News

POST TYPE

PERSPECTIVE

၂၁ ရာစု ဒုတိယပင်လုံနှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး
13-May-2017 tagged as

အခုလာမယ့် မေလ ၂၄ ရက်မှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရ အထူးတလည် အာရုံစိုက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

အဲဒီအထဲကမှ မီဒီယာများကို ပြောကြားခဲ့တဲ့ ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးရဲ့ ပြောကြားချက်တစ်ခုက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သူက ငြိမ်းချမ်းရေး လမ်းကြောင်းဖြောင့် ရန်အတွက် အစိုးရနဲ့ တပ်မတော်ကြား ဘုံသဘောတူညီချက် ဦးစွာချမှတ်ထားဖို့ လိုတယ်ဟု ဆိုပါတယ်။
ထိုပြောကြားချက်ကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ခရီးမှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက ပဓာနကျပုံ ပေါ်လွင်လှပါတယ်။ လက်ရှိ တပ်မတော်နဲ့အစိုးရ ဆက်ဆံရေးကို လေ့လာကြည့်နေသူတွေကတော့ အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်း ကာလုံ အစည်းအဝေး မခေါ်ယူတာ ထောက်ပြပြီး ဆက်ဆံရေး အေးခဲနေတယ်ဟု သုံးသပ်ကြသလို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ တပ်မတော် အားတက်သရော ပါဝင်နေခြင်းကိုကြည့်ပြီး တပ်နဲ့ အစိုးရ တစ်စုံတစ်ရာ အတိုင်းအတာထိ နားလည်မူ ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို လေ့လာဖို့ဆိုရင် အရပ်သား အစိုးရသစ် တာဝန်ယူခါစအချိန်ကို ပြန်ကြည့်ဖို့ လိုပါတယ်။ အဲဒီအချိန်က စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်သူတွေကြားမှာ အတော်ပင် ကြီးမားတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ကြတယ်။

သူတို့ စိုးရိမ်သလိုပဲ လွှတ်တော်သစ် ကနဦးကာလများမှာ တပ်မတော်နဲ့ အနည်းဆုံး သုံးကြိမ်ခန့် ထိပ်တိုက် တွေ့ခဲ့ကြတယ်။ သို့သော် အစိုးရသစ် ဖွဲ့အပြီးမှာ တပ်မတော်နဲ့ အစိုးရ ဆက်ဆံရေးဟာ တင်းမာမှုတွေ၊ ထိပ်တိုက် တွေ့မှုတွေ မရှိသလောက် နည်းပါးလာပါတယ်။ ဒီလို ဖြစ်ထွန်းလာမှုဟာ အဓိကအားဖြင့် ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံ အမြာ်အမြင်နဲ့ အဓိက သက်ဆိုင်ပါတယ်။ ဆိုရရင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မဟာဗျူဟာ ရွှေ့ပြောင်းလိုက်မှုက တပ်နဲ့ ဆက်ဆံရေးသစ်ကို ဖြစ်ထွန်းလာစေခဲ့ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အဆင်ချောမှ အခြေခံဥပဒေ ပြင်မယ်ဆိုတဲ့ မဟာဗျူဟာ အရွေ့မှာ တပ်နဲ့ အစိုးရသစ် ဘုံသဘောတူညီချက် ရသွားဟန်တူပါတယ်။

စစ်ဘက် အရပ်ဘက် ဆက်ဆံရေးအကြောင်းရေးဟာ ကျယ်ပြန့် နက်ရှိုင်းလွန်းလှသည်မို့ အဲဒီအကြောင်း ရေးတဲ့အခါ အလုံးစုံ ခြုံငုံမိဖို့ ခက်လှပါတယ်။ သို့တိုင် နိုင်ငံ၏ ပဋိပက္ခ အားလုံးနီးပါး၏ အူတိုင်ဖြစ်သော အဆိုပါ ဆက်ဆံရေးကို ပြေလည်အားကောင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် လေ့လာမိသမျှနှင့် ဖတ်မှတ်ထားသမျှကို အခြေခံပြီး ရေးသားဖော်ပြ လိုက်ရပါတယ်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းမွန်ဖို့ဆိုရင် တစ်ဖက် အကြောင်း တစ်ဖက်သိပြီး အပြန်အလှန်နားလည်ပေးဖို့ လိုပါလိမ့်မယ်။ ဦးစွာ စစ်ဘက်က အရပ်ဘက်ကို နားလည်ပေးဖို့ လိုမယ်ထင်ပါတယ်။

