POST TYPE

PERSPECTIVE

ပိုမိုခက်ခဲရှုပ်ထွေးလာသော မြန်မာ့ငြိမ်းချမ်းရေးခရီး
၂၀၁၇ ဧပြီလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၇ ဖွဲ့ (အားလုံးသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA ကို လက်မှတ်မထိုးရသေး) သည် အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ မြို့တော်ပန်ခမ်းတွင် တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အုပ်စု အားလုံးအနက် အင်အားအကြီးဆုံး ‘ဝ’ တပ်ဖွဲ့ UWSA က စီစဉ်ကျင်းပသော ငါးရက်ကြာ အစည်းအဝေးအပြီးတွင် နိုင်ငံရေးဒိုင်ယာလော့ တွေ့ဆုံညှိနှိုင်းရန် လမ်းကြောင်းသစ်အဖြစ် ပြည်ထောင်စု နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှု ဒိုင်ယာလော့ ကော်မတီ UPNDC ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော တိုင်းရင်းသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကကျသော တိုးတက်မှုတစ်ခုဖြစ်သည့် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို မေလ ၂၄ ရက်တွင် ကျင်းပမည်ဟု အစိုးရက သတ်မှတ်ကြေညာခြင်း မပြုမီ ကိုးရက်အလိုတွင် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော နေပြည်တော်၏ ငြိမ်းချမ်းရေး အစီအစဉ် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ ဆန်းစစ်မှုနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အလားအလာရှိသော နည်းလမ်းသစ်တစ်ခုအဖြစ် ထင်ဟပ်သည်။

ဖေဖော်ဝါရီ ထိပ်သီးညီလာခံ

NCA လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ကိုးဖွဲ့ စုစည်းထားသော သြဇာကြီးမားသည့် ‘ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ’ (UNFC) အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၇ ဖေဖော်ဝါရီလက ‘ဝ’ ဒေသ ပန်ခမ်းတွင် UWSA က ကျင်းပသည့်အချိန်တွင် ဒိုင်ယာလော့ ဆွေးနွေးမှု မူဘောင်အသစ်၏ အခြေခံအုတ်မြစ်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့က သဘောတူညီချက် အသစ်ကို ထောက်ခံခဲ့ကြသည်။

ဤကိစ္စတွင် အကျိုးဆက်နှစ်ခု ရှိသည်။ ပထမတစ်ခုမှာNCA လက်မှတ်မထိုးသော အုပ်စုများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ နေပြည်တော်အား အလျှော့ပေးသည့် အခြေအနေသို့ ရောက်အောင် တွန်းအားပေးခြင်း ဖြစ်သည်။ မတ်လ ၃ ရက်တွင် UNFC ၏ တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကော်မတီ ဖြစ်သော နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှု ကော်မတီ DPN က ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံစည်းဝေးပြီးနောက် ၎င်းတို့ ကြာမြင့်စွာ တောင်းဆိုထားသည့် အချက်ကိုးချက်ကို နေပြည်တော်က မူအားဖြင့် သဘောတူကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဒုတိယတစ်ခုမှာ NCA လက်မှတ်မထိုးသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအတွင်း လက်မှတ်ထိုးရန် လိုလားသောအစုနှင့် ဆက်လက်ပယ်ချမည့် အစုအဖြစ် နှစ်ခြမ်းကွဲမှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ စိတ်ဝင်စားစရာဖြစ်ရပ်မှာUNFC အဖွဲ့ဝင်ငါးဖွဲ့က NCA ကို လက်မှတ်ထိုးရန် အဆင်သင့် ရှိသည်ဟု အစိုးရက မတ်လ ၃၀ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်လကြာသွားချိန်အထိ ဖြစ်မလာခဲ့ပေ။ အမှန်စင်စစ် ယခုအခါ မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှစ်ဖွဲ့တည်းသာ NCA ကို လက်မှတ်ထိုးမည့်သဘော ရှိသည်။

တွေ့ဆုံဆွေးနွေးမှု ကော်မတီအသစ် ဘာကြောင့် ပေါ်လာ

အစိုးရနှင့် တပ်မတော်က ကမကထပြုသော NCA လုပ်ငန်းစဉ်နှင့် ဝေးကွာသွားသော လက်မှတ်မထိုး လက်နက်ကိုင်အုပ်စုများ၏ နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးမှု ကော်မတီသစ် ဖွဲ့စည်းမှုသည် ရှောင်လွှဲ၍ မရနိုင်ဟု စောဒက တက်နိုင်စရာ ရှိသည်။ ဤကိစ္စ နောက်ကွယ်တွင် အကြောင်းရင်းတစ်ခုမက ရှိနေသည်။

