News

POST TYPE

PERSPECTIVE

ခရမ်းပြာကပေးတဲ့ အတွေးစ
18-May-2017 tagged as

ဒီရက်ပိုင်း မြန်မာ့ပထမဆုံး အပြာဗီဒီယို (ရုပ်ရှင်) ဇာတ်ကားဆိုပြီး ဆိုရှယ်မီဒီယာတွေမှာ ဆူညံသွားခဲ့တယ်။ ခရမ်းပြာဆိုတဲ့ စကားလုံး လှလှလေးကလည်း ဆိုရှယ်မီဒီယာတွေမှာ အတော် နေရာယူခဲ့တယ်။ ဒါနဲ့အတူ ခရမ်းပြာမိန်းကလေးရဲ့ ရင်ဖွင့်သံဆိုပြီးလည်း ဆိုရှယ်မီဒီယာတွေမှာ ပျံ့လွှင့်လာခဲ့တယ်။ ခရမ်းပြာ ရင်ဖွင့်သံဆိုတာ ပြည့်တန်ဆာ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေပေါ့။ တကယ်ပဲ အဲဒီခရမ်းပြာ အပြာဇာတ်ကားထဲက မိန်းကလေးက ပြောခဲ့သလား၊ ကြားကတစ်ယောက်ကပဲ ဇာတ်နာအောင် ပြောသလားတော့ မသိပါ။ သို့သော် အဲဒီရင်ဖွင့်သံ ခံစားချက်များကတော့ ပြည့်တန်ဆာတစ်ဦးရဲ့ ဘဝအမှန် ခံစားချက်များကို ရောင်ပြန်ဟပ်စေပါတယ်။ ဒီဆောင်းပါးမှာ ရေးချင်တာ အပြာဇာတ်ကား အကြောင်းလည်း မဟုတ်ဘူး။ ခရမ်းပြာ ရင်ဖွင့်သံ အကြောင်းလည်း မဟုတ်ဘူး။ မြန်မာပြည့်တန်ဆာ မိန်းကလေးတွေ ဘဝအကြောင်း နည်းနည်း ဆွေးနွေးကြည့်ချင်တယ်။