ဘာလို့လဲဆိုတော့ တပ်မတော်က တိုင်းပြည်ကို တာဝန်ယူနေစဉ် ကာလမှာ တိုင်းပြည်ရဲ့ လူနေမှု အဆင်အတန်း နိမ့်ကျသွားပြီး စီးပွားရေးကလည်း ချွတ်ခြုံကျသွားခဲ့ရပါတယ်။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး စတာတွေဟာ ဆိုရင်လည်း နိုင်ငံတကာ ယှဉ်ဖို့နေနေသာ ဒေသတွင်းမှာတောင် အဆင့်မမီတဲ့အဖြစ်ကို ရောက်သွားခဲ့ရပါတယ်။ ဒီလို အောက်တန်း နောက်တန်း ကျသွားရခြင်းဟာ အရပ်ဘက်က စပ်တပ်ကြောင့်လို့ မှတ်ယူထားပါတယ်။

ဒီခံစားချက်ကိုတော့ လက်ငင်းအချိန်မှာ အတိုင်းအတာတစ်ခုထိ တပ်ဘက်က နားလည်ပေးဖို့ လိုပါလိမ့်မယ်။

တစ်ဖက်မှာလည်း ဒီလိုအခြေအနေဆိုးမျိုးကို စစ်ဘက်ဆိုတဲ့ အင်စတီကျူးရှင်း တစ်ခုလုံးက ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ဒီလို ဆိုးဆိုးဝါးဝါး ဖြစ်သွားတာတွေ အချို့ဟာ စိတ်ရင်း စေတနာ ဆိုတာထက် အဲဒီတုန်းက တပ်မတော် ရင်ဆိုင်နေရတဲ့ အင်စတီကျူးရှင်းဆိုင်ရာ အမြင်တွေပေါ်ကနေ ပေါက်ဖွားလာခဲ့ရတာ ဖြစ်ပါတယ်။

တပ်မတော် တည်ထောင်ပြီး အတော်ကြာကြာထိ ပြည်ပ ခြိမ်းခြောက်မှု ရှိနေတယ်။ နောက်ပြီး ပြည်တွင်းခြိမ်းခြောက်မှုကလည်း ဆက်တိုက်ဆိုသလို တွန်းလှန်နေခဲ့ရတယ်။

အဲဒါထဲကမှ ပြည်တွင်း ခြိမ်းခြောက်မှုဟာ ပုံစံနှစ်မျိုး (စစ်ရေး ခြိမ်းခြောက်မှု/ နိုင်ငံရေးအန်တုမှု) ပေါ်ထွန်းလာခဲ့ပါတယ်။

ဒီအတွက် တပ်မတော်ဟာ မနိုင်ဝန်ထမ်းရသလိုဖြစ်ပြီး အခြားတစ်ဖက်က ပိတ်ဆိုမှုတွေလည်း ရှိနေတဲ့အခါ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရသလို ရှာဖွေခဲ့ရပါတယ်။

ဒီလို တစ်ဦး၊ တစ်ဖွဲ့ကို အာဏာအကုန် လွှဲရာကနေပဲ အကျင့်ပျက် ခြစားမှုတွေ၊ မြေယာသိမ်းမှုတွေ ဖြစ်ပေါ်လာရပြီး နိုင်ငံရဲ့ အခြေအနေဟာ မနှစ်မြို့ဖွယ် ဖြစ်လာခဲ့ရပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ မူဝါဒ ချမှတ်ပုံကလည်း သူ့အတွင်းမှာ ကိုက်ညီပေမယ့် အရပ်ဘက် အုပ်ချုပ်ရေးမှာတော့ သင့်လျော်ခြင်း မရှိပါဘူး။

တပ်မတော်ရဲ့ စဉ်းစားပုံတွေဟာ အထက်ကလာပြီး အောက်က အဲဒီအတိုင်း အမိန့်ဖြင့် အကောင်အထည် ဖော်ပေးရတာမျိုး ဖြစ်ပါတယ်။

