News

POST TYPE

PERSPECTIVE

လျှော့ချချိန်တန်တဲ့ ဗဟိုဦးစီးစနစ်
23-May-2017
တစ်နေ့က ထူးထူးခြားခြား နယ်သတင်းကလေးတစ်ပုဒ် ကြားရတယ်။ ပြီးတော့ ပညာရေးသတင်း။ ပိုစိတ်ဝင်စားဖွယ် ကောင်းတာက ကိုယ်နေခဲ့တဲ့ အညာမြို့။ မိတ္ထီလာသတင်း။

ပညာရေးသတင်းဆိုလို့ သင်ကြားရေး ဆိုတာထက် စီမံခန့်ခွဲမှု အပိုင်းလေးပါ။ ဇွန်လကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းသား၊ ကျောင်းသူတွေဟာ ရှေးယခင်က ကျောင်းတက်သလိုပေါ့။ လွယ်အိတ်ကလေးတွေနဲ့ တက်ဖို့။ ဒါလည်း အကြောင်းပြချက်က ရှိပါတယ်။ ကျောပိုးအိတ်တွေဟာ ဇစ်တွေ၊ အကန့်တွေ များတယ်။ ကျောင်းတက်တဲ့အခါ မယူဆောင်လာသင့်တဲ့ ပစ္စည်းတွေ စစ်ရဆေးရတယ်။ လွယ်အိတ်နဲ့ဆိုတော့ စစ်ရဆေးရ လွယ်ကူတဲ့သဘော။ စီမံခန့်ခွဲမှုအရ ဆောင်ရွက်လိုက်တဲ့သဘော တွေ့ရပါတယ်။

တကယ်တော့ စာရေးသူကိုယ်တိုင် မိတ္ထီလာမြို့ အ.ထ.က (၃) (ယခင် တပ်မတော် ကလေးများ အထက်တန်းကျောင်း) မှာ အထက်တန်းပြဆရာအဖြစ် အမှုထမ်းခဲ့သူပါ။ မိတ္ထီလာမြို့မှာ အ.ထ.က (၁)ဆိုတာ ထိပ်တန်းကျောင်းတစ်ကျောင်းပါ။ စည်းကမ်း ကောင်းပါတယ်။ စာသင်ကောင်းပါတယ်။ အောင်ချက်နဲ့ ဂုဏ်ထူးရှင်များစွာ မွေးထုတ်နိုင်ခဲ့တဲ့ကျောင်းပါ။ ဒါ့ကြောင့်လည်း အထက (၁)မှာ ကျောင်းနေချင်သူ၊ ကျောင်းအပ်ချင်သူ ဒုနဲ့ဒေးပါ။ နယ်မြေ သတ်မှတ်ချက်အရ ပိုင်းခြားအပ်နှံကြရတာပါ။ ဒါပေမဲ့လည်း ပြောင်းရွှေ့လာတဲ့ ဝန်ထမ်းသားသမီးတွေ အပ်ခွင့်ရပါတယ်။ ကျန်တဲ့နယ်မြေအတွင်းက ပိုင်ရာဆိုင်ရာတွေလည်း ဒီ အ.ထ.က (၁) ကျောင်းမှာပဲ ရအောင် အပ်နှံကြတာပါ။

