POST TYPE

PERSPECTIVE

ကာမဘီလူးနှင့် သားကောင်
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း မီဒီယာအမျိုးမျိုးမှာ မကြာခဏ တွေ့နေရတဲ့ လူပြော အများဆုံး အကြောင်းအရာတွေထဲက တစ်ခုကတော့ သက်ငယ်မုဒိမ်းမှု အပါအဝင် မုဒိမ်းမှု အမျိုးမျိုးပါ။

ယခင်က အရွယ်ရောက်ပြီးသား မိန်းကလေးကို ယောက်ျားလေးက မုဒိမ်းကျင့်တာမျိုးတာ ကြားရတတ်ပေမယ့် အခုနောက်ပိုင်း မီဒီယာတွေမှာ အတွေ့ များလာတဲ့ မုဒိမ်းမှုတွေကို ကြည့်လိုက်ရင် အမျိုးအစား စုံလင်လှပါတယ်။ ကျောင်းဆရာ ဒါမှမဟုတ် သက်ကြီးရွယ်အို ဒါမှမဟုတ် ဘုန်းကြီးက အရွယ် မရောက်သေးတဲ့ (လိင်တူ/ ဆန့်ကျင်ဘက်လိင်) ကလေး သူငယ်ကို ကျူးလွန်တဲ့ သက်ငယ် မုဒိမ်းမှု၊ အရွယ် မရောက်သေးတဲ့ ကလေးငယ် အချင်းချင်း ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှု၊ သား ဦးလေး အဖေ အစ်ကို ပထွေးက ပြုကျင့်တဲ့ မုဒိမ်းမှု၊ ချိန်းတွေ့တဲ့ သမီးရည်းစားကို ရိုက်နှက်ပြုကျင့်တဲ့ မုဒိမ်းမှု၊ အုပ်စုဖွဲ့ အကြမ်းဖက် ပြုကျင့်တဲ့ မုဒိမ်းမှု အပါအဝင် ဝက်ကို ကျူးလွန်တဲ့ ဝက်မုဒိမ်းမှုအထိ အရင်က မြန်မာနိုင်ငံမှာ မကြားဖူးတဲ့ မုဒိမ်းမှု အမျိုးမျိုးကို အံ့ဩတုန်လှုပ်ဖွယ် ကောင်းလောက်အောင် ကြားနေရတဲ့အတွက် လူအများကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ရပါတယ်။

မုဒိမ်းမှု အယူအဆများ

မုဒိမ်းမှုကို မီဒီယာ အမျိုးမျိုးမှာ ခပ်စိပ်စိပ် မြင်တွေ့လာရတာနဲ့ ပတ်သက်လို့ အချို့ကတော့ မုဒိမ်းမှုတွေ များလာတာ မဟုတ်ဘဲ မီဒီယာတွေ အားကောင်းလာပြီး အသားပေး ဖော်ပြလို့ များနေသလို ထင်ရတာလို့ ဆိုကြပါတယ်။

အချို့ကတော့ နည်းပညာတွေ ထွန်းကားလာမှုကြောင့် နည်းပညာ ပစ္စည်းတွေ လူအများ အလွယ်တကူ သုံးလာနိုင်သလို ဆိုရှယ်မီဒီယာ အပါအဝင် မီဒီယာ အမျိုးမျိုးကြောင့် ညစ်ညမ်း ဗီဒီယိုတွေ၊ ပုံတွေ၊ စာတွေကို အသက်အရွယ်မရွေး အလွယ်တကူ ထိတွေ့လာရာကနေ အတုခိုးလက် တည့်စမ်း လုပ်ဆောင်လာမှုတွေကြောင့်လို့ ဆိုပါတယ်။ အချို့ကတော့ မုဒိမ်းကျင့်ခံရတဲ့သူရဲ့ လျှပ်ပေါ်လော်လီတဲ့ ဝတ်စား ဆင်ယင်မှုနဲ့ အနေအထိုင် မတတ်မှုတွေကြောင့်လို့ ဆိုပါတယ်။

