News

POST TYPE

PERSPECTIVE

၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် မိန့်ခွန်းများမှတစ်ဆင့် လေ့လာခြင်း
25-May-2017

၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စား မိန့်ခွန်းပြောသွားတာတွေ လေ့လာကြည့်မိပါတယ်။ ဒီညီလာခံမှာ ကျင်းပပုံက ပိုပြီးစနစ်ရှိလာပြီး ဟောပြောတဲ့သူ အကုန်လုံးလည်း မိန့်ခွန်းကို ပြင်ဆင်လာခဲ့ကြတာကို တွေ့ရပါတယ်။
မိန့်ခွန်းတွေမှာ အစိုးရနဲ့ လွှတ်တော်က ပါတီတူ၊ လိုင်းချင်းတူတာမို့လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကိုပဲ ယူပါတယ်။ “လာမယ့်ရက်အတွင်းမှာ အကြိတ်အနယ် ဆွေးနွေးမှုတွေ၊ အမြင်ချင်း ဖလှယ်မှုတွေ၊ အငြင်းအခုံတွေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တွေကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အရင်တစ်ခေါက်ကထက်စာရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ နက်နဲရှုပ်ထွေးမှုကို ပိုမြင်လာတဲ့သဘော ဖြစ်ပါတယ်။

NCA

ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတိုက်အခံပါတီ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌဦးသန်းဌေးတို့ ဘုံတူညီချက်ကတော့ NCA ကို မဏ္ဍိုင်ထားပြီး ပြောသွားတာပါ။ NCA ကို လက်မှတ်ရေးထိုးဖို့ပေါ့၊ ဒီနေရာမှာ မိန့်ခွန်းပြောခွင့်ရလည်းဖြစ် NCA လက်မှတ် ရေးထိုးထားတဲ့ ကေအဲန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ “NCA လက်မှတ်ထိုးထားသူတွေရဲ့ ပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး”လို့ ပြောသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကတော့ အရှည်ဆုံးဖြစ်ပြီး ဆက်လက် ကျင်းပမယ့် အစည်းအဝေးတွေမှာ “NCA ကိုပဲ အခြေခံမူအဖြစ် ထားရှိဖို့”၊ “NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံဟာ အခိုင်အမာ သဘောတူ ပြဋ္ဌာန်းထားပြီး တိကျစွာ လျှောက်လှမ်းရမယ့် ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းပဲ ဖြစ်ပါတယ်”၊ “လက်တွေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာ နေရာမှာ NCA ပါ အခြေခံမူတွေ၊ လမ်းပြမြေပုံ အစီအစဉ်တွေကို ကျော်လွန်ပြီး ဆောင်ရွက်နေတာကို တွေ့ရပါတယ်”စသဖြင့် ပြောသွားတာ တွေ့ရပါတယ်။

မြောက်ပိုင်း မဟာမိတ်တွေအတွက်တော့ ဒီအကြောင်းအရာဟာ သဘောကွဲစရာဖြစ်ပြီး အစည်းအဝေးမှာ အခရာကျမယ့် အချက်လည်း ဖြစ်ပါတယ်။

ဖက်ဒရယ်

အားလုံးကတော့ ဖက်ဒရယ်ဆိုတာကို သုံးသွားတော့ သဘောတူပြီးဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သတိနဲ့ သုံးသွားတဲ့သဘော ရှိပါတယ်။ သူ့မိန့်ခွန်းတစ်ခုလုံး ဖက်ဒရယ်ဆိုတဲ့စကားလုံး တစ်ခုပဲပါပါတယ်။ ဒါထက်စာရင် ဒီမိုကရေစီက ပိုတာသွားခဲ့ပါတယ်။ (ကျွန်တော့်ကောက်ချက်ကတော့ ဖက်ဒရယ်ပုံစံ ဗဟိုနဲ့ ဒေသန္တရ အာဏာခွဲဝေမှုတွေမှာ ချဉ်းကပ်ပုံခြင်း ကွာဟမှုကြီးတဲ့ လက္ခဏာပါ)