ပြည့်တန်ဆာအကြောင်း မဆွေးနွေးခင် စာရေးသူက ပြည့်တန်ဆာအကြောင်း ဘယ်လောက် သိလို့လဲလို့ မေးစရာ ရှိတယ်။ တစ်နိုင်ငံလုံး ခရီးသွားရင်း အနှိပ်ခန်းတွေ ရောက်ဖူးတယ်ဗျာ။ ကာရာအိုကေဆိုင်တွေ ရောက်ဖူးတယ်။ နိုက်ကလပ်အချို့ ရောက်ဖူးတယ်။ ဆိုတော့ သိသလောက်၊ မြင်သလောက် ဆွေးနွေးကြည့်မယ်။ နိုင်ငံခြားမှာဆိုလည်း ဆိုးလ်မြို့တော် (တောင်ကိုရီးယား) က Cheonho တို့၊ အမ်စတာဒမ်မြို့တော် (နယ်သာလန်နိုင်ငံ) က De Wallen တို့စတဲ့ ပြည့်တန်ဆာတန်းတွေ (Red Light Districts) ဆီ ရောက်ဖူးတယ်ဗျာ။ ဘန်ကောက်မြို့တော်က ပက်ပုန်း (Patpong) ကို ရောက်ဖူးတယ်ဗျာ။ ရောက်တယ်ဆိုတာ Sex အတွက် ရောက်တာ မဟုတ်ဘူး။ လေ့လာချင်လို့ သွားတာဖြစ်တယ်။ ဆိုးလ်မှာဆိုရင် ဈေးတောင် မေးခဲ့သေးတယ်။ နိုင်ငံခြားသားဆိုရင် ပြည့်တန်ဆာတစ်ယောက်နဲ့ ပျော်ပါးခ ၁၅ မိနစ် အချိန်ပိုင်းစာကို ကိုရီးယား ဝမ် ၁၅၀,ဝ၀ဝ (ဒေါ်လာ ၁၃၀) ဝန်းကျင် ကျသင့်တယ်။ ဈေးကတော့ ညှိလို့ရတယ် ပြောတယ်။ ညှိရင်တော့ ကိုရီးယားဝမ် ၁၀ဝ,ဝ၀ဝ ဝန်းကျင်လောက်နဲ့ ဖြစ်တယ်။ မသွားခင်ကတည်းက ဈေးစုံစမ်းထားတာဆိုတော့ ဈေးမှန်ပဲ။ မြန်မာနိုင်ငံမှာ အရွယ်ကောင်း သာမန်ပြည့်တန်ဆာ မိန်းကလေး တစ်ယောက်ဟာ တစ်ညလုံးမှ ကျပ် ၅၀,ဝ၀ဝ မရချင်ဘူး။ ဒီကြားထဲ အနိုင်ကျင့် စော်ကားတာလည်း အချိန်မရွေး ခံရနိုင်တယ်။ ဘတ်စ်ကားဂိတ်က အချို့ မိန်းကလေးငယ်တွေဆိုရင် ရသမျှ ပေးတဲ့ဈေးနဲ့ လိုက်ကြရတာပဲ။ သာမန် ပြည့်တန်ဆာချင်း တူတာတောင် ဟိုမှာက ၁၅ မိနစ်ကို ဒေါ်လာ တစ်ရာလောက် အသာလေး ရနေပြီ။ သူတို့ဆီမှာ ကာကွယ်စောင့်ရှောက်မှုလည်း ရှိတယ်။ မော်ဒယ်တစ်ယောက်လိုလည်း စမတ်ကျကျ ပြင်ဆင်နေထိုင်တယ်။ ရှင်းရှင်းပြောရရင် နိုင်ငံခြားတိုင်းပြည်က စနစ်ကျတဲ့ ပြည့်တန်ဆာတန်းတွေဆီရောက်ရင် မြန်မာနိုင်ငံမှာလည်း ဒါမျိုးတွေ ရှိရင် ကောင်းမှာပဲလို့ တွေးခဲ့ဖူးတယ်။ နှာစိတ်နဲ့တွေးတာ မဟုတ်ဘူး။ ပြည့်တန်ဆာ လုပ်ငန်းကို ဘယ်လိုမှ ဟန့်တား ပိတ်ဆို့လို့ မရတာဖြစ်လို့ ကာကွယ် စောင့်ရှောက်ချင်စိတ်နဲ့ သုံးသပ် စဉ်းစားတာဖြစ်တယ်။ 

