POST TYPE

PERSPECTIVE

အခံဘက်ကချည်း နေတော့မလား
19-May-2017 tagged as နိုင်ငံရေး

(၁)
ယခင်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ရုပ်တည်ကြီးနှင့် အရွှန်းဖောက်တတ်သူ ဖြစ်သည်။ ပထမအကြိမ် လွှတ်တော်ကြီး ပြီးဆုံးတော့ နှုတ်ဆက်ပွဲ အခမ်းအနားမှာ ရယ်စရာတွေ အများကြီးပြောပြီး နှုတ်ဆက်သွားတာကို မှတ်မိနေသေးသည်။ ယခု မီးမလာ၊ ရေမလာ၊ ကုန်ဈေးနှုန်းကြီး၊ ဘတ်စ်ကားကျပ် စသည့် အစိုးရ အပြစ်တွေကို ဝေဖန်ဖို့ စဉ်းစားလိုက်တိုင်း ဦးခင်အောင်မြင့် ပြောဖူးသည့် စကားတစ်ခွန်းကို ကြားယောင်မိသည်။
“ဟိုလို လုပ်လိုက်ပါလား... ဒီလိုလုပ်လိုက်ပါလား ... ငါလည်း မလုပ်တတ်ဘူး”

လူတွေက ဝေဖန်တာတစ်ခုပဲတတ်ပြီး ကိုယ်တိုင်လည်း ဘာမှဖြစ်မြောက်အောင် လုပ်မပေးတတ်ဆိုသည့် အဓိပ္ပာယ်။ သူပြောတာ ဟုတ်သလိုလို ရှိသော်လည်း တကယ်တော့ ဝေဖန်ရေးက ဝေဖန်ရေးပဲ ဖြစ်သည်။ ဝေဖန်တတ်သူက ဝေဖန်မှာပဲဖြစ်သည်။ ကောင်းလျှင် ကောင်းသလို၊ ဆိုးလျှင် ဆိုးသလို ဝေဖန်မည်။ သည်လိုအငြင်းအခုံမျိုး စာပေလောကမှာလည်း ရှိခဲ့သည်။ ဆရာမောင်သာရတို့ခေတ်က။ ဝေဖန်ရေးဆရာကြီး ဦးအောင်သင်းက “မုန့်ဟင်းခါး အရသာခံဖို့ လူတိုင်း မုန့်ဟင်းခါး ချက်တတ်ရန်မလို” ဆိုပြီး ရေးခဲ့သည်။ အဝေဖန်မခံနိုင်သူ၊ ဝေဖန်ရေးကို စိုးရိမ်ကြောက်လန့် သူတွေကတော့ ဝေဖန်တာကို ကြိုက်ကြမည်မဟုတ်။ ကျွန်တော်တို့ကတော့ ဟိုလိုလုပ်လိုက်ပါလား... ဒီလိုလုပ်လိုက်ပါလား ပြောနေဦးမှာ ဖြစ်သလို မြင်နေတွေ့နေရတာတွေကိုလည်း မြင်ရတွေ့ရသည့်အတိုင်း ဆက်ပြောနေပါဦးမည်။

(၂)

ရန်ကုန်မြို့ထဲ လမ်းလျှောက်သွားသည့် အခါများမှာသော် လည်းကောင်း၊ လမ်းဘေးဈေးတန်း၊ ဘတ်စ်ကားမှတ်တိုင် ဝန်းကျင်များမှာသော် လည်းကောင်း အများဆုံး မြင်တွေ့ရတတ်သည်မှာ သစ်သီးဈေးသည်များ ဖြစ်သည်။ ရာသီပေါ် သစ်သီးမျိုးစုံကို ခင်း၍လည်းကောင်း၊ လက်တွန်းလှည်းပေါ် စုပုံတင်၍သော် လည်းကောင်း ရောင်းချကြသည်ကို အမြဲလိုလို မြင်တွေ့နေရသည်။ လိမ္မော်ချိန်ဆိုလျှင် လိမ္မော်သီးတွေ ဖောချင်းသောချင်း၊ ပန်းသီးချိန် ဆိုလျှင်လည်း ပန်းသီးတွေမျိုးစုံ၊ သစ်တော်သီး၊ တရုတ်ဆီးသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ ဒူးရင်းသီး၊ နဂါးမောက်သီး၊ သြဇာသီး၊ ရှောက်ချိုသီး၊ ဖရဲသီး၊ သရက်သီး စသည်ဖြင့် စုံလင်လှသည်။ အထူးသဖြင့် ပန်းသီးတို့၊ လိမ္မော်သီးတို့၊ သရက်သီးတို့ဆိုလျှင် အတော်ပေါသည်။ ၁၉ လမ်း ဝန်းကျင်တစ်ဝိုက်မှာဆိုလျှင် သစ်သီးမျိုးစုံဆိုင်တွေ ညနေခင်းမှာ တန်းစီပြီး တွေ့ရတတ်သည်။ နောက်ပြီး ရှော့ပင်းစင်တာတွေမှာလည်း သစ်သီးတွေ ရောင်းသည့်နေရာမှာ သစ်သီးမျိုးစုံကို လှလှပပ ညီညီညာညာ ခင်းကျင်းရောင်းချနေတာလည်း တွေ့ရသည်။ 

