဒေသများတွင် ငြိမ်းချမ်းစဉ်ကာလ စီးပွားရေး လုပ်ထုံးလုပ်နည်းများသည် အလုပ်ဖြစ်ရန် ခဲယဉ်းသည်။ 

စီးပွားရေးကဏ္ဍ ဆွေးနွေးချက်များ

စီးပွားရေးကဏ္ဍသည် နိုင်ငံရေးနှင့် မတူဘဲ ပညာရပ် အနည်းငယ် ဆန်သော်လည်း တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြသည်။ ဆွေးနွေးသူများသည် သူတို့လာသော ဒေသများ၊ အဖွဲ့အစည်းများ အမြင်ကို ထင်ဟပ်ဆွေးနွေးကြရာ မြန်မာပြည်၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကို ရှုထောင့်အမျိုးမျိုးမှ မြင်ရသည်။ စီးပွားရေးကဏ္ဍ၌ အခြေခံမူများ ချမှတ်ရာတွင်  ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများဟု နှစ်ပိုင်းပိုင်းသည်။ ဖက်ဒရယ် စီးပွားရေးစနစ်နှင့် ရိုးရိုးစီးပွားရေး ရောထွေးနေသည်ကို မြင်ရသည်။ ဥပမာ-  ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများတွင် ပါဝင်သောအချက်အချို့ ဖြစ်သည့် ဈေးကွက်စီးပွားစနစ်ကို ပီပြင်စွာ ဖော်ဆောင်ရေး၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေရန် တားဆီးကာကွယ်ရေးတို့သည် ဖက်ဒရယ်စနစ် ကျင့်သုံးသောနိုင်ငံ ဖြစ်စေ၊ ဖက်ဒရယ်စနစ် မကျင့်သုံးသော နိုင်ငံဖြစ်စေ စီးပွားရေး အောင်မြင်လိုလျှင် ကျင့်သုံးလေ့ရှိသော အခြေခံမူများ ဖြစ်သည်။

စီးပွားရေးနှင့် ငြိမ်းချမ်းရေးကို ဒွန်တွဲစဉ်းစားရန် လိုသည်။ တစ်ခုလိုတိုင်း တစ်ခုကို ပစ်စရာမလိုပါ။ 

ဇေယျသူ

ABOUT AUTHOR

(ေဇယ်သူ)