အချို့ကတော့ ဘာသာရေး၊ လူမှုရေး ရှုထောင့်အရ လူတွေတရားပျက် အကျင့်ပျက်လာမှုတွေကြောင့်လို့ ဆိုပါတယ်။ အချို့က တရားဥပဒေ စိုးမိုးမှု မရှိလို့ဆိုပြီး သေဒဏ်နဲ့ သင်းကွပ်တာလို ထိရောက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး ကျူးလွန်တဲ့သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ဖို့ ပြောကြ ရေးကြ ဆန္ဒထုတ်ဖော်ကြတာတွေ ရှိပါတယ်။

အချို့ကတော့ ယခင်ကလည်း ဒီဥပဒေပဲ အခုလည်း ဒီဥပဒေပဲ ဖြစ်တဲ့အတွက် ရှိပြီးသား တရားဥပဒေ အသက်မဝင်မှု၊ ရှိပြီးသား ဥပဒေနဲ့ အပြစ်မဲ့သူကို ကာကွယ်ပြီး အပြစ်ရှိသူကို အပြစ် မပေးနိုင်မှုကြောင့်လို့ ဆိုပါတယ်။

အချို့ကတော့ အရင်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့် အမျိုးမျိုးကြောင့် ပြစ်မှုကျူးလွန်လည်း ပြန်လွတ်လာနိုင်တဲ့အတွက် ဥပဒေကို မကြောက်တာ၊ မထေမဲ့မြင် လုပ်လာတာ၊ အလွယ်တကူ ချိုးဖောက်လာတာတွေကြောင့်လို့ ဆိုပါတယ်။

အဲဒီလို မုဒိမ်းမှုဖြစ်ရတဲ့ အကြောင်းရင်း အမျိုးမျိုးကို ပြောဆိုကြသလို မုဒိမ်းကျင့်ခံရတဲ့သူကို သနားကြ စိတ်ဝင်စားကြပြီး မုဒိမ်းကျင့်တဲ့သူကိုလည်း မုဒိမ်းကောင်၊ အဓမ္မပြုကျင့်သူ၊ သားမယားအဖြစ် ပြုကျင့်သူ၊ ဗလက္ကာရပြုကျင့်သူ၊ တိရစ္ဆာန်ကောင်၊ ကာမဘီလူး စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်သမုတ်ပြီး ရွံရှာစက်ဆုပ် တတ်ကြပေမယ့် မုဒိမ်းကျင့်တဲ့ ကာမဘီလူးနဲ့ပတ်သက်ပြီး “သူအဲဒီလိုပြုမူခဲ့တာ ဘာကြောင့်လဲ”၊ “သူ့စိတ်ထဲမှာ ဘာ တွေဖြစ်နေလို့လဲ”၊ “သူကိုယ်တိုင်ရော အကြမ်းဖက်ခံခဲ့ရဖူးတာများ ဖြစ်နိုင်သလား”စသဖြင့် စိတ်ဝင်စားတဲ့သူ၊ အဖြေရှာတဲ့သူ ရှားပါတယ်။

အဇ္ဈတ္တလား၊ ဗဟိဒ္ဓလား

အဲဒီတော့ အယူအဆ အမြင်တွေကိုကြည့်လိုက်ရင် မုဒိမ်းမှုကိုဖြစ်စေတဲ့ ဗဟိဒ္ဓ အကြောင်းတရားတွေကို ပြောနေကြတာ ဖြစ်ပါတယ်။ စိတ်ပညာအရတော့ လူတစ်ယောက်ရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေဟာ အဇ္ဈတ္တ အကြောင်းတရား (ယုံကြည်မှု၊ စံနှုန်း၊ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းဆောင်ရည်၊ ဗီဇ စတဲ့ ပင်ကိုစရိုက်) ကြောင့်ဖြစ်စေ၊ ဗဟိဒ္ဓ အကြောင်းတရား (ပတ်ဝန်းကျင်)ကြောင့်ဖြစ်စေ၊ အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံးကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလူ့သဘာဝ သဘောတရားကို စိတ်ပညာရှင် Philip Zimbardo က ပန်းသီးနဲ့စည် ဥပမာနဲ့ ရှင်းပြခဲ့ပါတယ်။