သည်သစ်သီးတွေကို အမှုမဲ့အမှတ်မဲ့ မြင်နေရသော်လည်း ဘယ်ဒေသကထွက်ပြီး ဘယ်လိုရောက်လာသည်ကို မစဉ်းစားခဲ့မိဖူးပါ။ တစ်ခါကတော့ လမ်းဘေးတစ်နေရာမှာ တရုတ်စာတွေနှင့် စက္ကူပုံးတွေ အများကြီး ထပ်ထားတာ တွေ့လိုက်ရပြီး ပုံးပေါ်မှာလည်း ပန်းသီးပုံတွေ ရိုက်နှိပ်ထားတာ တွေ့လိုက်ရသည်။ လိမ္မော်သီးတို့၊ ပန်းသီးတို့၊ သစ်တော်သီးတို့ ဆိုသည်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တွေမှာပဲ ထွက်သည်။ ထွက်သော်လည်း သည်လောက်ပေါပေါများများ မဟုတ်။ ယခု ရန်ကုန်လမ်းဘေးဈေးတွေမှာ မြင်နေရသည့် သစ်သီးမျိုးစုံက တရုတ်နိုင်ငံဘက်မှ အလုံးအရင်း ဝင်လာသော သစ်သီးတွေ ဖြစ်သလို သရက်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး စတာတွေက ယိုးဒယား (ထိုင်း) ဘက်က ဝင်လာတာတွေ ဖြစ်သည်။ ကိုယ့်နိုင်ငံကထွက်သည့် သစ်သီးတွေ မရှိမဟုတ်။ ရှိသည်။ သို့သော် အနည်းအကျဉ်းမျှ။ ရှော့ပင်းစင်တာတွေမှာ ရောင်းချနေသော သစ်သီးမျိုးစုံ၊ ဟင်းသီးဟင်းရွက် အချို့ကလည်း ပြည်ပမှ တိုက်ရိုက်တင်သွင်းလာခြင်း ဖြစ်သည်။ 

ဒါဆိုလျှင် ကုန်သွယ်ရေးမှာ ကျွန်တော်တို့ ဘယ်လောက်နစ်နာနေပြီလဲ ဆိုတာ ခန့်မှန်းလို့ရသည်။ သည်အကြောင်းနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဖတ်လိုက်ရသည့် ဘီဘီစီ သတင်းတစ်ပုဒ်ကို ဖောက်သည်ချချင်ပါသည်။

‘မဲဆောက်-မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းကနေ အခုရက်ပိုင်းမှာ မြန်မာဘက်ကို စားသောက်ကုန်ပစ္စည်းတွေ အများကြီး သွားနေတာမို့ မြဝတီခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကို ကျွန်တော် မေးကြည့်ထားပါတယ်။ 