ဆိုရရင် ဒီကျောင်းဟာ အစဉ်အလာကောင်း ရှိပါတယ်။ အ.ထ.က (၁)နဲ့အပြိုင် နာမည်ရှိတာက အ.ထ.က(၃) ကျောင်းပါ။ ဒီကျောင်းကတော့ အုပ်ချုပ်မှု တာဝန်ခံအရာရှိတစ်ဦး ရှိပါတယ်။ သူက ဗိုလ်မှူးပါ။ ဗိုလ်မှူးအုပ်ချုပ်တာပါ။ ဒီကျောင်းလည်း စည်းကမ်းကောင်းတယ်။ အောင်ချက်ကောင်းတယ်။ အဓိကက အုပ်ချုပ်သူကြောင့်။ ဘာကြောင့် ပြောရသလဲဆိုရင် ကျောင်းသားလက်ခံရတာက မိတ္ထီလာက တပ်မြို့ဆို တော့ တပ်ပေါင်းစုံက ကလေးတွေ၊ ပြီးတော့ ပတ်ဝန်းကျင်ရွာနီးချုပ်စပ်က ကလေးတွေ၊ အ.ထ.က (၁)လို မြို့ပေါ်က ကလေးတွေ၊ စာထူးချွန်သူတွေ ရတာမဟုတ်ဘူး။ ဒါပေမဲ့ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိတယ်။ ကုန်ကုန် ပြောရရင် ကလေးတွေကို ရိုက်ခွင့်မရတဲ့ ကာလမျိုးမှာတောင် အ.ထ.က (၃) မှာတော့ လိုအပ်ရင်ရိုက်ပဲ။ ဗိုလ်မှူးကိုယ်တိုင်က တာဝန်ယူထားတာ။

ဆိုလိုတာက အ.ထ.က(၁) လိုကျောင်းမျိုးကို ရနိုင်ဖို့ဆိုတာ လွယ်လှတယ် မဟုတ်ဘူး။ ကျောင်းသားလည်း ကောင်း၊ ဆရာမလည်း ကောင်းသလို စီမံခန့်ခွဲမှုကလည်း ကောင်းတယ်။ ကျောင်းအတွက် ကောင်းမယ်ဆိုရင် လုပ်တာပဲ။ ဥပမာ-ကျောင်းသား၊ ကျောင်းသူတွေအတွက် စိတ်တည်ငြိမ်မှုရဖို့ “အာနာပါန” လေဝင်လေထွက်မှု ရှုခြင်းဆိုရင်လည်း အ.ထ.က (၁) ကျောင်းဟာ ဘယ်ကျောင်းနဲ့မှ မတူအောင် လုပ်ခဲ့တာပဲ။ ဘာညွှန်ကြားချက်မှ မလိုဘူး။ အဲဒါ အာဏာရှင်ခေတ်။

ဒီကနေ့ ကျောင်းတိုင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခု ရှိတယ်။ ကျောင်းသား၊ ကျောင်းသူ အများစုဟာ ကျောပိုးအိတ်ကြီးတွေနဲ့။ ဟုတ်ပါတယ်။ အကန့်များသလို ဇစ်တွေလည်း များပါတယ်။ ကျောင်းကိုယူဆောင်လာသင့်တာဟာ စာအုပ်နဲ့ စာရေးကိရိယာတွေပါပဲ။ ဒါပေမဲ့လည်း ဖုန်းအပါအဝင် တခြား အိုင်တီပစ္စည်းတွေ ထည့်လာတတ်တယ်။ နောက်တစ်ခုက မူးယစ်ဆေးဝါးပဲ။ ရန်ကုန်မြို့လို ကျောင်းကြီးတချို့မှာ အဲဒီအန္တရာယ်ရှိတယ်။ သိပ်ကို စစ်ဆေးနေရတယ်။ နယ်ကျောင်းတွေမှာလည်း ကြိုတင် ပြင်ဆင်ဖို့ လိုပါတယ်။ ဒီခေတ်ကလေးတွေဟာ သူတို့ယူချင်တဲ့ပစ္စည်းဆိုရင် နည်းမျိုးစုံနဲ့ ယူတတ်ကြတယ်။

တကယ်တော့ မိဘတွေအပိုင်းကလည်း ကိုယ့်သားသမီးကို ချစ်ပေမယ့် အလိုမလိုက်သင့်ဘူး။ ခုတော့ မူလတန်းအရွယ် ငယ်လွန်းသေးတဲ့ ကလေးကိုတောင်မှ ပစ္စည်းအမျိုးမျိုး ဝယ်ပေးနေကြတယ်။ လေးငါးခြောက်တန်း အရွယ်ဆိုရင်တောင်မှ ဖုန်းတစ်လုံးကို ကောင်းကောင်း အသုံးချတတ်နေကြပြီ။ ဆက်သွယ် ပြောဆိုနေကြပြီ။