ဒီဆောင်းပါးမှာလည်း ပြည့်တန်ဆာခန်းတွေ၊ အနှိပ်ခန်းတွေအကြောင်း ရေးမှာ မဟုတ်ဘူး။ အဲဒီ ပြည့်တန်ဆာခန်း၊ အနှိပ်ခန်းတွေမှာ ခေါင်းပုံ အဖြတ်ခံနေရတဲ့ မြန်မာ မိန်းကလေးတွေ ဘဝအခြေအနေကို သိသလောက်၊ မြင်သလောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြန်မာပြည့်တန်ဆာတွေဘဝ ဘယ်လောက်အထိ ဆိုးရွားသလဲ။ ဒါကို ပြည့်တန်ဆာ ကျွမ်းကျင်သူ မဟုတ်တော့ မဆွေးနွေးနိုင်ပါဘူး။ သို့သော် ပြည့်တန်ဆာ အမျိုးအစားမှာမှ ဟိုတယ်မှာ လိုက်တဲ့ပြည့်တန်ဆာနဲ့ လမ်းဘေး ဘတ်စ်ကားဂိတ်တွေမှာ ဖောက်သည်မျှော်တဲ့ ပြည့်တန်ဆာတွေ ဘဝကတော့ ကွာမှာပေါ့။ အနှိပ်ခန်း (မာဆတ်) က မိန်းကလေးတွေ၊ ကာရာအိုကေက မိန်းကလေးတွေဟာ ပြည့်တန်ဆာတွေလား။ အတွေ့အကြုံအရ အားလုံးတော့ မဟုတ်ပါဘူး။ စာရေးသူ ခရီးသွားရင်း ကလော၊ လားရှိုး၊ လွိုင်ကော်၊ မြစ်ကြီးနားမြို့တွေက အနှိပ်ခန်း၊ ကာရာအိုကေခန်း၊ ပြည့်တန်ဆာခန်း အချို့ဆီ ရောက်ဖူးတယ်။ အဲဒီက မိန်းကလေးတွေ မေးကြည့်ရင် ဒီလောကထဲ ရောက်လာရတဲ့ အဓိက အကြောင်းအရင်းက ဆင်းရဲနွမ်းပါးတာပေါ့။ စာရေးသူ အချိန်ယူ မေးမြန်းခွင့်ရတဲ့ မိန်းကလေး အတော်များများက ရန်ကုန်မြို့ထဲ အနှိပ်ခန်းတွေက ဖြစ်တယ်။ အနှိပ်ခန်း ဆိုပေမယ့် ရောက်တဲ့နေရာ အတော်များများကတော့ အနှိပ်ခန်း အသွင်ယူပြီး ပြည့်တန်ဆာ လုပ်စားနေကြတာပေါ့။ အဲဒီတွေမှာ အနှိပ်ခံလို့လည်း ရတယ်။ နာရီပိုင်းနဲ့ လိင်ဆက်ဆံလို့လည်း ရတယ်။ မသွားတာတော့ ကြာပါပြီ။ သို့သော် အဲဒီနေရာတွေ၊ အဲဒီအခန်းတွေကတော့ မြို့ထဲမှာ ရှိမြဲ၊ ရှိနေဆဲပဲ။ အဲဒီတုန်းကတော့ ရိုးရိုးနှိပ်တာလောက်ဆိုရင် တစ်နာရီကို ၃ ထောင် ပေးရတယ်။ အချို့လည်း ၄ ထောင် ပေးရတယ်။ လိင်ဆက်ဆံတယ် ဆိုရင်တော့ တစ်ခါကို တစ်သောင်း ပေးရတယ်။ အချို့လည်း တစ်သောင်း နှစ်ထောင် တောင်းတယ်လို့ သိရတယ်။