“ပဲသမားကလည်း စိုက်ရင်ရှုံးတယ်။ ကြက်သွန်နီကလည်း ရှုံးတယ်။ ဒီတော့ ကျွန်မတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေက ထိုင်းဆီရောက်သွားတယ်။ ထိုင်းမှာ သူတို့ ဘာသွားပြန်လုပ်သလဲ။ ပြောင်းစိုက်တယ်။ ပဲစိုက်တယ်။ ငရုတ်သီးစိုက်တယ်။ အခုက ဒူးရင်းသီးလည်း ယိုးဒယားပဲ။ သခွားသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း အကုန်ပဲ။ သံပရာသီးကအစ။ ကြက်လည်း ဝင်တယ်။ ဘဲဥလည်း ဝင်တယ်။ ကြက်ဥလည်း ဝင်တယ်။ ငါး၊ ပုစွန်ကြော့လေးတွေကအစ။ ကျွန်မတို့ဘက်က ဘာမှမထုတ်နိုင်ဘူး။ ကျွန်မတို့ ထုတ်တာနဲ့ ရှုံးတာ။ အဲ့ဒီလို မရှုံးအောင် နည်းပညာနဲ့ ပံ့ပိုးကူညီမှုတွေ ရှိတယ်ဆိုရင် ကျွန်မတို့ စိုက်ပျိုးရေး အားကောင်းလာမယ်လို့ ထင်တယ်။ အဲ့ဒီအခါကျရင် သူများတွေဆီကလည်း ဝယ်စရာ မလိုတော့ဘူး” လို့ ပြောပါတယ်။

“မဲဆောက်ဘက်ကနေ မြဝတီ မြန်မာဘက်ကို သွားနေတဲ့ ကုန်ပစ္စည်း အခြေအနေတွေကို သိရဖို့ ကျွန်တော် သွားကြည့်ပါဦးမယ်။ အခု ကျွန်တော် မဲဆောက်လက်ကားဈေးကွက်ကို ရောက်တော့ ဒူးရင်းသီး ကားအစီး၂၀ ကျော်၊ သရက်သီးကား ၁၂ စီး၊ နာနတ်သီးကား ၈ စီးအပြင် အသီးအနှံ တင်ထားတဲ့ကား ၆ စီးလည်း မြဝတီဘက်ကိုထွက်ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။ ပြီးတော့ မွေးမြူရေး ကြက်အရှင်၊ ငါး၊ ပုစွန်တွေနဲ့ အေးခဲထားတဲ့ ကြက်သားတွေနဲ့ ကြက်ကလီဇာတွေအပြင် ကြက်ဥ၊ ဘဲဥတွေ တင်ထားတဲ့ ကားတွေပါ စုစုပေါင်း အစီးတစ်ရာကျော် နေ့စဉ် မြန်မာဘက်ကို သွားနေတယ်လို့ လက်ကားကုန်သည်တွေက ကျွန်တော့်ကို ပြောပြပါတယ်။

ဘန်ကောက်ကနေ တိုက်ရိုက် မြန်မာဘက်ကို သွားနေတာတွေက သကြားကားတွေ အများဆုံး ဖြစ်ပါတယ်။ ပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ မီးဖိုချောင်သုံး ဂက်စ်ဓာတ်ငွေ့ကားတွေ ဖြစ်ပြီးတော့ နှစ်ထပ်ကုန်ကားတွေမှာတော့ မော်တော်ဆိုင်ကယ်တွေ ဖြစ်ပါတယ်။ လုပ်ငန်းသုံး ပစ္စည်းတွေက သတင်းစာ စက္ကူလိပ်ကြီးတွေ၊ အထည်လိပ်တွေ၊ သားရေတုလိပ်တွေအပြင် သံပြား၊ သံချောင်း၊ သစ်သားတုတွေ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ များပါတယ်။ ဒါတွေအပြင် Transit ဖြတ်ကျော်ခွင့်နဲ့လာတဲ့ အလှကုန်၊ စားသောက်ကုန်တွေ တင်ထားတဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေလည်း အတော်များပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းဘက်ပြန်ဝင်တာက ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ပဲမျိုးစုံ၊ အာလူးတွေနဲ့ ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂ အကြမ်းထည်တွေ တွေ့ရပါတယ်။ နယ်စပ်လမ်းကြောင်းကနေ ထိုင်းဘက်ကို ဝင်လာတာက နွား၊ သိုး၊ ကျွဲ၊ ဆိတ်နဲ့ ဓာတ်သတ္တု ကုန်ကြမ်းတွေကို တွေ့ရပါတယ်ခင်ဗျာ”  