ဒီလို အကြောင်းတရားတွေကိုလည်း အရပ်ဘက်က နားလည်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် နိုင်ငံကို အောက်တန်း နောက်တန်း ကျသွားစေတဲ့သူတွေ လက်ရှိ တပ်မတော်ထဲမှာ မရှိတော့ဘူးဆိုတဲ့ အချက်ကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။

စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကျွမ်းကျင် ပညာရှင်တွေကတော့ တိုင်းပြည်တစ်ခု နိုင်ငံတစ်နိုင်ငံဟာ ပြည်ပ ခြိမ်းခြောက်မှု တစ်ရပ်နဲ့  ထင်ထင်ရှားရှား ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး သိပ်ကို ကောင်းမွန်တယ်လို့ ဆိုကြပါတယ်။ ဥပမာအဖြစ် စစ်အေးကာလက အမေရိကနဲ့ ဆိုဗီယက်နိုင်ငံ အသီးသီးရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ညွှန်းဆိုပါတယ်။ မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယား၊ တရုတ်ပြည်မကြီးရဲ့ မျက်စောင်းထိုးခံနေရတဲ့ တရုတ် တိုင်ပေတို့မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်ဟန်ချက် ညီတာကို တွေ့ရပါတယ်။
ဒီအဆိုပြုချက်ကို မြန်မာနိုင်ငံအပေါ် တင်ပြီး စဉ်းစားကြည့်ရင် တိုင်းတစ်ပါး ကျွန်ဘဝက လွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်တယ်ဆိုတာ တွေ့ရပါတယ်။

ပြည်ပ ခြိမ်းခြောက်မှုနဲ့ ဆန့်ကျင်ဘက် ပြည်တွင်း ခြိမ်းခြောက်မှု ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေမှာတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အလွန် ဆိုးဝါးတယ်လို့ ပညာရှင်တွေက ပုံစံပြုထားပါတယ်။

အဲဒီပုံစံဟာ လွတ်လပ်ရေးရပြီး မြန်မာတို့နဲ့ လွန်စွာတူပြီး စစ်ဘက် အရပ်ဘက် ဆက်ဆံရေးလည်း ဆိုးဝါးနိမ့်ကျလှပါတယ်။

ဒီပုံစံ နှစ်ခုကို အနှစ်ချုပ်ကြည့်ရင် တိုင်းပြည်တစ်ပြည်ရဲ့ စစ်တပ် မစ်ရှင်နဲ့ အခန်းကဏ္ဍဟာ “ပြည်ပလော ပြည်တွင်းမှာလား” ခွဲခြားပြီး အဆိုပါ တိုင်းပြည်ရဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို စောကြော ဝေဖန်နိုင်တာကို တွေ့ရပါတယ်။

မြန်မာ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပျက်စီးရခြင်း အဓိက အကြောင်းအရင်းကတော့ နိုင်ငံရေးမှာ စစ်ဘက်ဆိုင်ရာ အုပ်စုတွေ နက်နက်ရှိုင်းရှိုင်း ပါဝင်နေခြင်းကြောင့်လို့ အနှစ်ချုပ် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ စစ်ဘက် ပါဝင်နေရခြင်းမှာ သူ့ချည်းသက်သက်တော့  မဟုတ်ပါဘူး။  
အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အရည်အချင်း ညံ့ဖျင်းမှုနဲ့ သူတို့တစ်တွေရဲ့ ပယောဂကြောင့် ဖြစ်တယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရပြီး အရပ်ဘက် နိုင်ငံရေး အီလစ်တွေရဲ့ နိုင်ငံတည်ဆောက်ရေး ညံ့ဖျင်းမှု၊ သူတို့အာဏာနဲ့ သူတို့ နိုင်ငံရေးစနစ်အတွက် စစ်ဘက်ကို အသုံးချခဲ့မှုတွေက အကဲဆတ်လှတဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ဘက် ပါဝင်လာရခြင်း အကြောင်းကို တန်းစီ ရေတွက်ကြည့်ရင် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