အနှိပ်ခန်းမှာတွေ့တဲ့ မိန်းကလေးတွေက အမျိုးမျိုး ရှိတယ်။ အချို့ဆို အိမ်မှာ မိဘတွေနဲ့ အဆင်မပြေလို့ ထွက်ပြေးရင်း သူငယ်ချင်းတွေက သွေးဆောင်လို့ အနှိပ်ခန်းဆီ ရောက်လာတယ်။ လာတုန်းကတော့ နှိပ်ရုံပဲ လုပ်မယ်ပေါ့။ နောက်တော့ ငွေများများရတော့ ပြည့်တန်ဆာ ဖြစ်သွားတယ်။ အချို့လည်း ရည်းစားနဲ့ လွန်လွန်ကျွံကျွံ ဖြစ်တယ်။ မထူးတော့ပါဘူး ဆိုပြီး ဒီလောကထဲ ရောက်လာတယ်။ အချို့လည်း ပထွေးဖြစ်သူရဲ့ စော်ကားတာ ခံရတယ်။ အချို့လည်း အဖေ ဆုံးသွားတယ်။ ဒါမှမဟုတ်လည်း မိဘက ကျန်းမာရေး မကောင်းဘူး။ ငွေ လိုတယ်။ အနှိပ်ခန်းတွေ၊ ကာရာအိုကေဆိုင်တွေမှာ လုပ်တယ်။ နောက်ပြည့်တန်ဆာ ဖြစ်တယ်။ အချို့လည်း အမျိုးသားနဲ့ ကွဲပြီး၊ အမျိုးသား ဆုံးပြီး ဒီလောကထဲ ရောက်လာတာမျိုး ရှိတယ်။ သူတို့ရတဲ့ ငွေကြေးကို မေးကြည့်တယ်။ ရိုးရိုးမာဆတ် တစ်ဆက်ရှင် တစ်နာရီကို သုံးထောင် ပေးရတယ်ဆိုရင် သူတို့ရတာ ၈၀ဝ ကျပ်လောက်ပဲ ရတယ်။ နောက်တစ်ယောက်ကို မေးတော့လည်း ဒီလိုပဲ ပြောတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင်ကတော့ တူချင်မှ တူမှာပေါ့လေ။ ကျန်တာက မာဆတ်ပိုင်ရှင်က ရတယ်။ ထမင်း အခမဲ့ ကျွေးတယ်။ ပြဿနာ တက်လာရင် ဖြေရှင်းပေးတယ်။ ဒါပေမဲ့ အလုပ်က ကျွေးတဲ့ထမင်း အမြဲ မစားနိုင်လို့ အပြင်က မကြာ၊ မကြာ ဝယ်စားရတယ်လို့ ပြောတယ်။ ဒါက နှိပ်ရုံပဲနော်။ လိင်ကိစ္စ ဆက်ဆံမယ် ဆိုရင်တော့ ဘယ်လို ရှယ်ယာ ခွဲကြသလဲ မသိဘူး။ ဒီမိန်းကလေးတွေက ငယ်ကြတယ်။ ငယ်တယ်ဆိုတာ အသက် ၂၀ ဝန်းကျင်တွေပေါ့။ ခင်မင်သွားတဲ့အခါ စာရေးသူ မေးသမျှကို ဖြေတယ်။ သူတို့ အဖြေတွေ ရိုးသားတယ်ဆိုတာ ခံစားမိတယ်။  

အနှိပ်ခန်းက မိန်းကလေးတွေက သူတို့ဘဝပေး အခြေအနေတွေကြောင့် အဲဒီအလုပ်ကို လုပ်နေရပေမယ့် အချို့က ဘဝအသစ် တစ်ခုကို စချင်တယ်။ ငွေစုတယ်။ ပြီးရင် အိမ်ပြန်မယ်။ ကုန်စုံဆိုင် ဖွင့်တာတို့၊ အလှပြင်ဆိုင် ဖွင့်တာတို့၊ စက်ချုပ်စက်တွေ ထောင်တာတို့ လုပ်မယ်လို့ သူတို့ အိပ်မက်တွေကို ပြောပြတယ်။ အချို့လည်း အိမ်ထောင်ဖက် ရှာချင်ကြတယ်။ အိမ်ထောင်ပြုပြီး ဘဝတစ်ခု စချင်ကြတယ်။ မာဆတ်မှာ လုပ်နေတဲ့ အချို့မိန်းကလေးတွေက ၁၀ တန်း အောင်တယ်။ တက္ကသိုလ်ကျောင်း ပြီးတဲ့သူတွေ ရှိတယ်။ တက္ကသိုလ် တက်ရင်း ကျောင်းထွက်တဲ့သူ ရှိတယ်။ အများစုကတော့ အတန်းပညာရေး နည်းတာပေါ့လေ။ လေးတန်း၊ ငါးတန်းလောက်ပဲ ရှိတယ်။ အချို့ မာဆတ်၊ ကေတီဗီက မိန်းကလေးတွေဆို အတော် လှတယ်။ ဘယ်လိုမှ မထင်ရဘူး။ ရုပ်ရည်၊ ကိုယ်လုံး ကိုယ်ပေါက်၊ အသားအရေ အားလုံး ပြည့်စုံတယ်။ ဆက်ဆံရေး ကောင်းတယ်။ စိတ်မခိုင်ရင် သူတို့ ကျော့ကွင်းက ဘယ်လိုမှ မလွတ်နိုင်ဘူး။ 

