News

POST TYPE

PERSPECTIVE

တက်ဟုန်း Daehong ကပေးတဲ့ အတွေးစ
25-May-2017
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် (Yunnan Province)၊ တက်ဟုန်းပြည်နယ်ခွဲ (Daehong Prefecture)၊ မန်စီမြို့ (Mangshi) ကို ဒီနှစ်မေလမှာ တရုတ်-မြန်မာဖိုရမ် ဆွေးနွေးပွဲတစ်ခု တက်ဖို့ ရောက်ဖြစ်ခဲ့တယ်။ တက်ဟုန်းဆိုတာ ယူနန်ပြည်နယ်ရဲ့ ပြည်နယ်ခွဲ (Prefecture) ၁၆ ခုရှိတဲ့အနက်က ပြည်နယ်ခွဲတစ်ခု ဖြစ်ပါတယ်။ တက်ဟုန်းပြည်နယ် အကြောင်းကို တက်ဟုန်းခရီးသွား ဆောင်းပါးခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးဖြစ်လို့ အသေးစိတ်တော့ မရေးတော့ပါဘူး။ သို့သော် ရေးသားတင်ပြလိုတဲ့ အကြောင်းအရင်း ပေါ်လွင်အောင် တက်ဟုန်းအကြောင်းကို အနည်းငယ်တော့ ရေးခြစ်ဖို့ လိုပါလိမ့်မယ်။

ဆိုခဲ့သလို တက်ဟုန်းပြည်နယ်ခွဲဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အဲဒီမှာ မြန်မာနိုင်ငံက ရှမ်းနဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်ဝင်တွေ အများအပြား နေထိုင်ကြပါတယ်။ သူတို့ဆီမှာတော့ ရှမ်းကို တိုင် (Dai) လို့ခေါ်ပြီး ကချင်ကို ဂျင်းဖော (Jingpo) လို့ ခေါ်ပါတယ်။ အဲဒီလို ရှမ်းနဲ့ ကချင်လူမျိုး အများအပြား နေထိုင်တဲ့ဒေသဖြစ်လို့ အဲဒီဒေသ တက်ဟုန်းကို တက်ဟုန်းတိုင်နှင့် ဂျင်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ (Dehong Dai and Jingpo Autonomous Prefecture) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ခရိုင်သဘောမျိုး ဖြစ်မှာပေါ့။ မြန်မာဘက် ရှမ်းပြည်နယ်မှာ တောင်ကြီးခရိုင်၊ လားရှိုးခရိုင်၊ ကျိုင်းတုံခရိုင်ဆိုပြီး သတ်မှတ်တည်ရှိသလို တရုတ်ဘက် ယူနန်ပြည်နယ်မှာ တက်ဟုန်းခရိုင် တစ်နည်း တက်ဟုန်းပြည်နယ်ခွဲ ဖြစ်ပါတယ်။

စာရေးသူ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်၊ ရှန်ဟိုင်းမြို့နဲ့ ကူမင်း၊ လိဂျန်၊ ဒါလီစတဲ့ ယူနန်ပြည်နယ် အစိတ်အပိုင်း အချို့ကို ရောက်ရှိ လည်ပတ်ခဲ့ဖူးပါတယ်။ တက်ဟုန်းကိုတော့ အခုအကြိမ်ဟာ ဒုတိယအကြိမ် ရောက်ရှိတာ ဖြစ်ပါတယ်။ တက်ဟုန်းကို ပထမအကြိမ် ရောက်တာ ၂၀၁၄ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက တက်ဟုန်းရဲ့ မြို့တော်မန်စီ လေယာဉ်ကွင်းကို ရောက်ရောက်ချင်း လေဆိပ် အဆောက်အအုံမှာ လေဆိပ်အမှတ် အသား ကြီးမားတဲ့ စေတီပုထိုးတစ်ဆူကို တွေ့ရပါတယ်။ အဲဒီနောက် လေဆိပ်ကနေ တည်းခိုတဲ့ဟိုတယ်ကို သွားတဲ့အခါမှာလည်း လမ်းတစ်လျှောက် ဥဒေါင်းရုပ်တွေ၊ မုခ်ဦးပြာသာဒ်တွေ၊ စေတီပုထိုးတွေ မကြာခဏဆိုသလို တွေ့ရပါတယ်။ မြို့အလယ် ကြီးမားလှတဲ့ အဝိုင်းကြီးမှာလည်း လက်ရာမြောက် သပ်ရပ်ခံ့ညားတဲ့ ရွှေရောင်စေတီပုထိုး အစုအဝေးကြီးကို တွေ့ရပါတယ်။ မန်စီမြို့ရဲ့ အမှတ်သင်္ကေတ၊ တက်ဟုန်းရဲ့ အမှတ်သင်္ကေတလို့လည်း သိရပါတယ်။ တက်ဟုန်းပြည်နယ်ခွဲမှာ လူဦးရေ ၁ ဒသမ ၂၈ သန်းခန့် မှီတင်း နေထိုင်ကြတဲ့အနက် တစ်ဝက်ခန့်ဟာ ဟန်တရုတ်လူမျိုးများ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တစ်ဝက်ခန့်ကတော့ တိုင်၊ ဂျင်းဖောနဲ့ အခြားတိုင်းရင်းသား မျိုးနွယ်စု အငယ်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက ပလောင်၊ လီဆူ အစရှိတဲ့ တိုင်းရင်းသား အစုအဖွဲ့များလည်း တက်ဟုန်းမှာ ရှိပါတယ်။

