News

POST TYPE

PERSPECTIVE

ပြည်နယ် အခြေခံဥပဒေများဆိုင်ရာ
16-May-2017 tagged as

ပြည်နယ်တွေမှာ ကိုယ်စီအခြေခံဥပဒေ ရေးဆွဲနိုင်တဲ့ အခွင့်အရေး ပေးဖို့အတွက် သဘောတူလိုက်ကြပြီဆိုပြီး သတင်းတစ်ပုဒ် တက်လာပါတယ်။ ဒီသဘောတူညီချက်ဟာ ပြည်ထောင်စုသားများရဲ့ တန်းတူညီမှု အခွင့်အရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲ ဆန်းစစ်ကြည့်မိပါတယ်။ ဒီစာထဲမှာ ပြည်နယ်လို့ ဆိုလိုက်ရင် (ပြည်နယ်များ + တိုင်းဒေသကြီးများ) အားလုံးကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်စေလိုပါတယ်။ 

ဖက်ဒရယ် ပြည်ထောင်စု တစ်ခုထဲမှာ ပါဝင်နေကြတဲ့ ပြည်နယ်တွေမှာ ကိုယ်စီ အခြေခံဥပဒေတွေ ရှိနေကြတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုက ပြည်နယ်တိုင်းမှာ ကိုယ်စီ အခြေခံဥပဒေတွေ ရှိနေကြသလို အိန္ဒိယနိုင်ငံက ပြည်နယ်တွေမှာလည်း အခြေခံဥပဒေ သဘောသက်ရောက်တဲ့ ပြည်နယ်အတွင်း အာဏာသုံးရပ် ခွဲဝေကျင့်သုံးပုံနဲ့ ပတ်သက်လို့ အခိုင်အမာ ပြဋ္ဌာန်းထားချက်တွေ ရှိနေကြပါတယ်။ အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေမှာရော အိန္ဒိယ အခြေခံဥပဒေမှာပါ ပြည်နယ်များနဲ့ ပတ်သက်တဲ့ အာဏာသုံးရပ် ခွဲဝေကျင့်သုံးမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ အသေးစိတ် ပါဝင်ခြင်း မရှိတဲ့အတွက် အဲဒီနိုင်ငံတွေရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေအတွက် အခြေခံဥပဒေတွေက လိုကို လိုအပ်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ပြည်နယ်တွေက ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေတွေဟာ ပြည်ထောင်စု အခြေခံဥပဒေရဲ့ ဘောင်ကို ကျော်လွန်ပြီး အာဏာကို ကျင့်သုံးခွင့် မရှိတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြား ဆက်ဆံရေးနဲ့ ငွေကြေး ထုတ်ဝေရေးတို့လို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရတစ်ခုတည်းကသာ ချုပ်ကိုင်စီမံခွင့်ရှိပြီး တခြား အခွင့်အာဏာများကိုသာ ပြည်ထောင်စုနဲ့ ပြည်နယ်များ ခွဲဝေသတ်မှတ် ကျင့်သုံးကြတာမျိုး ဖြစ်ပါတယ်။ 

မြန်မာ့အခြေခံဥပဒေမှာ အာဏာသုံးရပ် ပိုင်းခြားထားတဲ့ သဘောတရားတွေ ပါဝင်နေပေမယ့် ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက စိတ်ကြိုက် ရွေးချယ်ခန့်အပ်ပြီး သမ္မတကို တာဝန်ခံရတာ၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာများကို အားလုံး တစ်ပြေးညီ သတ်မှတ် ကျင့်သုံးစေတာတွေကို ထည့်သွင်းပြဋ္ဌာန်း ထားတဲ့အတွက် လက်ငင်းကာလမှာ ပြည်ထောင်စု အခြေခံဥပဒေ တစ်ခုတည်းနဲ့တင် တစ်နိုင်ငံလုံးရဲ့ အာဏာသုံးရပ် ခွဲဝေကျင့်သုံးမှုကို လွှမ်းခြုံမိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ် အခြေခံဥပဒေတွေ ရေးဆွဲ ကျင့်သုံးတော့မယ်ဆိုရင် လက်ရှိ အခြေခံ ဥပဒေကိုလည်း အများကြီး ပြုပြင် ပြောင်းလဲပစ်လိုက်ရမှာပါ။ တစ်ကဏ္ဍချင်းစီအတွက် တင်ပြသွားပါမယ်။