ပန်းသီးတွေကို သစ်သားစည်တစ်ခုထဲ ထည့်ထားရင် စည်ကြောင့် ပန်းသီးတွေ ပုပ်သွားသလိုပဲ ပန်းသီးနဲ့တူတဲ့ လူတွေရဲ့အဇ္ဈတ္တအကြောင်း တရားတွေ (ယုံကြည်မှု၊ စံနှုန်း၊ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းဆောင်ရည်၊ ဗီဇ စတဲ့ပင်ကိုစရိုက်) ဟာ စည်နဲ့တူတဲ့ ဗဟိဒ္ဓအကြောင်းတရားဆိုတဲ့ ပတ်ဝန်းကျင်ကြောင့် ရက်စက်ကြမ်းကြုတ်တာ၊ ဆိုးသွမ်းဖောက်ပြန်တာတွေ ဖြစ်နိုင်ပါတယ်။

တစ်နည်းပြောရရင် လူတစ်ယောက်ရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေဟာ ပန်းသီးနဲ့တူတဲ့ အဇ္ဈတ္တ အကြောင်းတရားတွေကြောင့်၊ ဒါမှမဟုတ် စည်နဲ့တူတဲ့ ဗဟိဒ္ဓ အကြောင်းတရားဆိုတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ဒါမှမဟုတ် အဇ္ဈတ္တနဲ့ ဗဟိဒ္ဓ အကြောင်းတရား နှစ်ခု (ပန်းသီးနဲ့စည်) အပြန်အလှန် အကျိုးပြုမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ စိတ်ပညာမှာ အဇ္ဈတ္တ အကြောင်းတရားတွေကြောင့် လူတွေရဲ့အပြုအမူတွေ ဖြစ်လာတယ်ဆိုတဲ့ “အဇ္ဈတ္တ အကြောင်းတရား အဓိက” အယူအဆနဲ့ ဗဟိဒ္ဓ အကြောင်းတရားဖြစ်တဲ့ ပတ်ဝန်းကျင်ကြောင့် လူတွေရဲ့ အပြုအမူတွေ ဖြစ်လာတယ်ဆိုတဲ့ “ဗဟိဒ္ဓအကြောင်းတရားအဓိက” အယူအဆဆိုပြီး ပညာရှင်တွေကြား ဝိဝါဒကွဲကြပေမယ့် အဇ္ဈတ္တ အကြောင်းတရားကြောင့်ဖြစ်စေ၊ ဗဟိဒ္ဓ အကြောင်းတရားကြောင့်ဖြစ်စေ၊ အကြောင်းတရား နှစ်မျိုးလုံးကြောင့်ဖြစ်စေ လူတွေရဲ့အပြုအမူတွေ ဖြစ်လာတယ် ဆိုတာကိုတော့ လက်ခံကြပါတယ်။ 

အဲဒီတော့ “ဘာကြောင့် မုဒိမ်းကျင့်တာလဲ”၊ “ယောက်ျားသားတွေ အများကြီး ရှိတဲ့ထဲမှာမှ ဘယ်လို အကြောင်းတရားတွေကြောင့် ကာမဘီလူး ဖြစ်လာရသလဲ”၊ “ကာမဘီလူး ဖြစ်သွားစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ”၊ အဇ္ဈတ္တ အကြောင်းတရားကြောင့်လား၊ ဗဟိဒ္ဓအကြောင်း တရားကြောင့်လား၊ နှစ်မျိုးလုံးကြောင့်လားဆိုတာ သိဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို သူမုဒိမ်းမှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုသိမှ မုဒိမ်းမှု အမျိုးမျိုး ကာကွယ်နိုင်မယ့် နည်းတွေသိပြီး ကြိုတင်ကာ ကွယ်နိုင်မှာ ဖြစ်ပါတယ်။