စာရေးသူ အမေရိကန်၊ ဥရောပ၊ အာရှ နေရာအတော်များများ ရောက်ဖူးပါတယ်။ ဘဝမှာ ပထမဆုံး ရောက်တဲ့နိုင်ငံက စင်ကာပူနိုင်ငံပါ။ ဒီနောက် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတွေဆီ ရောက်တယ်။ ဒါ အာရှတိုက်နဲ့ ပတ်သက်လို့ ပြောတာပါ။ ထိုင်းနဲ့ တရုတ်ကလွဲရင် အဲဒီအာရှနိုင်ငံတွေဆီ အခုထိတော့ နောက်ထပ်တစ်ကြိမ် ထပ်မံ မရောက်ဖြစ်တော့ပါ။ အာရှနိုင်ငံတွေအနက် တရုတ်နိုင်ငံကိုရောက်တာ နောက်ဆုံးမှ ရောက်တယ်လို့ ပြောလို့ရပါတယ်။ တရုတ်နိုင်ငံမှာမှ ယူနန်ပြည်နယ် မြို့တော်ကူမင်းကို ရောက်ရှိလည်ပတ်ဖြစ်တာ အခု တက်ဟုန်း ခရီးစဉ်နဲ့ဆို အနည်းဆုံး ငါးကြိမ်လောက် ရှိပါပြီ။  ယူနန်ပြည်နယ် မြို့တော်ကူမင်းကနေ တက်ဟုန်းပြည်နယ်ခွဲ မြို့တော်မန်စီကို လေယာဉ်နဲ့ ၁ နာရီလောက် စီးရပါတယ်။ လေယာဉ်လက်မှတ်က တစ်ကြောင်းကို တရုတ်ယွမ် ၅၀ဝ ($ ၇၂ ဝန်းကျင်) ကျသင့်တယ်လို့ သိရပါတယ်။ ကြုံတုန်းရေးချင်တာ ရန်ကုန်ကနေ ကူမင်းကို လေယာဉ်နဲ့ ၂ နာရီ မိနစ် ၂၀ လောက်စီးရပြီး လေယာဉ်ခ တစ်ကြောင်းကို တရုတ်ယွမ် ၁ယ၅၀ဝ ($ ၂၁၇ ဝန်းကျင်) ကျသင့်ပါတယ်။ ဈေးနှုန်းကတော့ ခရီးသွားတဲ့ အချိန်အပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါလိမ့်မယ်။