သူတို့ကို အဆင်ပြေလား၊ ပျော်လား မေးတော့ ဒီလိုပါပဲလို့ ဖြေတယ်။ ဖောက်သည် ပုံမှန်ရပြီး ပိုက်ဆံရတဲ့ မိန်းကလေးကတော့ ဟုတ်တယ်။ အဆင်ပြေတယ်။ အနှိပ်ခန်းကို သူက ငွေရှာပေးနိုင်တာကိုး။ ဖောက်သည် ပုံမှန်မရတဲ့ မိန်းကလေးတွေကျတော့ ဖောက်သည်မရရင် ရတဲ့ငွေတောင် အဖြတ်ခံကြရတယ်လို့ သိရတယ်။ ဒီတော့ အနှိပ်ပဲ လက်ခံတဲ့ မိန်းကလေး တွေကျတော့ ပိုက်ဆံက သိပ်မရဘူး။ ကြာတော့ မသိမသာနဲ့ ပြည့်တန်ဆာတွေ ဖြစ်သွားတယ်။ သူတို့က တရားဝင်လိုင်စင် ရထားတဲ့ ပြည့်တန်ဆာတွေ မဟုတ်လို့ အချို့သော သူတွေရဲ့ အနိုင်ကျင့် ခြိမ်းခြောက်တာတွေ ခံရလေ့ရှိတယ်။ လိုအပ်ရင် သက်ဆိုင်ရာ တာဝန်ရှိသူ ဆိုသူတွေကို အခမဲ့ ဝန်ဆောင်မှု ပေးရတယ်။ အချို့ မိန်းကလေးတွေဆို အနှိပ်ခန်းမှာ အလုပ် လုပ်ဖို့ဆိုပြီး မအူမလည်နဲ့ ရောက်လာတယ်။ အနိုင်ကျင့် ဖျက်ဆီးတာ ခံရတယ်။ အချို့ အနှိပ်ခန်းပိုင်ရှင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အဆင်ပြေရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ 

ဝမ်းနည်းစရာ ကောင်းတာက အနှိပ်ခန်းပိုင်ရှင်တွေ၊ မိန်းကလေးတွေကို နောက်ကွယ်က ချုပ်ကိုင်ထားသူတွေဟာ မြန်မာနိုင်ငံသား တိုင်းရင်းသား မဟုတ်သူတွေ ဖြစ်နေတတ်ပြီး အနှိပ်ခန်း၊ ကာရာအိုကေ အလုပ်သမတွေကတော့ ကိုယ့် မြန်မာတိုင်းရင်းသား ပေါင်းစုံ ဖြစ်နေတတ်တယ်။ ဒါကိုယ့်နိုင်ငံထဲမှာတင်နော်။ အိမ်နီးချင်း နိုင်ငံတွေမှာ ဘဝပျက်နေတဲ့၊ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတဲ့ မြန်မာနိုင်ငံသား ပြည့်တန်ဆာတွေ အများကြီး ရှိတယ်။ တကယ်တော့ အဲဒီပြည့်တန်ဆာတို့၊ အိမ်ဖော်တို့ဆိုတာ ဆင်းရဲတဲ့ မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသူတွေ များတယ်။ သူတို့အသံတွေက ပျောက်နေတယ်။ ဘယ်သူမှ သူတို့အတွက် အကျိုး ဆောင်ပေးမယ့်သူလည်း မရှိဘူး။ ပြည့်တန်ဆာတွေအတွက် လုပ်ဆောင်ပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေဆိုတာလည်း ရောဂါဖြစ်ခါမှ ဆေးတွေ ဝေ၊ ဆေးကုတဲ့ အဆင့်လောက်ပဲ ရှိတယ်။ ပြည့်တန်ဆာတွေရဲ့ အခက်အခဲတွေ၊ လူမှုရေး ဒုက္ခတွေ၊ ပညာပေးရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေဆိုတာ ရှားလှပါတယ်။ 