လိင်ဖောက်ပြန်မှု

မုဒိမ်းမှုတွေ အများကြီး ရှိပေမယ့် အရွယ် မရောက်သေးတဲ့ ကလေးငယ်ကို ပြုကျင့်မှုနဲ့ တိရစ္ဆာန်ကို ပြုကျင့်တာဟာ လူအများအတွက် အံ့ဩထိတ်လန့် တုန်လှုပ်စရာ ဖြစ်ရသလို အဲဒီလို ပြုကျင့်တဲ့သူတွေဟာ သာမန် လူကောင်းတစ်ယောက် မဟုတ်ဘဲ စိတ်ဖောက်ပြန်နေတဲ့ လူစိတ်ပျောက်နေတဲ့သူ တစ်ယောက်လို့ ထင်မှတ်စရာ ဖြစ်သွားပါတယ်။ တကယ်တော့ စိတ်ပညာအရ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့သူနဲ့ တိရစ္ဆာန်နဲ့ လိင်ဆက်ဆံတဲ့သူကို လိင်ဖောက်ပြန်နေသူလို့ ဆိုပါတယ်။

လိင်ဖောက်ပြန်နေသူဟာ သမားရိုးကျ နည်းထက် သဘာဝ မဟုတ်တဲ့နည်းတွေနဲ့ ဆက်ဆံမှုပြုမှသာ လိင်စိတ်ပြေပျောက်ပြီး စိတ်ကျေနပ်မှုရတဲ့သူဖြစ်ပါတယ်။

သက်ငယ်မုဒိမ်း (သို့) ကလေးငယ်များနှင့် လိင်ဆက်ဆံခြင်း

ကလေးငယ်တွေနဲ့ လိင်စိတ် ဖြေဖျောက်လေ့ ရှိသူဟာ အစွမ်းအစမဲ့ စိတ်နဲ့ နိမ့်ကျစိတ် ပြင်းပြင်းထန်ထန် ခံစားနေရသူတွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင် လူကြီးတစ်ဦးဦးနဲ့ လိင်ဆက်ဆံမှုပြုဖို့ ကြောက်ရွံ့နေတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့သာ ဆက်ဆံဝံ့တာ ဖြစ်ပါတယ်။

အဲဒီလို စိုးရိမ်စိတ်ကြောင့် ဆန္ဒဖော်ထုတ်တာ လွဲမှားသွားတာ ဖြစ်ပါတယ်။ သူတို့မှာ အများစု ပန်းသေနေတာ ဒါမှမဟုတ် ပန်းသေလုနီးပါး ဖြစ်နေသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်နေတတ်ပါတယ်။

အရင်က ဆန့်ကျင်ဘက် လိင်နဲ့ ပုံမှန်ဆက်ဆံရေး ရှိခဲ့ပေမယ့် အိမ်ထောင်ကွဲတာ ဒါမှမဟုတ် ဇနီးမယား သေဆုံးသွားတာကြောင့် ယခုလို အပြုအမူမျိုး ပေါ်လာတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူတွေကြည့်လိုက်ရင် အဲဒီလက္ခဏာတွေ အများဆုံး တွေ့နိုင်ပါတယ်။ အဲဒီလို နိမ့်ကျစိတ်က လူကြီးအစား အရွယ်မရောက်သေးသူတွေနဲ့ ဆက်ဆံဖို့  ဦးဆောင်သွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိမ်း ကျူးလွန်သူကို လူ့အဖွဲ့အစည်းက ယုတ်ညံ့သူလို့ ယူဆပြီး အခြား မုဒိမ်းမှုထက် ပိုမိုဆိုးရွားတယ်လို့ သတ်မှတ်တဲ့အတွက် ပိုမိုပြင်းထန်တဲ့ ပြစ်မှုကျူးလွန်ဖို့ တွန်းအားပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းမှု အများစုကိုကြည့်ရင် ကျူးလွန်သူဟာ အခြေခံအားဖြင့် ရက်စက်တဲ့သူ မဟုတ်တောင် သူ့အပြစ်ကို ဖုံးကွယ်ဖို့အတွက် သဲလွန်စ မကျန်အောင် ကလေးငယ်ကို မုဒိမ်းကျင့်ပြီး သတ်ပစ်တဲ့အထိ ကျူးလွန်သွားတတ်ပါတယ်။