(၃)

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စာရင်းများအရ မြန်မာနိုင်ငံ၏ ပြည်ပသွင်းကုန်တန်ဖိုး ပမာဏမှာ ဒေါ်လာသန်းပေါင်း ၁၅၀၀ နီးပါးရှိပြီး ပို့ကုန်တန်ဖိုးပမာဏကျတော့ ဒေါ်လာသန်း ၉၅၀ လောက်ပဲ ရှိသည်ဟု သိရသည်။ ပို့ကုန်-သွင်းကုန် ပမာဏ ကွာဟမှုက ဒေါ်လာသန်း ၅၀၀ ဝန်းကျင် ရှိနေသည်။ စီးပွားရေး သဘောအရ ပို့ကုန်ဝင်ငွေနည်းပြီး သွင်းကုန်ထွက် ငွေများလျှင် ကုန်သွယ်ရေး မညီမျှမှု (Trade Deficit) ဖြစ်သည်။ တိုင်းပြည်စီးပွားရေးကို ထိခိုက်နစ်နာသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ကုန်သွယ်ရေးညီမျှမှု (Balance of Trade) ရှိဖို့ အလွန်အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံအချို့က ပြည်ပသွင်းကုန် ကာကွယ်ရေးတွေ လုပ်ကြသည်။ ပြည်ပပစ္စည်း အဝင်မခံ။ ယခု တရုတ်ဆိုလျှင် ကမ္ဘာအရပ်ရပ်နှင့် ကုန်သွယ်ရေးမှာ အပေါ်စီးက ရနေသည်။ (Trade Surplus)။ အမေရိကန်အပေါ်မှာပင် တရုတ်က အသာစီးရအောင် စီးပွားရေးအင်အား တောင့်တင်းနေသည်။

စာရင်းဇယားနှင့် ထွက်ပေါ်လာသော ကျွန်တော်တို့နိုင်ငံ၏ ပို့ကုန်-သွင်းကုန် ပမာဏမှာ အမှန်တကယ် ရရှိသော ပမာဏမျှသာ ဖြစ်ပြီး မှောင်ခိုလမ်းကြောင်းမှ ပျောက်နေသော စာရင်းတွေ မပါသေး။ ပြန်စဉ်းစားကြည့်လျှင် နိုင်ငံက နေ့စဉ်နှင့်အမျှ ထိခိုက်နစ်နာနေသည်။ ကိုယ့်နိုင်ငံထဲက ထွက်ကုန်၊ ထုတ်ကုန် ဘာမျှမရှိသလောက် ဖြစ်နေသည်။ နိုင်ငံက စိုက်ပျိုးမြေ သယံဇာတ ကျယ်ပြောကြီးမားသော်လည်း သီးနှံထုတ်ကုန်တွေကိုပင် လွယ်လင့်တကူ အဝင်ခံပြီး ဝယ်ယူစားသုံးနေရသည်မှာ မဖြစ်သင့်။ အစိုးရမှာ သွင်းကုန်ကာကွယ်ရေး မူဝါဒတွေ ရှိသလား။ မရှိသလား မသိ။ ဘီဘီစီ သတင်းအရဆိုလျှင် ကျွန်တော်တို့က အစစအရာရာ ဝယ်သုံးနေရသည့် အခြေအနေ ဆိုက်ရောက်နေသည်။ ထိုင်းနှင့်ပဲကြည့်ကြည့်၊ တရုတ်နှင့်ပဲကြည့်ကြည့် ကျွန်တော်တို့က အခံဘက်ကချည်း။

ဒီတော့ အစိုးရတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းတွေ ဘာလုပ်ကြမှာလဲ။ သည်အတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား မေးစရာ ဖြစ်လာသည်။ နိုင်ငံသားတစ်ဦး အနေနှင့်ကတော့ ကိုယ့်နိုင်ငံ ခံနေရတာကို ခံနေရသည့်အကြောင်း အသိပေးရုံကလွဲပြီး ဘာမျှမတတ်နိုင်။ တိုင်းပြည်စီးပွားရေးက တာဝန်ရှိ အစိုးရ လက်ထဲမှာပဲ ရှိသည် မဟုတ်ပါလား...။

ချစ်ဝင်းမောင်