၁။ အိုင်ဒီအိုလိုဂျီ ပြဿနာ

၂။ လူမျိုးစုဆိုင်ရာ ပြဿနာကို အခြေခံထားတဲ့ ပြည်တွင်းစစ်

၃။ ပြည်တွင်း မငြိမ်မသက်မှုတို့ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ မြန်မာစစ်ဘက်ရဲ့ မစ်ရှင်နဲ့ အခန်းကဏ္ဍ အတိုင်းအတာတွေ ဖြစ်ပါတယ်။ စစ်အေးကာလ လွန်မြောက်ပြီးချိန်မှာတော့ ပြည်ပ ခြိမ်းခြောက်မှုက ထင်ထင်ရှားရှား မရှိဘဲ ပုံစံတစ်မျိုး ဖြစ်ထွန်းလာပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ဘက် ပါဝင်မှုဟာ အထက်ပါ အရေးသုံးပါးနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံရေးမှာ စစ်ဘက် ပါဝင် ပတ်သက်မှုကို လျှော့ချဖယ်ထုတ်ဖို့ဆိုရင် အဲဒီအကြောင်းတရားတွေကို ရှင်းလင်းနိုင်ရပါမယ်။

ကံကောင်း ထောက်မစွာပဲ ပထမ အကြောင်းတရား အိုင်ဒီအိုလိုဂျီ ပြဿနာကတော့ ဘာလင်တံတိုင်းပြို၍ ဆိုဗီယက်ယူနီယံ အရေးနိမ့်ကာ စစ်အေးကာလ ပြီးဆုံးပြီး ကမ္ဘာ့ရေစီးထဲမှာ မျောပါပျောက်ကွယ် သွားခဲ့ရပါတယ်။ ဒုတိယ အကြောင်းတရားနဲ့ တတိယ အကြောင်းတရားကိုပဲ ဝိုင်းဝန်း အဖြေရှာကြရုံ ကျန်ပါတော့တယ်။
ဆိုခဲ့ပြီးတဲ့အတိုင်း စစ်ဘက်ရဲ့ မစ်ရှင်အရ နိုင်ငံရေးအာဏာကို တာဝန်ယူခဲ့တဲ့ အချိန်တွင်းမှာလည်း စီးပွားရေးဖွံ့ဖြိုးမှု၊ အကျင့်ပျက်ခြစားမှု၊ အဂတိ လှိုက်စားမှုစတဲ့ လူမှုရေး ပြဿနာများ တောထလာခဲ့တဲ့အပြင် တရားဥပဒေ စိုးမိုးရေးကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိမှုတို့အပေါ် အခြေခံပြီး ပျက်စီးပြီးသား စစ်ဘက် အရပ်ဘက် ဆက်ဆံရေးဟာ ပိုဆိုးဝါးသွားခဲ့ပါတယ်။

သို့ပေသော်လည်း အကြောင်းတရား အမျိုးမျိုးကြောင့် စစ်ဘက် အုပ်ချုပ်ရေးဖြင့် နိုင်ငံတည်ဆောက်ရေးကို မစွမ်းနိုင်ဘူးလို့ သိလာတဲ့ ဒီနေ့ဒီအချိန်မှာ ပျက်စီးသွားခဲ့တဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့ အရေးကြီးလာပြီ ဖြစ်ပါတယ်။ ဒီအတွက် ပညာရှင်တွေက စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုအတွက် ဆက်စပ် အခြေအနေ သုံးရပ်လိုတယ်လို့ ဟောကိန်း ထုတ်ကြပါတယ်။

၁။ စစ်ဘက် ပရော်ဖက်ရှင်နယ်ဝါဒ အားကောင်းလာရေး

ဒီအချက်အတွက် စစ်တက္ကသိုလ် စစ်ကျောင်းများက ပရော်ဖက်ရှင်နယ် ဝါဒကို စွဲမှတ်သွားအောင် သင်ပေးဖို့ လိုပါတယ်။ ပညာရေး ခါးရိုးကျိုးခဲ့တဲ့ နိုင်ငံတွေအတွက် စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်လှတဲ့ အမေရိကလို နိုင်ငံက စစ်ကျောင်းတွေရဲ့ အကူအညီတွေ လိုပါတယ်။ နိုင်ငံတကာမှာ ဩဇာကြီးတဲ့ အရပ်ဘက် ခေါင်းဆောင်တွေကသာ ဒီအချက်ကို ဝိုင်းဝန်းပေးရင် တပ်နဲ့ ယုံကြည်မှု တိုးလာနိုင်ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားနိုင်ပါတယ်။

၂။ နိုင်ငံရေးနဲ့ စစ်ရေး အီလစ်များ အမြော်အမြင်ရှိမှု ...