တိရစ္ဆာန်များနှင့် လိင်ဆက်ဆံခြင်း

တိရစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့သူဟာလည်း အစွမ်းအစမဲ့စိတ်နဲ့ မလုံခြုံစိတ်ထား ရှိနေသူဖြစ်ပြီး အဲဒီစိတ်တွေကြောင့် လူသားဖြစ်တဲ့ ဆန့်ကျင်ဘက် လိင်နဲ့မဆက်ဆံဘဲ တိရစ္ဆာန်နဲ့ဆက်ဆံမှသာ လိင်စိတ်ကျေနပ်မှုရသူပါ။

ဆန့်ကျင်ဘက် လိင်ဖြစ်တဲ့လူနဲ့ ဆက်ဆံဖို့ အခွင့်အရေး မရလို့ တိရစ္ဆာန်နဲ့ဆက်ဆံတာဟာ လိင်ဖောက်ပြန်တဲ့ အပြုအမူ မဟုတ်ပေမယ့် ဆန့်ကျင်ဘက် လိင်လူသားတွေရှိပြီး ဆက်ဆံဖို့လည်း အခွင့်အရေးရှိတောင် လက် မခံဘဲ တိရစ္ဆာန်နဲ့သာ ဆက်ဆံချင်နေတာ ဆိုရင်တော့ လိင်ဖောက်ပြန်သူ ဖြစ်ပါတယ်။ 

အဲဒီလို ကလေးငယ်တွေ၊ တိရစ္ဆာန်တွေနဲ့ လိင်ဆက်ဆံချင်တာဟာ လိင်ဖောက်ပြန်မှုကြောင့်လို့ ဆိုပေမယ့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတိုင်းကို လိင်ဖောက်ပြန်မှုလို့ ဆိုလို့မရပေ။

လိင်စိတ်လား၊ အကြမ်းဖက်မှုလား

ကျွမ်းကျင်သူတွေကတော့ မုဒိမ်းမှုဖြစ်စေတဲ့ မူလအကြောင်းရင်းက လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒ ပြည့်ဝမှုရရှိဖို့ ကြိုးစားမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ သားကောင်အပေါ် လွှမ်းမိုးချင်တဲ့ ကြမ်းတမ်းတဲ့ စိတ်ဆန္ဒကြောင့်လို့ ယုံကြည်လက်ခံထားပါတယ်။

သူတို့က “မုဒိမ်းမှုဆိုတာ လိင်ဆက်ဆံမှုထက်ပိုတဲ့ အကြမ်းဖက်တဲ့ အပြုအမူတစ်ခု”လို့ သတ်မှတ်ပါတယ်။ အကြောင်းကတော့ သုတေသနတွေအရ အချို့ယောက်ျားတွေဟာ မုဒိမ်းကျင့်နေစဉ်မှာ သုပ်မလွှတ်ဘူးလို့ ဖော်ပြနေတဲ့အတွက် ကာမဘီလူးတွေကို မုဒိမ်းမှု ကျူးလွန်စေတဲ့ အကြောင်းရင်းက လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြမ်းဖက်ချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အပြုအမူတစ်ခုလို့ ဆိုလိုပါတယ်။

ဒါကြောင့် မုဒိမ်းမှုဆိုတာ “တစ်ဦးတစ်ယောက်က အခြားတစ်ယောက်ရဲ့အလိုဆန္ဒ မပါဘဲ (အလို မတူဘဲ) အတင်းအကျပ် လိင်ပိုင်းဆိုင်ရာပြုမူတဲ့ အကြမ်းဖက်တဲ့ အပြုအမူတစ်ခု”လို့ ဖွင့်ဆိုပါတယ်။

အဲဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သုတေသီတွေက စမ်းသပ်မှုလုပ်ပါတယ်။ အစမ်းသပ်ခံ အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာ ပြကွက်တွေကို ကြည့်ရှု နားထောင်စေပြီး Penile Plethys-mograph ဆိုတဲ့ကိရိယာနဲ့ အမျိုးသားရဲ့ မျိုးပွားအင်္ဂါထဲ သွေးစီးဆင်းမှု ပမာဏကို တိုင်းကြည့်ပါတယ်။ ပြကွက်တွေထဲမှာ ပါဝင်တဲ့အကြောင်း အရာတွေကို စနစ်တကျ ခွဲခြားထားခြင်းအားဖြင့် ဘယ်လိုပြကွက်မြင်ကွင်းတွေက လိင်စိတ်ကို နိုးကြွစေသလဲ၊ ဘယ်လိုပြကွက်မြင်ကွင်းတွေက လိင်စိတ်ကို လျော့နည်းစေသလဲဆိုတာ အတိအကျ သိနိုင်ပါတယ်။

“အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးကို အလိုမတူဘဲ အကြမ်းဖက် မုဒိမ်းကျင့်ပြီး အမျိုးသမီး စိတ်ထိခိုက် အနာတရ ဖြစ်သွားတဲ့ ပြကွက်မြင်ကွင်းကို ကြည့်ရှု နားထောင်ရတဲ့ အမျိုးသား အများစုဟာ အမျိုးသမီး ကိုယ်တိုင်က အလိုတူလို့ နှစ်ဦး သဘောတူ ချစ်တင်းနှောတဲ့ ပြကွက်မြင်ကွင်းကို ကြည့်ရှုနားထောင်ရတဲ့ အမျိုးသားတွေထက် လိင်စိတ်တက်ကြွမှု  ၅၀ ရာခိုင်နှုန်း အားလျော့သွားပါတယ်။ သာမန်အားဖြင့် အကြမ်းဖက်မှုက အမျိုးသားတွေရဲ့ လိင်စိတ်တက်ကြွမှုကို ဟန့်တားပါတယ်။ သွေးစီးဆင်းမှု ၅၀ ရာခိုင်နှုန်း လျော့သွားတာက အမျိုးသား တစ်ယောက်ဟာ အမျိုးသမီးတစ်ဦးကို လိင်ဆက်ဆံဖို့ မဖြစ်နိုင်တော့ဘူး ဆိုတဲ့အဓိပ္ပာယ်ပါ”လို့ စိတ်ပညာရှင် Dr.Howard Barbaree က ဆိုပါတယ်။ စမ်းသပ်မှုမှာ ရက်ပေါင်းများစွာ အစမ်းသပ်ခံ ပါဝင်ပေးတဲ့ (မုဒိမ်းမှု မကျူးလွန်ဖူးတဲ့) အမျိုးသားတွေဟာ နေ့ ကြာလာတာနဲ့အမျှ အလိုမတူဘဲ အကြမ်းဖက် မုဒိမ်းကျင့်တဲ့ ပြကွက်မြင်ကွင်းကို မြင်ရလေလေ လိင်စိတ်နိုးကြွမှု လျော့နည်းလာလေလေဆိုတာကို Dr.Barbaree က တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒါဟာ မုဒိမ်းမှု ကျူးလွန်တဲ့ အမျိုးသားတွေအတွက်တော့ မမှန်ကန်ပါဘူး။

“မုဒိမ်းမှုကျူးလွန်တဲ့ ကာမဘီလူးတွေကို လေ့လာထားတဲ့ သုတေသနအရ ကာမဘီလူးဟာ အကြမ်းဖက် မုဒိမ်းကျင့်တဲ့ မြင်ကွင်းတွေကို မြင်ရလေလေ လိင်စိတ် ပိုမိုနိုးကြွပြီး သူ့ရဲ့ သားကောင် အရေအတွက် ပိုမို များပြားလေလေ ဖြစ်ပြီး သူ့ရဲ့ သားကောင်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် အနာတရ ဖြစ်မှုတွေ ပိုခံစားရလေလေပါပဲ”လို့ သူကဆိုပါတယ်။

ဒါပေမဲ့ သုတေသီတွေကတော့ “ကာမဘီလူး အားလုံးကို ရှင်းပြနိုင်တဲ့ စိတ်ပညာ ပုံသေနည်းတစ်ခုတည်း ပြောပါဆို မရှိနိုင်ဘူး”လို့ သတိပေးပါတယ်။
“မုဒိမ်းမှုနဲ့ ထောင်နန်းစံရတဲ့ ကာမဘီလူးတွေဟာ ပုံစံအမျိုးမျိုး ကွဲပြားနေပါတယ်”လို့ ဘောစတွန် တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ Dr. Robert Prentky က ဆိုပါတယ်။