ခွဲထွက်ရေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ခိုင်ဖြိုးက ဦးသန်းဌေးတို့က တိုင်းရင်းသားအဖွဲ့ အချို့ရဲ့ သဘောထားကို ခွဲထွက်ရေးလို့ မြင်နေတာ ထင်ရှားပါတယ်။ ဘယ်အဖွဲ့တွေလို့ ပြောမသွားပေမယ့် ခြိမ်းခြောက်မှု အန္တရာယ် Threat အနေနဲ့ မြင်ပုံရှိပါတယ်။

တပ်မတော်အခန်းကဏ္ဍ

သိတဲ့အတိုင်း ဒီကဏ္ဍက အရေးကြီးဆုံးထဲပါပါတယ်။ အဲဒီတော့ သူတို့ ဘယ်လိုသဘောထားလဲဆိုတာ ဆန်းစစ်ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စစ်ရဲ့ အနိဋ္ဌာရုံတွေ၊ မငြိမ်းချမ်းမှုရဲ့ ဆိုးကျိုးတွေကို ပင်ပန်းဆင်းရဲမှု၊ သွေး၊ ချွေး၊ အသက်ခန္ဓာ ပေးဆပ်မှုတွေ၊ ဘဝတွေနဲ့ ရင်းနှီးပြီး တိုက်ရိုက် ခံစားရသူတွေဟာ ကျွန်တော်တို့ တပ်မတော်သားများနဲ့ တိုင်းရင်းသား လက်နက်ကိုင် ညီနောင်သားချင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လက်ထက်မှာ နိဋ္ဌိတံ အဆုံးသတ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်”

“တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်များ အောင်မြင်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားပါ့မယ်”လို့ ပြောပါတယ်။

စစ်ရဲ့အနိဋ္ဌာရုံတွေကို ဘက်နှစ်ဖက် စစ်သားတွေပဲ တိုက်ရိုက်ခံစားရတယ်ဆိုတာကို ကျွန်တော့် အယူအဆကတော့ သဘော မတူပါဘူး။ ပြုသူတွေက ကိုယ်တိုင် ဝင်ပါလို့ အကျိုးဆက်ခံရတာ ဖြစ်ပေမယ့် စစ်မက်ဖြစ်ရာ ဒေသက ဘုမသိ၊ ဘမသိနဲ့ ခံစားရတာက မိန်းမနဲ့ ကလေးတွေလည်းပါ ပါတယ်။ သူတို့က အားနည်းသူတွေမို့ ပိုခံရတတ်ပါတယ်။ ထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် နိဋ္ဌိတံအဆုံးသတ်ချင်တာနဲ့ အစွမ်းကုန် ဆောင်ရွက်သွားမယ် ဆိုတဲ့အပြော သဘောကျပါတယ်။

Stakeholders

တခြားသော အင်အားစုတွေ အကုန်လုံးက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆုံးဖြတ် သဘောတူညီမှု၊ ကွဲပြားမှုတွေကိုပဲ အလေးထား ပြောသွားကြပေမယ့် စောမူတူးစေးဖိုးကတော့ “အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အင်စတီကျူးရှင်းများ၊ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များဟာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးဖြစ်ပါတယ်”လို့ ပြောသွားပါတယ်။ သူ့အယူအဆက ဒီမိုကရက်တစ်အဖြစ်ဆုံးလို့ ပြောလို့ရမယ် ထင်ပါတယ်။

နောက်ပြီး “ဒီနေ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ လုပ်ငန်းစဉ် (Process) ပိုင်းမှာ အားနည်းချက်တွေ ကြီးကြီးမားမား ရှိနေမှုကို မီးမောင်းထိုးပြလိုပါတယ်”လို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တက်ရောက် ကိုယ်စားပြုမှုတွေနဲ့ ဟောပြောမှုတွေ အားလုံးနဲ့ ခြုံငုံကြည့်ရင်တော့ ကွဲပြားမှုတွေက ထုနဲ့ထည်နဲ့ ရှိနေတာဖြစ်ပါတယ်။ 

စိန်ဝင်း (MJI)

  • VIA