စစ်ဘက်အရာရှိများ အနေနှင့် သူတို့အာဏာ ရယူစဉ် အတွေ့အကြုံအရ စီးပွားရေး နိုင်ငံရေး လူမှုရေး ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် အာဏာနိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့အတွက် တပ်မတော် စည်းလုံးမှု၊ စစ်ရေး စွမ်းဆောင်ရည်နဲ့ စစ်ရေး စည်းကမ်းတွေ ကျဆင်းလျော့နည်းခဲ့တာကို နားလည်သဘောပေါက်ဖို့ လိုသလို နိုင်ငံရေး ခေါင်းဆောင်တွေ ဘက်ကလည်း နိုင်ငံရေး တိုက်ပွဲတွေမှာ တပ်မတော်ကို ဆွဲသွင်းခဲ့တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးကြီးကြီးတွေကို သဘောပေါက်ဖို့ လိုပါတယ်။

၃။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပြောင်းလဲမှုမှ ပေါ်ထွက်လာတဲ့ အကျိုးကျေးဇူးများ ...

နိုင်ငံရေးမှာ စစ်ဘက် ပါဝင်မှုကို လျှော့ချလိုက်တာနဲ့ တစ်ပြိုင်နက် လူအခွင့်အရေး ချိုးဖောက်မှုတွေကို ရှောင်ရှားနိုင်ခြင်း၊ စစ်ဘက်က လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းများကို အရပ်ဘက် လွှဲပြောင်းပေးခြင်းတို့ ပေါ်လာပါလိမ့်မယ်။ ဒီအချက်တွေဟာ လူအဖွဲ့အစည်းအတွင်းမှာ တပ်မတော်ကို လူချစ်လူခင် များစေတဲ့ အကြောင်းတွေလည်း ဖြစ်ပါတယ်။

စစ်ဘက် နိုင်ငံရေးမှာ ပါဝင်မှု လျော့လာတာနဲ့ ချက်ချင်း ဆိုသလို အရပ်ဘက် နိုင်ငံရေးသမားတွေ အနေနဲ့ နိုင်ငံ တည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ တရားဥပဒေ စိုးမိုးရေး စတာတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်ရပါမယ်။

ဒါ့အပြင် စစ်ဘက်အဆင့်ရှိရှိ နေထိုင်နိုင်ရေး အတွက်လည်း အာရုံထားရပါမယ်။ အရေးကြီးဆုံးက စစ်ဘက်ရဲ့ ပျောက်ဆုံးသွားတဲ့ မစ်ရှင်အခန်းကဏ္ဍတို့အစား မစ်ရှင်အသစ်တွေကို ပူးပေါင်း ရှာဖွေပေးဖို့ လိုပါတယ်။ မစ်ရှင်အသစ်ကတော့ နိုင်ငံတကာ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေမှာ တက်ကြွစွာ ပါဝင်ဖို့ ကြိုးစားရပါ့မယ်။
ဒါမှသာ စစ်ရေးစွမ်းရည်လည်း တိုးလာပြီး ပရော်ဖက်ရှင်နယ် စစ်တပ်အကြောင်းကို နားလည်လာမှာ ဖြစ်ပါတယ်။

နောက် ကပ်ဘေးကြီးများ၊ အကြီးစား မူးယစ်မှောင်ခိုမှုတွေကို ရဲတပ်ဖွဲ့တို့နှင့်ပေါင်းပြီး နှိမ်နှင်းရေးတို့ ဖြစ်ပါတယ်။ ဒီလို အဘက်ဘက်က ထောင့်စေ့မှသာ နောက်တစ်ကြိမ် စစ်ဘက် ပါဝင်ပတ်သက်မှု နိုင်ငံရေးမှာ ကင်းရှင်းမှာ ဖြစ်ပါတယ်။