အဲဒီလိုတော့ ကာမဘီလူး ဖြစ်ရတဲ့အကြောင်းရင်းက လိင်စိတ်ကြောင့်ထက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ အမူအကျင့်ကြောင့်က ပိုနေတာ တွေ့ရပါတယ်။
နောက်ထပ် လေ့လာမှုတစ်ခုအရလည်း ကာမဘီလူးရဲ့ အမူအကျင့်ကို မောင်းနှင်တဲ့အင်ဂျင်က လိင်စိတ်ထက် အကြမ်းဖက်မှုက ပိုနေတာ တွေ့ခဲ့ရပါတယ်။

အဲဒီလေ့လာမှုမှာ စိတ်ပညာရှင်တွေဟာ အမျိုးသား၂၀ဝ ရဲ့ လိင်စိတ်နိုးကြွတဲ့ပုံစံတွေကို သူတို့ ကောလိပ် ကျောင်းသားအရွယ်မှာ တိုင်းတာခဲ့ပြီး ၁၀ နှစ်အကြာမှာ အမျိုးသား ၂၀ဝ လုံးသာမက သူတို့ရဲ့ ဇနီးတွေ၊ မိတ်ဆွေတွေကိုပါ ပြန်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

“ကောလိပ်အရွယ်မှာ မုဒိမ်းကျင့်တဲ့ မြင်ကွင်းတွေကြောင့် လိင်စိတ် နိုးကြွတဲ့ အမျိုးသားတွေဟာ အသက် ၃၂ နှစ်အရွယ်မှာ သူတို့ရဲ့ဇနီး ဒါမှမဟုတ် ရည်းစားကို ကာယအား သုံးပြီး အမျိုးသမီးတွေ အလိုမတူဘဲ အတင်းအကျပ် လိင်ဆက်ဆံဖို့ အလားအလာ များတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တဲ့ ကာမဘီလူးတွေရဲ့  ၃၀ ရာခိုင်နှုန်းဟာ ငယ်စဉ်ကလေးဘဝက အလားတူ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ သားကောင် ကိုယ်တိုင်ဖြစ်ခဲ့သလို မိသားစု အိမ်ထောင်ရေး အဆင်မပြေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရပါတယ်။

“အမျိုးသားတွေဟာ ငယ်စဉ်က အကြမ်းဖက်ခံရလေလေ ကြီးလာရင် မုဒိမ်းကျင့်ဖို့ အလားအလာ ပိုများလေလေပဲ”လို့ Dr.Prentky က ဆိုပါတယ်။

ဆူးလား၊ ပန်းလား

ဒါကြောင့် ကာမဘီလူးတွေကို လေ့လာတဲ့ လေ့လာမှုတွေအရ လိင်ဖောက်ပြန်မှု၊ လိင်စိတ်နဲ့ အကြမ်းဖက်ချင်တဲ့ စိတ်ဆိုတဲ့ အဇ္ဈတ္တ အကြောင်းတရားကြောင့် မုဒိမ်းမှု ကျူးလွန်ပြီး ကာမဘီလူး ဖြစ်နိုင်ပေမယ့် အဲဒီအဇ္ဈတ္တ အကြောင်းတရားကလည်း ငယ်စဉ်ကလေးဘဝ ဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ လက်ရှိဖြတ်သန်းဆဲ ဗဟိဒ္ဓ အကြောင်းတရားတွေကြောင့် ဖြစ်တည်လာတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဇ္ဈတ္တ အကြောင်းတရားရော၊ ဗဟိဒ္ဓ အကြောင်းတရားပါ အရေးကြီးပေမယ့် အဇ္ဈတ္တ အကြောင်းတရားဟာ ငယ်စဉ်ဖြတ်သန်းခဲ့ပြီး လက်ရှိ ဖြတ်သန်းနေတဲ့ ဗဟိဒ္ဓ အကြောင်းတရားနဲ့ ပေါင်းစပ်မှသာ ဖြစ်လာနိုင်တဲ့အတွက် ဗဟိဒ္ဓ အကြောင်းတရားက ဒီနေရာမှာ ပိုအဓိက ကျနေပါတယ်။