ကူမင်းနဲ့ မန်စီက ၆၅၀ ကီလိုမီတာလောက် ကွာဝေးတာမို့ ကားနဲ့ ဆို ၈ နာရီလောက် ကြာတယ်လို့ သိရပါတယ်။ အခုဆို ကူမင်းကနေ မန်စီကို ရထားလမ်း ဖောက်နေပြီဖြစ်လို့ နောက်လေး၊ ငါးနှစ်လောက်မှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံသားတွေနဲ့ ရင်းနှီးတဲ့ ရွှေလီမြို့ (Ruili) ဟာ တက်ဟုန်းအပိုင်ထဲမှာ ပါပါတယ်။ ဒီနေရာမှာ ကြုံတုန်း ဖတ်မိသလောက် တက်ဟုန်းခရိုင် ဖွဲ့စည်းပုံကို နည်းနည်း ရေးချင်ပါတယ်။ တက်ဟုန်းပြည်နယ်ခွဲမှာ တရုတ်ဖွဲ့စည်းပုံအရ စီရင်စု (သို့) ကောင်တီ (County) နဲ့ ကောင်တီအဆင့် မြို့နှစ်မြို့ ရှိပါတယ်။ အဲဒါတွေက လျန်ဟိုကောင်တီ (Lianghe County)၊ ယင်ကျန်း ကောင်တီ (Yingjiang County)၊ လွမ်ချွမ်းခရိုင် (Longchuan County)၊ မန်စီမြို့နဲ့ ရွှေလီမြို့တို့ပဲ ဖြစ်ပါတယ်။ မန်စီကနေ ရွှေလီကို ကားနဲ့သွားရင် မောင်းတဲ့နှုန်းအပေါ် မူတည်ပြီး ၁ နာရီခွဲကနေ ၂ နာရီမက ကြာမြင့်တတ်ပါတယ်။ 

မန်စီမှာ တရုတ်-မြန်မာ ချစ်ကြည်ရေးသစ်ပင် (Sino-Myanmar Friendship Tree)၊ တရုတ်-မြန်မာ ချစ်ကြည်ရေးပြတိုက် (China-Myanmar Friendship Memorial Hall)၊ မန်စီစေတီ (Mangshi Pagoda)၊ မန်စီ ဥဒေါင်းအင်း (Peacock Lake)၊ ကျောက်မျက်ဈေးတန်း (Gems Market) တို့ဆီ သွားရောက် လည်ပတ်နိုင်သလို မြန်မာတို့နဲ့ ရင်းနှီးလှတဲ့ ရွှေလီမြို့မှာလည်း ရွှေလီ-မူဆယ် နယ်စပ်ကျောက်တိုင်နဲ့ နယ်စပ်ဂိတ် (Ruili-Muse Border Crossing)၊ တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား (Wanding Bridge)၊ ကျောက်မျက်ဈေး၊ ကျောက်စိမ်း အရိုင်းတုံး ရောင်းဝယ်ရေးဈေးတန်း (Jade Market)၊ ပရိဘောဂဈေး (Furniture Market)၊ ရွာတစ်ရွာတည်းကို နယ်စပ်မျဉ်း ဖြတ်သန်းပြီး တရုတ်ဘက် ရွာတစ်ခြမ်း၊ မြန်မာဘက် ရွာတစ်ခြမ်း တည်ရှိတဲ့ နှစ်ပြည်တစ်ရွာ (One village and two countries) နဲ့ အခြား လည်ပတ်စရာ အများအပြား ရှိပါတယ်။ ရွှေလီ ရောက်ခဲ့တဲ့ နှစ်ကြိမ်စလုံး ရှမ်းစားသောက်ဆိုင်၊ ကချင်စားသောက်ဆိုင်တွေမှာ စားသောက်ခဲ့သလို အဲဒီက ရှမ်းရွာ၊ ကချင်ရွာတွေဆီလည်း အလည်အပတ် ရောက်ခဲ့ပါတယ်။ လန်းဆန်းတက်ကြွတဲ့ ရှမ်း၊ ကချင်အကအလှတွေ၊ နုပျိုချောမောတဲ့ ရှမ်း၊ ကချင် လူငယ်၊ လူရွယ်တွေလည်း တွေ့ခဲ့ပါတယ်။ အချို့လည်း တရုတ်နဲ့ သွေးရောနေပေမယ့် အချို့ကတော့ ရှမ်း၊ ကချင်၊ လီဆူ၊ တအာင်း တိုင်းရင်းသား စစ်စစ်တွေ ဖြစ်ကြပါတယ်။ စာရေးသူနဲ့ ခင်မင်တဲ့ တက်ဟုန်းက တာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံသား တအာင်းအမျိုးသား တစ်ဦးဖြစ်ပြီး ရွှေလီက တာဝန်ရှိသူတစ်ဦးကတော့ တရုတ်နိုင်ငံသား ကချင်တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ စာရေးသူနဲ့ ညီအစ်ကိုလိုခင်တဲ့ ကူမင်းမြို့က တရုတ်နိုင်ငံသား သုတေသီတစ်ဦးက နာရှီတိုင်းရင်းသား (Naxi) တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ယူနန်ပြည်နယ်ဟာ တရုတ်နိုင်ငံ ပြည်နယ်အဆင့် သတ်မှတ်ထားတဲ့ ၃၄ ပြည်နယ်အနက်က တိုင်းရင်းသား အများအပြား နေထိုင်တဲ့ ပြည်နယ်အဖြစ် လူသိများပါတယ်။