အုပ်ချုပ်ရေး ကဏ္ဍဘက်က ပြောရရင် အရေးအကြီးဆုံး အချက်က ဘာဖြစ်မလဲဆိုတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးများကို ပြည်နယ်များက  တိုက်ရိုက် ရွေးကောက် တင်မြှောက်ပိုင်ခွင့်နဲ့ သမ္မတကို (အပြည့်အဝ) တာဝန်ခံစရာ မလိုဘဲ ပြည်ထောင်စု အခြေခံဥပဒေနဲ့ သက်ဆိုင်ရာ ပြည်နယ် အခြေခံဥပဒေကိုသာ တာဝန်ခံရမယ်ဆိုတဲ့ အနှစ်သာရကို ထည့်သွင်းရတော့မယ်လို့ ယူဆပါတယ်။ လက်ရှိမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးများ (ဝန်ကြီးချုပ်များ) ကို သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်အမတ်များထဲကနေ သမ္မတက စိတ်ကြိုက် ရွေးချယ်ခန့်အပ်ပြီး သူတို့တွေက သမ္မတကို တာဝန် ခံရပါတယ်။ အခု ရည်မျှော်နေကြတဲ့ အခြေအနေမှာ ဖော်ပြပါ အုပ်ချုပ်ရေး အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာထိ ပြောင်းလဲလိုက်မလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးစနစ်တွေမှာလည်း တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးစနစ်တွေ၊ တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ မြို့ကောင်စီစနစ်တွေကို ထည့်သွင်း ကျင့်သုံးကြမလား ကြည့်ရပါဦးမယ်။ 

ဥပဒေပြုရေး အပိုင်းနဲ့ ပတ်သက်ရင် အခုလက်ရှိ ကျင့်သုံးနေတဲ့ လွှတ်တော်တစ်ရပ် စနစ်ကနေ တချို့ ပြည်နယ်တွေက လွှတ်တော်နှစ်ရပ် စနစ် ကျင့်သုံးမလား၊ လွှတ်တော်တစ်ရပ်တည်း စနစ်ကို ဆက်လက် ကျင့်သုံးကြမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ လွှတ်တော်အမတ် ရွေးကောက် တင်မြှောက်တဲ့အခါမှာလည်း အခု ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အမတ်ဖြစ်စတမ်း စနစ်ကနေ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်တွေကို တွဲဖက် ကျင့်သုံးလာကြမလား ဆိုတာလည်း စောင့်ကြည့်ရမှာပါ။ 

တရားစီရင်ရေး အပိုင်းမှာဆိုရင်တော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာဖွယ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးများနဲ့ ပြည်နယ် လွှတ်တော်များက ပိုမိုကျယ်ပြန့်တဲ့ အာဏာကျင့်သုံးမှု ရှိလာပြီး ပြည်ထောင်စု အစိုးရနဲ့  ပြည်နယ်အစိုးရ အာဏာ ခွဲဝေမှုတွေ၊ နောက်ပြီး ပြည်နယ် လွှတ်တော်များရဲ့ ဥပဒေပြုရေးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေ ပိုပြီးများလာနိုင်စရာ ရှိတဲ့အတွက် အဲဒါတွေကို အဆုံးအဖြတ် ပေးရမယ့် ကိစ္စတွေလည်း ပိုပြီး များလာနိုင်မှာမို့ ဖြစ်ပါတယ်။ အခု လက်ရှိ ကျင့်သုံးနေတဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ ခန့်အပ်မှုမှာ အစိုးရတစ်ဆက်ပြောင်းတိုင်း လိုက်ပါ ပြောင်းလဲနေမှုဟာ တရားစီရင်ရေး ကဏ္ဍရဲ့ လွတ်လပ်မှုကို အတိုင်းအတာ တစ်ခုထိ ထိပါးစေတာကြောင့် အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်များ ခန့်အပ်မှု စနစ်ကို ပြောင်းမလား၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုပဲ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အခွင့်အာဏာတွေ အပ်နှင်းမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စစ်ဘက်ဆိုင်ရာ တရားရုံးများ အနေနဲ့ကတော့ သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်းပဲ ဆက်လက် ကျင့်သုံးဖွယ် ရှိပါတယ်။ 