စာရေးသူ ငယ်ငယ်ကတည်းက ရပ်ကွက်ထဲမှာ စာရေးသူထက် အသက်ကြီးတဲ့ အစ်ကိုကြီး အချို့က သူတို့ ပြည့်တန်ဆာတွေကို ဘယ်လို အနိုင်ကျင့်တာ၊ အုပ်စုလိုက် အနိုင်ကျင့်တာ၊ ပိုက်ဆံပေးပြီးမှ ပြန်လုပြီး ခြိမ်းခြောက် ပြန်လွှတ်တာမျိုးတွေ ကြားမိတိုင်း လူလူချင်း အတော် ကရုဏာ သက်မိတယ်။ အဲဒီလို အနိုင်ကျင့်တဲ့သူတွေကိုလည်း အံ့အားသင့်မိတယ်။ စာရေးသူ အနှိပ်ခန်းတွေမှာ အနှိပ်ခံရုံကလွဲလို့ တစ်ခါမှ ပြည့်တန်ဆာတွေနဲ့ မပျော်ပါးခဲ့ဖူးဘူး။ သူတို့က ပိုက်ဆံ လိုချင်လို့ အတင်းဆွယ်ရင်တောင် မုန့်ဖိုးနည်းနည်း ပိုပေးပြီး မဆက်ဆံမိအောင် ထိန်းခဲ့တယ်။ ကလောမြို့သွားရင်း အောင်ပန်းမှာ လမ်းကြုံတုန်း ပြည့်တန်ဆာခန်း တစ်ခုဆီ ရောက်တယ်။ အဲဒီက ပြည့်တန်ဆာတွေဘဝ သိချင်လို့ ရောက်တုန်း တမင် သွားတာ ဖြစ်တယ်။ ပြည့်တန်ဆာ မိန်းကလေး တစ်ယောက်ကို ပိုက်ဆံပေး၊ အခန်းထဲမှာ စကား နည်းနည်းပြောပြီး ပြန်လွှတ်လိုက်တယ်။ အောင်ပန်း ဆိုပေမယ့် ရန်ကုန်ထက်တောင် ခေတ်မီချင်သေးတယ်။ ရောင်စုံမီးရောင်တွေအောက်မှာ ကာလာစုံ ဝတ်ထားတဲ့ ဆိုက်စုံမိန်းကလေးတွေကို တန်းစီ ခိုင်းပြီး တစ်ယောက်ချင်း ရွေးချယ်နိုင်တယ်။ အဲဒီမှာလည်း ပြည့်တန်ဆာ မိန်းကလေးက သူတို့ ဘယ်လို လုပ်ကိုင်စားသောက်ရ ခက်ခဲကြောင်း၊ ပိုက်ဆံနည်းနည်းစုမိလည်း အဖမ်းခံရရင် ပြန်ကုန်ကြောင်း၊ တစ်ခါတလေ ဘယ်ကမှန်း မသိတဲ့သူတွေကိုလည်း အခမဲ့ ဝန်ဆောင်မှု ပေးရကြောင်း၊ မကျေနပ်ရင်လည်း ရိုက်နှက်တာ ခံရကြောင်း၊ တစ်ခါတလေလည်း တစ်ယောက်ဆိုပြီး သုံး၊ လေးယောက် ပိုက်ဆံ မပေးဘဲ အနိုင်ကျင့်ကြောင်း စုံနေအောင် ပြောပြပါတယ်။ 