တက်ဟုန်းမှာရှိစဉ် မြန်မာမိတ်ဆွေများနဲ့ စကားပြောရင်း ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို အားမလို အားမရ ဖြစ်ကြရပါတယ်။ တက်ဟုန်းလို နယ်စပ်ခရိုင်၊ ပြည်နယ်ခွဲ တစ်ခုမှာတောင် အချို့တိုက်တာ အဆောက်အအုံတွေ၊ လမ်းပန်း၊ ဆက်သွယ်ရေးတွေဟာ ရန်ကုန်မြို့ထက် သာလွန်ကောင်းမွန်တာ တွေ့ရပါတယ်။ ယူနန်ပြည်နယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တွေထဲမှာ ပါဝင်ပြီး တက်ဟုန်းပြည်နယ်ခွဲဟာ ယူနန်ပြည်နယ်မှာ တည်ရှိလို့ တရုတ်နိုင်ငံ အဆင့်မှာတင် ဖွံ့ဖြိုးမှုနည်းပါးတဲ့ ပြည်နယ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ သို့သော်ငြား တက်ဟုန်းရဲ့ လမ်းပန်း ဆက်သွယ်ရေး၊ ရေ၊ မီး၊ အဆောက်အဦ စတဲ့အခြေခံ ပြည်သူ့ဝန်ဆောင်မှု အချို့ဟာ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်ထက်တောင် သာလွန်ကောင်းမွန်နေချင်တာ တွေ့ရပါတယ်။ စာရေးသူတို့ လေ့လာရေးအဖွဲ့ဝင် အချို့ကတော့ တက်ဟုန်းနဲ့ ရန်ကုန်ကို နှိုင်းယှဉ်ပြီး ဖွံ့ဖြိုးမှု နှေးကွေးလှတဲ့ မြို့ရန်ကုန်အတွက် စိတ်မကောင်းဖြစ်မိတယ်။ တက်ဟုန်းမှာရှိစဉ် တက်ဟုန်းဆရာများကောလိပ် (Dahong Teachers’ College) ဆိုတာဆီ သွားလေ့လာပါတယ်။ နယ်ကောလိပ်ဆိုတော့ သာမန်ပဲဆိုပြီး အစကတော့ စိတ် သိပ်မဝင်စားလှပါဘူး။ ရောက်သွားတော့မှ မြန်မာနိုင်ငံအဆင့် ကောလိပ်တွေ၊ တက္ကသိုလ်တွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် ကြီးမားခံ့ညားတဲ့ ကျောင်းတော်ကြီးဖြစ်နေတာ သတိပြုမိပါတော့တယ်။ သပ်ရပ်ကောင်းမွန်တဲ့ စာသင်ဆောင်တွေ၊ ဆရာ၊ ဆရာမ အဆောင်တွေ၊ ကြီးမားခံ့ညားတဲ့ စာကြည့်တိုက်၊ ပြတိုက် စတာတွေ တွေ့ရပါတယ်။ အဲဒီကောလိပ်ရဲ့ အချို့သော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေဟာ စာရေးသူတို့ ရန်ကုန်တက္ကသိုလ်ထက်တောင် သာလွန်ကောင်းမွန်ချင်ပါတယ်။ ကျောင်းရဲ့ လော်ဘီ (ဧည့်ခန်းမဆောင်) ဆိုရင်လည်း စာရေးသူ အမေရိကားမှာ တက်ခဲ့တဲ့ နာမည်ကြီး တက္ကသိုလ်ရဲ့ အသွင်သဏ္ဌာန်တွေကို အမှတ်ရစေပါတယ်။ ရောက်တုန်းခဏမို့ ဒီကောလိပ်ရဲ့ လူသားအရင်းအမြစ်၊ သင်ကြား၊ သင်ယူမှု ပညာရေး အရည်အသွေး၊ စံချိန်၊ စံညွှန်းများကိုတော့ လေ့လာ၊ မတီးခေါက်မိပါ။ မြန်မာနိုင်ငံမှာ စာရေးသူ ရောက်ဖူးတဲ့ နယ်ဒေသ ကောလိပ်၊ တက္ကသိုလ်များရဲ့ ပြည့်စုံမှု မရှိလှတဲ့ ပညာရေးဝန်းကျင် အခြေအနေများကို မြင်ယောင်မိပြီး စိတ်ထဲမကောင်း ဖြစ်ခဲ့ရတယ်။