ပြည်ထောင်စုနဲ့ ပြည်နယ်များ အကြား အာဏာသုံးရပ် ခွဲဝေကျင့်သုံးမှုနဲ့ ပတ်သက်ပြီး ဆက်လက် တင်ပြပါ့မယ်။ အမေရိကန်လို နိုင်ငံမျိုးမှာတော့ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အာဏာများကို ပြည်ထောင်စုကို အပ်နှင်းထားပြီး ကြွင်းကျန်ရစ်သော အာဏာများကို ပြည်နယ်များက ကျင့်သုံးခွင့် ပေးထားပါတယ်။ ဒီနေရာမှာ ကြွင်းကျန်ရစ်သော အာဏာနဲ့ပတ်သက်ပြီး အကောက်အယူ အမျိုးမျိုး ရှိကြပါတယ်။ တချို့တော့ ကြွင်းကျန်ရစ်သော အာဏာရတဲ့သူဟာ ပိုပြီး  အာဏာကြီးတယ်လို့ ယူဆကြသလို တချို့ကလည်း ပိုင်းခြားသတ်မှတ် ပေးထားတဲ့ အာဏာက ပိုပြီးများတယ်လို့ ဆိုကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ပြည်နယ်များကို ကြွင်းကျန်ရစ်သော အာဏာ အားလုံး အပ်နှင်းထားတယ် ဆိုသော်လည်း အဓိကကျတဲ့ အာဏာများကို  ပြည်ထောင်စုက ချုပ်ကိုင်ထားတဲ့အတွက် အမေရိကန် ပြည်ထောင်စု အစိုးရဟာ ပြည်နယ် အစိုးရများထက် အချုပ်အခြာ အာဏာကို ကျင့်သုံး ဆောင်ရွက်ခွင့် ပိုပြီးရနေတာကို တွေ့ရပါတယ်။ မြန်မာ့လက်ရှိ အခြေခံ ဥပဒေမှာတော့ ပြည်ထောင်စုနဲ့ ပြည်နယ်များ ဥပဒေပြု စီမံခန့်ခွဲခွင့်ရှိတဲ့ ကိစ္စရပ်များ၊ ကောက်ခံခွင့်ရှိတဲ့ အခွန်များနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဇယားတွေမှာ အသေးစိတ်နီးပါး ဖော်ပြထားပြီးတော့ ကြွင်းကျန်ရစ်သော အာဏာများ (ဇယားများတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိသော ကိစ္စရပ်များနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲပိုင်ခွင့်) ကို ပြည်ထောင်စုကို အပ်နှင်းထားကြောင်း တွေ့ရပါတယ်။ လက်ရှိ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်နယ်များကို ပေးထားတဲ့ အာဏာခွဲဝေမှု လုံလောက်မှု မရှိကြောင်း ဝေဖန်မှုများရှိသလို ဇယားပါ အာဏာများကို သက်ဆိုင်ရာ ပြည်နယ်များက ဥပဒေပြဋ္ဌာန်းပြီး ရယူကျင့်သုံးနိုင်မှုမှာလည်း အားနည်းနေကြောင်း သုတေသန တွေ့ရှိချက်တွေ ရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်နယ်များမှာ အင်္ဂလန်ပုံစံ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပေမယ့် နောင်အခါမှာ ပြည်နယ်များမှာ အမေရိကန်ပုံစံ သမ္မတစနစ် ကျင့်သုံးမလား၊ အင်္ဂလန်ပုံစံ ပါလီမန် ဒီမိုကရေစီစနစ်ကိုပဲ ဆက်ပြီး ကျင့်သုံးကြမလား၊ ဒါမှမဟုတ် မိမိတို့စိတ်ကြိုက် ပုံဖော်ထားတဲ့ ရောနှောစနစ်ဖြစ်ဖြစ်၊ အခြားပုံစံတစ်ခုဖြစ်ဖြစ် ကျင့်သုံးကြမလားဆိုတာ ပြည်နယ် တစ်ခုချင်းစီရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါတင်မက ပြည်နယ် တစ်ခုချင်း အလိုက်မှာ ရှိနေကြတဲ့ ခရိုင်မြို့နယ်တွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး အာဏာတွေကို ဘယ်လို ပုံစံမျိုးနဲ့ ခွဲဝေကျင့်သုံးကြမလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ 

ပြည်နယ်များက အခြေခံဥပဒေများ ကိုယ်စီရေးဆွဲ ကျင့်သုံးကြမယ့်အပေါ် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာတွေ ရှိနေတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပေမယ့် ပြည်ထောင်စု နိုင်ငံတော်တစ်ခုရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်နယ်နဲ့ ပြည်ထောင်စု အာဏာခွဲဝေ ကျင့်သုံးမှုကို တိတိကျကျ ပိုင်းခြားထားတဲ့ အခြေခံဥပဒေကို အားလုံးက လေးစား လိုက်နာကြမယ်ဆိုရင် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာ မဟုတ်ကြောင်း ယူဆမိပါတယ်။ နောက်တစ်ခါ တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ကွပ်ကဲမှု တစ်ခုတည်းအောက်မှာ ရှိနေတဲ့ ပြည်ထောင်စုသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ သဘောတရားကို အားလုံးက လက်ခံ ကျင့်သုံးကြမယ်ဆိုရင် မြန်မာ့ပါလီမန် ဒီမိုကရေစီ ခေတ်ဦးတုန်းက ကြုံခဲ့ရတဲ့ ခါးပိုက်ဆောင်တပ်တွေ သူတစ်လူ ငါတစ်မင်း လုပ်(နိုင်)တဲ့ အခြေအနေမျိုးကို စိုးရိမ်စရာ မရှိပါဘူး။ 