ပထမအချက်မှာ ဒီမိုကရေစီစနစ်သို့ အပြည့်အဝ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သည့်ကြားမှပင် လက်ရှိ နေပြည်တော်ရှိ အုပ်ချုပ်ရေးကို အရပ်ဘက်နှင့် စစ်ဘက် (တပ်မတော်) ဟူသော ကွဲပြားခြားနားသည့် ပါဝါစင်တာ နှစ်မျိုးက ထိန်းကျောင်းနေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် နိုင်ငံရေး ဒိုင်ယာလော့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ကို အရပ်ဘက်အစိုးရက ချမှတ်ဆောင်ရွက်နေသည့်အချိန်တွင် တပ်မတော်က လက်မှတ်မထိုးသော အုပ်စုများကို ကိုယ်ပိုင်အစီအစဉ်ဖြင့် ကိုင်တွယ်လျက် ရှိသည်။ ထင်ရှားပေါ်လွင်သော ဖြစ်ရပ များမှာ လွန်ခဲ့သော ခြောက်လအတွင်း မြောက်ပိုင်း မဟာမိတ်အုပ်စုများအပေါ် တစ်ဖက်သတ် ထိုးစစ်ဆင်မှုများနှင့် မြောက်ပိုင်းနယ်စပ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ရှေ့တန်းနယ်မြေများတွင် စစ်အင်အား ဆက်လက်တိုးချဲ့နေမှုများ ဖြစ်သည်။

ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့် မူဘောင်နှစ်မျိုး ရှိနေခြင်း၏ ရလဒ်နှစ်ခုမှာ နေပြည်တော်နှင့် လက်မှတ်မထိုး တိုင်းရင်းသားအုပ်စုများ အကြား အရေးကြီးသော ဆက်သွယ်ဆောင်ရွက်မှု ဟာကွက်ဖြစ်ပေါ်လာခြင်းနှင့်၊ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် အကြမ်းဖက် တိုက်ခိုက်မှု ရုတ်တရက် ထွက်ပေါ်လာခြင်းတို့ ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုသည် လက်မှတ်မထိုး အုပ်စုများအား တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်နှင့် ဝေးကွာသွားစေရုံသာရှိပြီး၊ ဆက်သွယ်ဆောင်ရွက်မှု ဟာကွက်ကလည်း ငြိမ်းချမ်းရေးအတွက် ထိရောက်မှု ရှိသော အခွင့်အလမ်းများကို ချိုးနှိမ်ပစ်လိုက်သည်။

လက်မှတ်မထိုး အုပ်စုအချို့ကလည်း ၎င်းတို့သည် ပြည်ထောင်စုအစိုးရထံမှ ရောထွေးသော အချက်ပြမှုများကို အမြဲတမ်း လက်ခံရရှိခဲ့ပြီး ရှုပ်ထွေးမှုနှင့် ရှေ့နောက်မညီမှုတို့ကို ဖြစ်ပေါ်စေသည်ဟု မှတ်ချက်ပေးကြသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဟောင်း ဦးသိန်းစိန်ကဲ့သို့ မဟုတ်ဘဲ စစ်တပ်အပေါ်တွင် အနည်းငယ်သာ ထိန်းချုပ်မှုရှိသည် ဟူသော ၎င်းတို့၏ ယူဆမှုက ဘူးလေးရာ ဖရုံဆင့်လျက် ရှိသည်။ အရပ်ဘက်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ ရှုပ်ထွေးသော သုံးပွင့်ဆိုင်ပုံစံ အတွင်း၌ ဆက်သွယ်ဆောင်ရွက်မှု နှစ်မျိုးနှစ်စား ဖြစ်နေခြင်းသည် ငြိမ်းချမ်းရေးအတွက် အဓိကကျသော သက်ဆိုင်ရာ Stakeholders များအကြား ယုံကြည်မှုကို လုံးလုံးလျားလျား တိုက်စားသွားခဲ့သည်။