စာရေးသူ မနှစ်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ဆီ အလုပ်ကိစ္စနဲ့ ရောက်ဖြစ်တယ်။ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်ဆိုတာ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲလိုပေါ့။ မြန်မာနိုင်ငံမှာတော့ ပြည်နယ်ခွဲလို့ မသုံးဘူး။ ခရိုင်လို့ သုံးတယ်။ လားရှိုးမြို့က မန်စီမြို့လိုပေါ့။ ခရိုင်မြို့တော် ဖြစ်တယ်။ လားရှိုးကို လေးခေါက်လောက် ရောက်ဖူးတယ်။ လားရှိုးမြို့နားမှာ ကားနဲ့သွားရင် နာရီဝက်လောက် မောင်းရတဲ့ တအာင်း၊ ပလောင်ရွာလေး တစ်ရွာ ရှိတယ်။ အင်မတန် ဆင်းရဲတယ်။ မြို့နဲ့ သိပ်မဝေးဘူးနော်။ ညဘက်ဆို ရွာမှာ အိမ်အများစုက မီးမရှိဘူး။ ရွာအနားမှာ အစိုးရ မီးတိုင်တွေ ရှိတယ်။ သို့သော် အိမ်အရောက် သွယ်တန်းဖို့ မီးကြိုးစရိတ် မတတ်နိုင်ကြဘူး။ ရွာသူ၊ ရွာသားတွေဟာ အနီးအနား တောထဲမှာ ထင်းခုတ်၊ ဝါးခုတ်နဲ့ အသက်မွေးရတယ်။ သက်ကြီးရွယ်အိုတွေဆိုလည်း လားရှိုးမြို့ပေါ် တက်ပြီး ပျားရည် စသဖြင့်ရောင်းပြီး ပင်ပင်ပန်းပန်း အသက်မွေးဝမ်းကျောင်းကြရတယ်။ ပြောချင်တာ မြန်မာဘက်မှာ လူတွေ  ဆင်းရဲနွမ်းပါးတယ် ဆိုတာကိုပါ။ ဆင်းရဲမှုကြီးတော့ နောက်ဆုံး လက်နက်ကိုင်ပဋိပက္ခတွေဆီ ဦးတည်တာပေါ့။ 