ပြည်နယ်များက ကိုယ်စီ အခြေခံဥပဒေများကို ရေးဆွဲ ကျင့်သုံးလာကြပြီး အာဏာသုံးရပ်နဲ့ ပတ်သက်ရင်လည်း လက်ရှိထက် ပိုမိုကျယ်ပြန့်စွာ ပြဋ္ဌာန်း ကျင့်သုံးလာနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်မှာ တာဝန်လည်း ပိုရှိလာပြီဆိုတဲ့ သဘောလည်း ပါဝင်နေတယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ပြည်ထောင်စု အစိုးရက ခန့်အပ်တဲ့ ပြည်ထောင်စု ဝန်ထမ်းများအပြင် သက်ဆိုင်ရာ ပြည်နယ်များက ခန့်အပ်တဲ့ ပြည်နယ် ဝန်ထမ်းများဆိုတာလည်း ရှိလာပြီဖြစ်တဲ့အတွက် အဲဒီဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှု အသုံးစရိတ်များကို သက်ဆိုင်ရာ ပြည်နယ်များက မိမိဘာသာ ကျခံသုံးစွဲရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ် တစ်ခုနဲ့တစ်ခု စီးပွားရေး လူမှုရေး အခြေအနေချင်း ကွာခြားချက်တွေ ရှိနေရာမှာ ဘဏ္ဍာရေး ပိုငွေပြတဲ့ ပြည်နယ်တစ်ခုအတွက် မထောင်းတာ လှပေမယ့် ကိုယ့်ပြည်နယ် ဝင်ငွေနဲ့ မလောက်ငတဲ့ ပြည်နယ် အစိုးရတွေ အနေနဲ့ ပြည်ထောင်စု အစိုးရထံက ရန်ပုံငွေ တောင်းခံ သုံးစွဲရတာမျိုး ရှိလာတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုအရ ပြည်ထောင်စု အစိုးရရဲ့ ဩဇာကို ပိုမို လွှမ်းမိုးခံရနိုင်ဖွယ် အခြေအနေလည်း ရှိနေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ 

နိဂုံးချုပ် အနေနဲ့ပြောရရင် ပြည်နယ် အခြေခံဥပဒေများ ကိုယ်စီ ရေးဆွဲကျင့်သုံးမယ့် အခြေအနေကို သဘောတူလိုက်ကြတယ် ဆိုတာ ပြည်နယ်များရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုမှု အခြေအနေ အတိုင်းအတာတစ်ခု တိုးတက်သွားတာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်များ အတွက်လည်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ စီမံခန့်ခွဲရတော့ မယ်ဆိုတဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ စိန်ခေါ်ချက်တစ်ရပ် တိုးလာတာ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေခံဥပဒေက ပေးထားတဲ့ နောက်ဆက်တွဲ ဇယားပါ အခွင့်အာဏာတွေကိုတောင် အပြည့်အဝ ပြဋ္ဌာန်း ကျင့်သုံးနိုင်ခြင်း မရှိသေးတဲ့ ပြည်နယ်တွေ အနေနဲ့ ယခုထက်ပိုတဲ့ အာဏာခွဲဝေမှုကို ကျင့်သုံးရတဲ့အခါမှာလည်း စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရဦးမယ် ဆိုတာကို ကြိုတင် မျှော်တွေးပြီး လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ၊ အခြေခံ အဆောက်အဦဆိုင်ရာ၊ အင်စတီးကျူးရှင်းဆိုင်ရာ ပြင်ဆင်မှုများကို သေချာကျန လုပ်ဆောင်မှသာလျှင် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်များရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်နိုင်မှာဖြစ်ပြီး ရလာတဲ့ အခွင့်အလမ်းများကို အကျိုးရှိရှိ ထိထိမိမိ အသုံးချနိုင်မယ် ဆိုတာကို မမေ့မလျော့ သတိပြု ပြင်ဆင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဗိုလ်ကောင်း (၁၃ ရက် မေလ ၂၀၁၇)

  • TAGS