ဒုတိယအချက်မှာ အစိုးရသည် လက်မှတ်မထိုး အုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လွယ်ကူချောမွေ့စေမည့် အစွမ်းအစရှိသော စေ့စပ်ညှိနှိုင်းသူများကို ထည့်သွင်းဖြည့်ဆည်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ထို့အတွက် ဆက်သွယ်ဆောင်ရွက်မှုဟာကွက် နက်ရှိုင်းသွားကာ တရုတ်နှင့် UWSA ကဲ့သို့သော တတိယမြောက် ကြားဝင်စေ့စပ်သူများ ဝင်ရောက်လာခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါ လက်မှတ်မထိုးအုပ်စုများက နောက်ပေါ်သည့် ရွှေကြာပင်နှစ်ခုကို နေပြည်တော်အပြင် ရွေးချယ်စရာ တိုးလာသော ယုံကြည်ထိုက်သူများအဖြစ် ရှုမြင်နေကြပြီ ဖြစ်သည်။ ထို့အပြင် တပ်မတော်၏ အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံနေရသော ကချင် KIA, ကိုးကန့် MNDAA, တအာင်း/ပလောင် TNLA, ရခိုင် AA စသော အုပ်စုများကလည်း လက်ရှိ မလုံမခြုံ အခြေအနေတွင် စိတ်ချရသော လုံခြုံမှုကို ထောက်ကူပေးနိုင်သူအဖြစ် UWSA ကို ရှုမြင်နေကြပြီ ဖြစ်သည်။

တတိယအချက်မှာ NCA လုပ်ငန်းစဉ်သို့ လက်မှတ်မထိုးအုပ်စုများ ဝင်ရောက်လာအောင် လုံလောက်သောမက်လုံးပေးရန် အစိုးရက ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ နိုင်ငံရေး ဒိုင်ယာလော့ မဆွေးနွေးမီ NCA ကို အရင်လက်မှတ်ထိုးရန် သတ်မှတ်ထားသော လုပ်ငန်းစဉ် နည်းလမ်းကြောင့် ဖြစ်သည်။ လက်မှတ်မထိုးအုပ်စုများသည် လက်မှတ်ထိုး အုပ်စုများကဲ့သို့ မဟုတ်ဘဲ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် ဒေသအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခွင့်ကို ပိတ်ပင်ခံထားရသောကြောင့် ဒိုင်ယာလော့ ဆွေးနွေးမှု ကွင်းဆက်တစ်လျှောက်ရှိ ဒေသခံများ၏ စိတ်အားထက်သန်မှုကို ရှုပ်ထွေးတွေဝေစေသည်။ KIA ကဲ့သို့သော သြဇာကြီးသည့် လက်နက်ကိုင်အုပ်စုများက ၎င်းတို့၏ အမာခံ အခြေစိုက်စခန်းများ မဆုံးရှုံးစေရန်အတွက် ၎င်းတို့၏ ဒေသခံပြည်သူများနှင့် တိုင်ပင်ညှိနှိုင်းခြင်း မပြုဘဲ NCA ကို လက်မှတ်ထိုးရန် ဆန္ဒမရှိကြောင်း ရှင်းလင်းစွာ အသိပေးထားသည်။

ရှေ့သို့ မျှော်ရည်

တပ်မတော်က အခြားမည်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကိုမှ လက်သင့်မခံနိုင်ကြောင်း အခိုင်အမာ ပြောဆိုထားရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်ဘက်အစု အနေနှင့် NCA မူဘောင်က အခွင့်အာဏာ ပေးထားသော တာဝန်ဝတ္တရားများ အားလုံးကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် အစွမ်းကုန် ရုန်းကန်ရပေလိမ့်မည်။ 

ဒိုင်ယာလော့ ဆွေးနွေးမှု လုပ်ငန်းစဉ်သည် လက်မှတ်မထိုး အုပ်စုများနှင့် လက်မှတ်ထိုးအုပ်စုများ နှစ်မျိုးစလုံးထံမှ စောဒကတက်မှုများနှင့် ကြန့်ကြာမှုများကြောင့် ထင်သာမြင်သာ ယိုယွင်းလျက် ရှိသည်။ တစ်ဖက်တွင်လည်း ကော်မတီသစ် ဖွဲ့စည်းရန် သဘောတူထားသူများ အပါအဝင် UNFC/DPN ကလည်း ၎င်း၏ ကိုယ်စားပြုမှုဖြင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆက်လက်ဆွေးနွေးလျက် ရှိသည်။ သို့ဖြစ်ရာ NCA သည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ ထောက်ခံမှုအချို့ကို ရရှိထားဆဲဖြစ်သည်။ ယခုအချိန်အထိမူ ပရိယာယ်ကြွယ်သော စီမံခန့်ခွဲမှု မပါသည့် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ယန္တရားသည် အလားအလာကောင်းသော  UNFC/DPN ကဲ့သို့သော ချိတ်ဆက်သူများကို ထိခိုက်စေမည့် အန္တရာယ်ပေးနေပြီး တရုတ်နှင့် UWSA ကဲ့သို့သော အကျိုးအမြတ် မျှော်ကိုးသည့် တတိယလူ ကြားဝင်သူများကို အင်အားကောင်းစေသည့် သဘောရှိနေသည်။        

Ref: New Complexities in Myanmar Peace Process
NLM