တရုတ်ဘက်မှာ အားလုံး ကောင်းပါတယ်လို့ ရေးနေတာ မဟုတ်ဘူးနော်။ မြင်ခဲ့၊ သိခဲ့၊ တွေ့ခဲ့တာတွေ ပြန်လည် မျှဝေနေတာ ဖြစ်တယ်။ စာရေးသူ တရုတ်မြို့ကြီးတွေ ဘေဂျင်းတို့၊ ရှန်ဟဲတို့သွားတုန်းက သက်ဆိုင်ရာ ဖိတ်ခေါ်တဲ့ အဖွဲ့အစည်းက သူတို့ရုံးကားနဲ့ လိုက်ပို့တယ်။ လမ်းမှာ နေ့လယ်စာ၊ ညစာစားရင် ရုံးဒရိုင်ဘာပေါ့။ သူ့ကိုပါ တစ်ပါတည်း ခေါ်ပြီး တစ်ဝိုင်းတည်း ထမင်းစားတယ်။ စာရေးသူကိုတော့ မေးပါတယ်။ ဒရိုင်ဘာကိုပါ တစ်ဝိုင်းတည်း ခေါ်စားမယ်။ ဖြစ်သလားပေါ့။ ပြောချင်တာ သူတို့ဆီမှာ တစ်ပါတီ အုပ်ချုပ်ရေး၊ ကွန်မြူနစ်ဆိုပေမယ့် လူလူချင်း အဆင့်အတန်း ခွဲခြားမှု နည်းပါးတယ်။ ရာထူးအခေါ်အဝေါ်တွေသာ ထက်၊ အောက် ကွဲပြားတယ်။ စားသောက်ဆိုင်မှာ၊ အပြင်မှာ ပေါင်းသင်းရင် သူငယ်ချင်း မိတ်ဆွေတွေလိုပဲ။ စာရေးသူတို့ဆီမှာတော့ ရုံးက ကားဆရာ၊ အထူးသဖြင့် အစိုးရကားဆရာဆိုတာ လူရာ မဝင်လှပါဘူး။ အရာရှိတွေနဲ့ တစ်ဝိုင်းတည်း စားတယ်ဆိုတာ နည်းတယ်။ ကားဆရာမှာ သိမ်ငယ်စိတ်က ဝင်နေပြီးသား ဖြစ်တယ်။ ဒါကြောင့် အစိုးရ ခရီးစဉ်တွေ၊ လူကြီးလမ်းကြောင်းတွေဆိုရင် ဒီမှာ အောက်ခြေက အလုပ်သာ လုပ်ကိုင်နေရတာ၊ သူတို့ကို ဘယ်သူမှ ဂရုမစိုက်တတ်ကြတော့ ဆာလောင် ပေါက်ကွဲနေတာတွေ မကြာမကြာ တွေ့ကြုံကြားသိနေရတယ်။ 

တရုတ်နဲ့မြန်မာ နှိုင်းယှဉ်ရေးပြီး တရုတ်ကောင်းတာတွေချည်း ရေးလို့ စာဖတ်သူအချို့က အမြင်ကြည်ချင်မှ ကြည်ကြပါလိမ့်မယ်။ စာရေးသူ တက်ဟုန်းမှာနေခဲ့တဲ့ သုံး၊ လေးရက်ဆိုတာ အင်မတန် တိုတောင်းပါတယ်။ အဲဒီမှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေ ခံစားချက်အမှန် ဘယ်လို ရှိ၊ မရှိ စာရေးသူ ဂဃနဏ မသိပါဘူး။ မြန်မာမိတ်ဆွေတွေဆီမှာ လေ့လာ တီးခေါက် ကြည့်မိသလောက် တရုတ်အစိုးရက တက်ဟုန်းလို တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူနေမှုအဆင့် မြင့်မားရေး စီမံချက်တွေ လုပ်ဆောင်နေပေမယ့် အချို့သော တိုင်းရင်းသားတွေက သူတို့နေရပ်ရင်း တောင်တွေ၊ တောတွေမှာပဲ နေပျော်ကြတာမို့ ဖွံ့ဖြိုးရေး စီမံချက်အရ ပြောင်းရွှေ့ရတာမျိုးတွေ အပေါ်မှာ ကျေနပ်မှု မရှိတတ်ကြဘူးလို့ သိရပါတယ်။ သူတို့ဆီမှာလည်း အတွင်းကြိတ် ပဋိပက္ခတွေ ရှိပါလိမ့်မယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာလည်း လေထုညစ်ညမ်းမှု ပြဿနာတွေ၊ လုပ်ငန်းခွင်လုံခြုံမှု ပြဿနာတွေ၊ အစားအသောက် အရည်အသွေး ပြဿနာတွေ ရှိပါတယ်။ ဘယ်နိုင်ငံမှတော့ ပြဿနာနဲ့ မကင်းပါဘူး။ သေးတာနဲ့ကြီးတာ၊ နည်းတာနဲ့များတာပဲ ကွာပါတယ်။ မြန်မာနိုင်ငံမှာလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို၊ “ပအိုး” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ရှိပါတယ်။ သို့သော် တရုတ်နိုင်ငံရဲ့ တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဟာ မြန်မာနိုင်ငံက အလားတူ ဒေသတွေထက် အလုပ်ဖြစ်နေတယ်၊ အဆင်ပြေနေတယ် ဆိုတာကတော့ အသေအချာပါပဲ။