အဲဒီဖြတ်သန်းခဲ့ ဖြတ်သန်းဆဲ ပတ်ဝန်းကျင်ဆိုတဲ့ ဗဟိဒ္ဓ အကြောင်းတရားတွေထဲမှာ ငယ်စဉ်က အကြမ်းဖက်ခံရခြင်း၊ မိသားစု အိမ်ထောင်ရေး အဆင်မပြေခြင်း၊ စံလွဲတဲ့ဆိုဆုံးမမှုတွေနဲ့ ကြီးပြင်းခဲ့ရခြင်း၊ အတုခိုး မှားနိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရခြင်းလို ငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင် အကြောင်းတရားတွေ ပါသလို တရားဥပဒေစိုးမိုးမှုမရှိမှု၊ အရက်သေစာနဲ့ မူးယစ်ဆေး အလွယ်တကူ ရရှိမှု၊ ညစ်ညမ်း ဗီဒီယိုတွေ၊ ပုံတွေ၊ စာတွေနဲ့ အလွယ်တကူ ထိတွေ့နိုင်တဲ့ ပတ်ဝန်းကျင် အနေအထား မျိုးရှိမှုနဲ့ မုဒိမ်းမှု ကျူးလွန်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ သားကောင်လည်းရှိမှုဆိုတဲ့ ပတ်ဝန်းကျင် အကြောင်းတရားတွေလည်း ပါနေပါတယ်။ ဒါကြောင့် ကာမဘီလူး မဖြစ်အောင် တစ်နည်းပြောရရင် ကာမဘီလူး ဖြစ်စေတဲ့ အဇ္ဈတ္တအကြောင်းတရားတွေ ဖြစ်တည်မလာအောင် ငယ်စဉ်ကလေးဘဝ ဖြတ်သန်းမှုဆိုတဲ့ ပတ်ဝန်းကျင်ကောင်းမှာ ကလေးတွေကိုကြီးပြင်းစေပြီး လှပတဲ့ပန်းလေးတစ်ပွင့် ဖြစ်လာစေဖို့ အရေးကြီးပါတယ်။

တကယ်လို့ ပတ်ဝန်းကျင်ကောင်းမှာ မကြီးပြင်းခဲ့ရလို့ အဇ္ဈတ္တမှာ ဆူးတွေ ဖြစ်တည်ခဲ့ရင် ကြီးပြင်းလာတဲ့အခါ တရားဥပဒေ စိုးမိုးမှု မရှိမှု၊ အရက်သေစာနဲ့ မူးယစ်ဆေး အလွယ်တကူ ရရှိမှု၊ ညစ်ညမ်းဗီဒီယိုတွေ၊ ပုံတွေ၊ စာတွေနဲ့ အလွယ်တကူ ထိတွေ့နိုင်တဲ့ ပတ်ဝန်းကျင် အနေအထား မျိုးရှိမှုနဲ့ မုဒိမ်းမှု ကျုးလွန်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ သားကောင်လည်းရှိမှုဆိုတဲ့ ပတ်ဝန်းကျင် အကြောင်းတရားတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ မုဒိမ်းမှုကျူးလွန်တဲ့ ကာမဘီလူးအဖြစ် ရောက်သွားစေပါတော့တယ်။ ဒါကြောင့် ကာမဘီလူးဖြစ်စေတဲ့ အဇ္ဈတ္တ အကြောင်းတရားနဲ့ ဗဟိဒ္ဓ အကြောင်းတရားတွေ ဖြစ်တည်မလာအောင် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့ အရေးကြီးသလို ကာမဘီလူးရဲ့ သားကောင်တွေ ဖြစ်မသွားစေဖို့ ကလေးငယ်တွေကို သေချာပြုစု စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ဒါမှသာ ကာမဘီလူးတွေ နည်းပါးပြီး သူတို့ရဲ့သားကောင်ဖြစ်ရတဲ့ အန္တရာယ်မှ ကင်းလွတ်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်နိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ဖြိုးဝေ (မဟာဝိဇ္ဇာ)

ကိုးကား
၁။ New Studies Map the Mind of the Rapist By Daniel Goleman
၂။ Psychology of A Rapist:The Deadliest Sinner By Monadhika Sharma
၃။ စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ- ခင်မောင်သန်း (စိတ်ပညာ) (ဒုတိယအကြိမ်)