အထူး သတိမူသင့်တာ တစ်ခုကလည်း ကျန်ပါသေးတယ်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို အချို့သော နိုင်ငံရေး သမားတွေက သူ့အလိုလို အချိန်တန်ရင် ပြေလည်သွားမယ်လို့ အယူအဆ ရှိနေကြခြင်း ဖြစ်ပါတယ်။ အမှန်မှာ ယင်းသို့ မဟုတ်ဘဲ ဆက်ဆံရေး ကောင်းများရအောင် အထက်တွင် ရေးသားခဲ့သလို ကြိုးစား တည်ဆောက်ရပါတယ်။

ထိုသို့ အပတ်တကုတ် အားထုတ်မှသာ စစ်ဘက်-အရပ်ဘက် ပြေလည်ရေးရဲ့ ခရီးအစ ခြေတစ်လှမ်းမျှသာ ရှိပါသေးတယ်။

နောက်ထပ် စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပန်းတိုင်ထိရောက်ဖို့ ခြေလှမ်းများစွာ ကျန်ရှိနေပါသေးတယ်။

ယင်းဆက်ဆံရေး၏ အန္တိမပန်းတိုင်မှာ လက်ရှိနိုင်ငံရေးတွင် ပါဝင်နေသော တပ်၏ပတ်သက်မှုကို တဖြည်းဖြည်း လျှော့ချပြီး အဆုံးတစ်နေ့တွင် တပ်မတော်မှာ မိမိရဲ့ ပထမ တာဝန် ပြည်ပရန် ကာကွယ်ရေးမစ်ရှင်သို့ နေရာမှန် ရောက်သွားရေး ဖြစ်ပါတယ်။

ထို့အပြင် အရပ်ဘက် ကာကွယ်ရေးဝန်ကြီးမှ ဦးဆောင်ပြီး တပ်မတော်မှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ဓမ္မဓိဋ္ဌာန်ကျသည့် အရပ်ဘက် အုပ်စိုးမှုထိပါ ရည်မှန်းထားရပါမယ်။

ထိုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းအပြင် နောက်ထပ် စွမ်းရည်မြင့်သော အရပ်သားတွေ ကူညီမှုလည်း လိုအပ်လှပါတယ်။

ယခုလောလောဆယ်ကာလတွင် လွှတ်တော်အတွင်းမှ တပ်မတော်သားများနဲ့ အရပ်ဘက် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းမှ ကာကွယ်ရေးတာဝန် ယူထားကြသည့် တပ်မတော်သားများနဲ့ အရပ်သား ဝန်ကြီးများအကြား နားလည်မှု ကောင်းသထက် ကောင်းအောင် တည်ဆောက်ထားဖို့ အရေးကြီးလှပါတယ်။
ရင့်ကျက်ခိုင်မာပြီး ဒီမိုကရေစီနိုင်ငံများလို တပ်မတော်ကို အရပ်ဘက်အုပ်စိုးမှုက စီမံခန့်ခွဲချင်တယ်ဆိုရင် အဓိက အကျဆုံး လိုအပ်ချက်မှာ အရပ်ဘက် စွမ်းရည်ဟာ အင်မတန် မြင့်မားနေဖို့ လိုပါတယ်။

သို့မှသာ စစ်ဘက်က အရပ်ဘက်ရဲ့ စွမ်းရည်ကို လက်ခံ အသိအမှတ် ပြုလာမည်ဖြစ်ပြီး အစိုးရ ရည်ရွယ်သော ပြည်တွင်း ငြိမ်းချမ်းရေးတွင် တပ်နဲ့အစိုးရ နားလည် ယုံကြည်မှု ပိုမိုခိုင်မြဲကာ ပုံစံကောင်းများ တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။

အခုစာစုကို အရပ်ဘက် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဟန်တင်တန်ရဲ့ စကားနဲ့ နိဂုံးချုပ်ချင်ပါတယ်။

“စစ်ဘက် အရပ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်သော အနာဂတ် ဖြစ်ပေါ်တိုးတက်မှုများမှာ ဒီမိုကရေစီ နိုင်ငံများရှိ အရပ်ဘက် ခေါင်းဆောင်မှုရဲ့ လုပ်ရပ်များအပေါ် အဓိက တည်မှီလိမ့်မည်”ဟု ကောက်ချက်ချခဲ့ပါကြောင်း။

နိုင်စိုး

  • TAGS