စာရေးသူတို့က တရုတ်နိုင်ငံကို လေ့လာ၊ လည်ပတ်မယ်ဆိုရင် ဘေဂျင်းလို၊ ရှန်ဟဲလို မြို့ကြီးတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ တကယ်တော့ စာရေးသူတို့ မြန်မာတွေ ပိုမို နားလည်သင့်တဲ့နေရာက ယူနန်ပြည်နယ် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ယူနန်ပြည်နယ်ဟာ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံများနဲ့ ၄,ဝ၆၀ ကီလိုမီတာလောက် နယ်ချင်း ထိစပ်နေရာမှာ တစ်ဝက်နီးပါးဖြစ်တဲ့ ၁၉၉၇ ကီလိုမီတာလောက်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်နှစ်ခု ဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့နဲ့ နယ်စပ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်မှုများမှတစ်ဆင့် ကူးလူးဆက်ဆံမှုလည်း အင်မတန် များပြားပါတယ်။ ဒါကြောင့် ယူနန်ပြည်နယ်ကို နားလည်ဖို့၊ လေ့လာဖို့ညွှန်းတာ ဖြစ်ပါတယ်။ အဲဒီ ယူနန်ပြည်နယ်ထဲမှာမှ သွားရောက်သင့်တဲ့ ဒေသတစ်ခုက အထက်မှာ ဖော်ပြခဲ့တဲ့ တက်ဟုန်း တိုင်နှင့် ဂျင်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲပဲ ဖြစ်ပါတယ်။ ရွှေလီဟာ မန်စီနဲ့ တစ်နာရီ ကျော်ကျော်၊ နှစ်နာရီဝန်းကျင်သာ ကွာလှမ်းပြီး ရွှေလီဟာ မြန်မာဘက်က မူဆယ်နဲ့ နယ်စပ် ဆက်နေတာမို့လို မူဆယ်ကနေ ကားနဲ့ မန်စီအထိ သွားလည်လို့ ရသလားဆိုတဲ့အမေး ပေါ်မိပါတယ်။ စာရေးသူရဲ့အမေးကို ကူမင်းက သုတေသီ မိတ်ဆွေတစ်ယောက်က ပြန်ကြားပေးပါတယ်။ သူ့အဆိုအရ ယခုလက်ရှိမှာ တရုတ်နဲ့ မြန်မာအကြားမှာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူညီချက် (bilateral cross-border transportation agreement) မရှိသေးတာကြောင့် မူဆယ်ကနေ မန်စီသွားဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ 

တက်ဟုန်းကနေ ကူမင်း၊ ကူမင်းကနေ ရန်ကုန်အပြန် လေယာဉ်ပေါ်မှာ အများကြီး စဉ်းစားလာမိတယ်။ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ယှဉ်ပြီး ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စတွေ စဉ်းစားမိတယ်။ ယူနန်နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့က နယ်ချင်း ထိဆက်နေပေမယ့်၊ တိုင်းရင်းသားတွေ စုဖွဲ့နေထိုင်တာချင်း တူပေမယ့် သူတို့ဘက်မှာ ငြိမ်းချမ်းပြီး ငါတို့ဘက်မှာ ဘာလို့ မငြိမ်းချမ်းတာလဲ။ သူတို့ဘက်မှာ ဖွံ့ဖြိုးပြီး ငါတို့ဘက်မှာ ဘာလို့ မဖွံ့ဖြိုးတာလဲ။ သူတို့ဘက်မှာ ပညာရေး အခြေခံ အဆောက်အဦတွေ ပြည့်စုံပြီး ငါတို့ဘက်မှာ ဘာလို့ မပြည့်စုံရတာလဲ။ သူတို့ဘက်မှာ စီးပွားရေး ကောင်းမွန်ပြီး ငါတို့ဘက်မှာ ဘာလို့ မကောင်းမွန်တာလဲ။ မေးခွန်းတွေ အများကြီးနဲ့ အိမ်ပြန်လာခဲ့တယ်။ ငါတို့ ဘာတွေမှားနေသလဲ။

အောင်အောင် (IR)


  • VIA