မကြာသေးခင်ကပဲ အဲဒီ အ.ထ.က(၁)ရဲ့ ကျောင်းလွယ် အိတ်ကိစ္စနဲ့ပတ်သက်ပြီး “ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက အမိန့်နဲ့ ညွှန်ကြားချက်ကလွဲ၍ ထွင်ပြီးမလုပ်ရန် မိတ္ထီလာ အ.ထ.က (၁) ကျောင်းအုပ်ကြီးအား သတိပေး ဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ်။ ဒီညွှန်ကြားချက်ဟာ သိပ်ကိုရှင်းပါတယ်။ ခိုင်းတာပဲလုပ်ပါ။ ခံမပြောပါနဲ့၊ အတွန့် မတက်ပါနဲ့ ဆိုတဲ့သဘောပါပဲ။

တကယ်တော့ ဒီနေ့ခေတ်စနစ်ဟာ အာဏာရှင်ခေတ် မဟုတ်တော့ပါဘူး။ အာဏာရှင် တစ်ခေတ်ကိုတောင်မှ ဖြတ်သန်း လွန်မြောက်ပြီး အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးခဲ့တဲ့ကျောင်းပါ။ ဒီနေ့လို လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီခေတ်မှာ ပြီးတော့ စနစ်သစ်ပညာရေးကို အကောင်အထည် ဖော်နေတဲ့ကာလမှာ ဗဟိုချုပ်ကိုင်မှုစနစ် အခုလို ကြီးမားနေတာဟာ မိတ္ထီလာ အ.ထ.က(၁) ကျောင်းတစ်ကျောင်းတည်း သာမကဘဲ မြန်မာပြည်တစ်နံတစ်လျားမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို တပ်လှန့်လိုက်သလိုပါပဲ။ သတိပေး ခေါင်းလောင်း ထိုးလိုက်သလို ပါပဲ။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ အဓိကကျတာ အခြေခံပညာရေးကျောင်းတွေပါပဲ။ ဒီကျောင်းတွေဟာ ကျောင်းသား ကျောင်းသူတွေကို အဓိက ပြုစုပျိုးထောင်ပေးတဲ့ နေရာတွေပါ။ ကောင်းသောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံးတွေ ဖြန့်ဝေပေးရာ နေရာတွေပါ။ ဒီစာသင်၊ ဒီစာကျက်၊ ဒီမေးခွန်းဖြေပြီး အောင်မြင်လာတဲ့ ဂုဏ်ထူးရှင် ကြက်တူရွေးတွေအစား စဉ်းစားတတ်တဲ့အကျင့်၊ တီထွင်ဖန်တီးတဲ့အကျင့်၊ ထွင်းဖောက် မြင်တတ်တဲ့ အမြင်တွေကို လေ့ကျင့်ပေးရမယ့် ကျောင်းတော်ကြီးပါ။

ဆိုရရင် အခြေခံကျောင်းတွေဟာ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကျောင်းသားတွေ၊ ထူးချွန်ထက်မြက်တဲ့ကျောင်းသား ကျောင်းသူတွေ မွေးထုတ်ဖို့ လွတ်လပ်ပွင့်လင်းတဲ့ စီမံခန့်ခွဲမှုတွေ မရှိသင့်ဘူးလား။ ဆိုလို တာက ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ကျင့်တရားကောင်းဖို့၊ စည်းကမ်း ရိုသေလိုက်နာဖို့ လိုအပ်တဲ့စီမံခန့်ခွဲမှုအတွက် အထက်အဆင့် ဆင့်ထိ အမိန့်ခံဖို့များ လိုနေပါသလား။ ဒီလိုသာ နေရာတိုင်းမှာ ညွှန်ကြား ချက်ရှိမှ လုပ်ရမယ်ဆိုရင် ကျောင်းတွင်းဖွံ့ ဖြိုးမှုလုပ်ငန်းတွေ၊ ကျောင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာ တိုးတက်လာဖို့ လမ်းမမြင်ပါဘူး။

တကယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ ညွှန်ကြားချက်ထုတ်မယ် ဆိုရင်တောင်မှ “ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်ကလွဲလို့ အခြားကိစ္စရပ်တွေကို ထွင်ပြီးတော့ မလုပ်ရဘူး”လို့ မထုတ်သင့်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ရင် မိတ္ထီလာမြို့ခံ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ရန်ဆိုတဲ့ ညွှန်ကြားချက်မျိုးဆိုရင် ပန်းလည်းလှ ပျားလည်းဝ အနေအထားမျိုးပါ။ တကယ်တမ်းဆိုရင် ကျောပိုးအိတ်ကို မိဘတိုင်း မကြိုက်ကြပါဘူး။ အထူးသဖြင့် မူလတန်းအရွယ် ကလေးငယ်တွေဆိုရင် အရွယ်နှင့် အိတ်နှင့် မမျှဘူး။ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် မကောင်းလှဘူး။ ဒီအတိုင်းဆို အရွယ်ရလာရင် ခါးကုန်းလေးတွေ ဖြစ်ဖို့ များတယ်။ ဒါပေမဲ့ ကလေးငယ်လေးတွေ စာအုပ်တွေ တနင့်တပိုး ထည့်သွားနေရတာကို ဘယ်သူမှ  မစဉ်းစားကြဘူး။ ဒီတော့ ကျောပိုးအိတ် လွယ်လိုကလွယ်၊ လွယ်အိတ် သုံးလိုက သုံးပေါ့။ ခုတော့ တစ်သွေး တစ်သံ တစ်မိန့်ကြီး ထုတ်ပြန်လိုက်တော့ ကျောင်းကို တာဝန်ယူ အုပ်ချုပ်နေတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ တာဝန်နဲ့ ဂုဏ်သိက္ခာကိုလည်း ထိပါးရာ ရောက်ပါတယ်။

ဒါကြောင့် မူရင်းကောင်းမှ မိတ္တူကောင်းနိုင်မှာပါ။ အခြေခံပညာ ကျောင်းတွေဟာ လွတ်လပ်စွာ စီမံခန့်ခွဲမှု လိုအပ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိရမှာပါ။ ကျောင်းသား ကျောင်းသူတွေရဲ့ ဘက်စုံပညာ ထူးချွန်ရေးအတွက် အမိန့်၊ ညွှန်ကြားချက် လိုက်နာနေရုံကတော့ မလုပ်၊ မရှုတ်၊ မပြုတ် လမ်းစဉ်ကိုပဲ လိုက်နေကြရဦးမှာပါ။ ထူးချွန်ထက်မြက်ဖို့ ဆိုရင် လမ်းဟောင်းကိုထွင်ပြီး ဖောက်တန်ဖောက်ရလိမ့်မယ်။ တီထွင်ကြံဆ နိုင်ရပါလိမ့်မယ်။ ဒါတွေကိုလည်း အားပေးဖို့ လိုပါလိမ့်မယ်။ နှစ်ပေါင်း များစွာ ကြီးစိုးထားတဲ့ ဗဟိုဦးစီးစနစ်ကြီးကို လျှော့တန်သရွေ့ လျှော့ချပါတော့။ ခုလိုသာ ဒီအမိန့် ဒီညွှန်ကြားချက်တွေအတိုင်း တစ်သဝေမတိမ်း လိုက်နာ ဆောင်ရွက်နေရဦးမယ် ဆိုရင်တော့ ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက် သောပညာရေးမျိုး တည်ဆောက်နိုင်ဖို့ဆိုတာ ရွှေပြည်တော်မျှော်တိုင်း ဝေးနေရမယ့်အဖြစ်မျိုးပါ။ 

ခင်မောင်ဌေး (ပညာရေး)


  • VIA