စာရေးသူ နိုင်ငံခြား ရောက်လို့ ပြည့်တန်ဆာ ဝက်ဘ်ဆိုက်တွေ ဝင်ကြည့်ရင် အလန်းတွေ မကြာမကြာ တွေ့ရတယ်။ ရုပ်ရည်၊ အတိုင်း အထွာ၊ အသက်အရွယ်၊ ပေးရမယ့် ငွေကြေးပမာဏ အားလုံး ပါဝင်တယ်။ နိုင်ငံခြားဆိုတာ ထိုင်းတို့၊ တရုတ်တို့၊ ဟောင်ကောင်တို့ကို ပြောတာ ဖြစ်တယ်။ ဘန်ကောက်က ပက်ပုံးဆိုလည်း လူတိုင်းသိတယ်။ အဲဒီ မှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ အားလုံးရတယ်။ တရုတ်မှာလည်း ရှိတယ်။ ဂျပန်မှာလည်း ရှိတယ်။ စင်ကာပူ၊ မလေးရှားမှာလည်း ရှိတယ်။ သီးသန့် လမ်းတွေ၊ သီးသန့် အဆောက်အအုံတွေပေါ့။ ဆိုးလ်မှာဆိုရင် ပြည့်တန်ဆာ ရပ်ကွက်လမ်းတွေမှာ ရဲကားတွေ အယောင်ပြ မကြာခဏ ကင်းလှည့်တတ်တယ်။ အမ်စတာဒမ်မှာဆိုရင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုထားတယ်။ ပြည့်တန်ဆာ လုပ်ငန်းဆိုတာ ထိန်းချုပ်လို့ မရဘူး။ နိုင်ငံတိုင်းလိုလိုမှာ ရှိတယ်။ ဒီတော့ အချို့နိုင်ငံတွေက တစ်မျိုး စဉ်းစားတယ်။ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် အသိအမှတ် မပြုသည့်တိုင် နေရာ သီးသန့် သတ်မှတ်ပေးတယ်။ စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်တယ်။ ကာကွယ်စောင့်ရှောက်မှုတွေ ပေးတယ်။ ပြည့်တန်ဆာဆိုတာလည်း ကိုယ့်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ရောဂါတစ်စုံတစ်ရာ ဖြစ်လည်း ထိန်းချုပ်ရ လွယ်ကူတယ်။ မှုခင်းတစ်စုံတစ်ရာဖြစ်လည်း စုံစမ်းရ လွယ်ကူတယ်။ ပြန့်ကြဲနေတဲ့ ပြည့်တန်ဆာခန်းတွေကို လှည့်ပြီး ငွေညစ်ချင်တဲ့ အကျင့်ပျက် တာဝန်ရှိသူတွေကိုလည်း ထိန်းချုပ်ရာ ရောက်တယ်။ 

အကာအကွယ်မဲ့တဲ့ ပြည့်တန်ဆာတစ်ယောက် ဘဝဆိုတာ အင်မတန် ဆိုးပါတယ်။ အင်တာနက်မှာ တစ်နေ့ကပဲ ကလေးမွေးပြီး ရက်ပိုင်းနဲ့ ငွေလိုလို့ ပြည့်တန်ဆာ လိုက်ရတဲ့ ကလေးမိခင် တစ်ယောက်အကြောင်း ဖတ်ရတယ်။ အဲဒါမျိုး စာရေးသူ မြစ်ကြီးနားမြို့မှာ ယူအန် (UN) အဖွဲ့အစည်းတစ်ခုနဲ့ တာဝန်ကျတုန်း ကြားသိကြုံတွေ့ခဲ့ဖူးတယ်။ ရန်ကုန် ဘတ်စ်ကားဂိတ် အချို့မှာဆိုလည်း ဖောက်သည် မျှော်နေတဲ့ နွမ်းပါးလှတဲ့ မြန်မာမိန်းကလေး ပြည့်တန်ဆာတွေကို မကြာမကြာ တွေ့ရတတ်တယ်။ လူကနွမ်း၊ အကျင့်ကနွမ်း၊ အသိစိတ်ကနွမ်း၊ အနွမ်း သံသရာ လည်နေတဲ့ ဒီမိန်းကလေးတွေအားလုံး မြန်မာစစ်စစ်တွေချည်းပဲ။ စာရေးသူကတော့ ပြည့်တန်ဆာတွေကို တရားဝင် ခွင်ြ့ပုစေချင်တယ်။ တရားဝင် စုစည်းလိုက်ရင် သူတို့ကို ပညာပေးရတာလည်း လွယ်ကူတယ်။ အကာအကွယ်ပေးရ တာလည်း လွယ်ကူတယ်။ တရားဝင်မဟုတ်တောင် သင့်တော်တဲ့ဥပဒေတွေ ပြဋ္ဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပြုစေချင်တယ်။ သူတို့ကို အပျက်မတွေ၊ ရောဂါဖြန့်ဖြူးသူတွေဆိုပြီး အဆိုးမြင်နဲ့ မကြည့်ပါနဲ့။ လူသားချင်း စာနာတဲ့စိတ်နဲ့ ကြည့်ပေးကြပါ။ ပြည့်တန်ဆာဘဝဆိုတာ အကြောင်း အမျိုးမျိုးနဲ့ ရောက်သွားနိုင်ပါတယ်။ မြန်မာရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာတော့ ဟုတ်ပါတယ်။ ဘယ်နိုင်ငံမှာမှ သူတို့ ရိုးရာယဉ်ကျေးမှုတွေမှာ ပြည့်တန်ဆာဆိုတာ မရှိပါဘူး။ မိမိနိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ခြင်းသာ ဖြစ်ပါတယ်။ ပြည့်တန်ဆာတွေ ဘဝကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ 

တစ်လောက စာရေးသူဆီ မိန်းကလေးတစ်ယောက် သူတို့ဆီမှာ ပျက်စီးနေတဲ့ မိန်းကလေးတွေ အများကြီး ရှိနေတယ်။ ကူညီ၊ ကယ်ဆယ်၊ ပညာပေးတာတွေ လုပ်ချင်တယ်ဆိုပြီး စာရေးသူနဲ့သိတဲ့ ဆရာတစ်ယောက်ကတစ်ဆင့် မိတ်ဆက် ဆက်သွယ်လာပါတယ်။ ချာတိတ်မက ငယ်ငယ်ပဲ ရှိသေးတယ်။ ငွေကြေးတော့ ပြည့်စုံပုံ ရပါတယ်။ စာရေးသူရဲ့ Save the Children က အတွေ့အကြုံတွေ၊ အနှိပ်ခန်း အတွေ့အကြုံတွေ ရှင်းပြလိုက်တယ်။ အခုတော့ အဲဒီကလေးမ အမေရိကားကို ကျောင်းတက်ဖို့ ရောက်နေပါပြီ။ လူငယ်တွေထဲမှာ အဲဒီလို ကြံဆတွေးခေါ် တတ်တဲ့သူတွေ များများရှိဖို့် လိုပါတယ်။ တကယ် လုပ်တာ၊ မလုပ်တာ အပထား၊ ကိုယ့် စိတ်ကူး၊ အတွေးနေရာမှာ သူတို့အတွက်၊ သူတို့ဘက်က စဉ်းစားကျင့်လုပ်ပေးပါ။ နိုင်ငံရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ဆိုတာ အချိန်ယူရမယ့် ကိစ္စတွေ ဖြစ်တယ်။ အခန့်မသင့်ရင် အကြိမ်ကြိမ် တိုင်ပတ်နေမယ့်ကိစ္စတွေ ဖြစ်တယ်။ ပြည့်တန်ဆာကိစ္စတို့၊ အိမ်ဖော်ကိစ္စတို့ ကာကွယ် စောင့်ရှောက်ရေး ကိစ္စတွေမှာ လှုပ်ရှား ဆောင်ရွက်ခြင်းဟာလည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးတဲ့ ကိုယ့်တိုင်းရင်းသား မိန်းကလေးငယ်တွေ အဓိက ပါဝင် ပတ်သက်နေတဲ့ ပြည့်တန်ဆာတို့၊ အိမ်ဖော်တို့ အရေးကိစ္စတွေမှာ မြန်မာနိုင်ငံသား လူငယ်များအနေနဲ့ တက်တက်ကြွကြွ တွန်းအားပေး လှုပ်ရှားဆောင်ရွက်ကြဖို့ ဒီဆောင်းပါးကတစ်ဆင့် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

အောင်အောင် (IR)

  • TAGS