News

POST TYPE

PERSPECTIVE

ကားလ်မာက်္ခစ်စကား ဝီလျံဂျိမ်းစ် ထောက်ကွက်နှင့် ခေါင်းဆောင်မှုကို ဖြည့်ကြခြင်း
13-May-2017 tagged as


ကားလ်မာက္ခ်စ်စကား

“လူသည် ကိုယ့်သမိုင်းကို ကိုယ်တိုင် ရေးကြရသည် ဆိုသော်လည်း မိမိတို့စိတ်ကြိုက် ပုံသွင်းနိုင်သည်တော့ မဟုတ်။ မိမိတို့ကိုယ်တိုင် ရွေးချယ်ထားသော အခြေအနေအောက်တွင် ဖန်တီးနိုင်ကြသည်လည်း မဟုတ်ပါ။ အတိတ်မှ လက်ဆင့်ကမ်းပေးလိုက်သော နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည့် ပေးထားချက်အောက်တွင်သာ ပုံဖော်ကြရသည် ဖြစ်ပါသည်။ သက်ရှိ ထင်ရှားရှိနေကြသူများ၏ ဦးနှောက်ပေါ်တွင် သေဆုံးပြီး မျိုးဆက်များ၏ အစဉ်အလာများမှာ အိပ်မက်ဆိုးတစ်ခုလို ဖိစီးလျက်ရှိနေပေသည် ...။”

ကားလ်မာက္ခ်စ်၏ အဆိုပါစကားကို အထောက်အထားပြ၍ မာက်္ခစ်ဝါဒကို “စီရင်ပြဋ္ဌာန်းပြီးဝါဒ” (Determinism) ဟု ယူဆကြသူတွေရှိသည်။ “စီရင်ပြဋ္ဌာန်းပြီးဝါဒ”ဆိုသည်ကို ခပ်လွယ်လွယ် အဓိပ္ပာယ် ဖွင့်ရလျှင် “သမိုင်းမှာ မူလအစကပင် စီရင်ပြဋ္ဌာန်းပြီး ဖြစ်သည်”ဆိုသော အယူအဆပင် ဖြစ်သည်။ သို့တိုင် “စီရင်ပြဋ္ဌာန်းပြီးဝါဒ”မှာ အသွင် အမျိုးမျိုး ရှိနိုင်သည်။ သမိုင်းပညာရှင် “တွိုင်ဘီ”က “ဖွံ့ဖြိုးမှုနှင့် ကျဆင်းမှုတို့ကို သမိုင်းက စီရင်ပြဋ္ဌာန်းသည်ဟု ဟောသည်။ မာက္ခ်စ်ဝါဒမှာကား လူတန်းစား စီရင်ပြဋ္ဌာန်းပြီးဝါဒ ဖြစ်သည်။ လူတစ်ဦးချင်းစီသည် သမိုင်းကို သိသာခြားနားအောင် မပြုနိုင်၊ ခေါင်းဆောင်မှုမှတစ်ဆင့်သာ ဤသို့ ပြုနိုင်ဖွယ်ရာရှိသည်ဟု “စီရင်ပြဋ္ဌာန်းပြီးဝါဒ”က ဟောလေ့ရှိသည်။ ဆိုလိုသည်မှာ ခေတ်က ခေါင်းဆောင်ကို ပုံသွင်းသည့်သဘောပင်ဖြစ်သည်။ ဤသဘောကို ရည်ညွှန်း၍ ရုရှားစာရေးဆရာကြီး “လီယိုတော်လ် စတွိုင်း”က “ခေါင်းဆောင်သည် သမိုင်း၏ ကျေးကျွန်ဖြစ်သည်”ဟု ရေးဖူးသည်။
သို့နှင့်တိုင် ခေါင်းဆောင်သည် မရှိမဖြစ်တော့မဟုတ်။ “ငကန်းသေ၊ ငစွေပေါ်”ဆိုသည့် သဘောမျိုး ဖြစ်သည်။ “ဖရက်ဒရစ်အိန်ဂျယ်လ်”က “နပိုလီယံတစ်ယောက် မရှိလျှင် အခြားတစ်ယောက်ယောက်က နပိုလီယံနေရာ ဝင်ယူဖို့ ပေါ်လာလိမ့်မည်”ဟု ပြောဖူးသည်။ အလားတူ “စပင်စာ”ကလည်း “ရှိတ်စပီးယားမရှိလျှင် အခြားတစ်ယောက်ယောက်က သူ့နေရာ ဝင်ယူလိမ့်မည်ဟု ဆိုဖူးသည်။ ဤအယူအဆကို “အစားထိုး သီအိုရီ” (Substitute Theory) ဟု ခေါ်သည်။ ဤသည်တို့မှာ “စီရင်ပြဋ္ဌာန်းပြီးဝါဒ”က လက်ခံ ယုံကြည်ထားသော “ခေါင်းဆောင်မှုသီအိုရီ” (Theory of Leadership)ပင် ဖြစ်သည်။

ဝီလျံဂျိမ်းစ်ထောက်ကွက်

အစားထိုး သီအိုရီကို ဝေဖန် တိုက်ခိုက်သူတို့က “အကယ်၍သာ” (If Clause) ဖြင့် သမိုင်းကို တစ်မျိုး ပြန်စဉ်းစားကြသည်။ ဥပမာ - 
“အကယ်၍သာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရလျှင် ဗမာပြည်သမိုင်း ဘယ်လိုဖြစ်မည်နည်း”စသဖြင့် မေးခွန်း ထုတ်ကြသူတွေ အတော်များသည်။ အကောင်းမြင်သူများက “ပြည်တွင်းစစ်မဖြစ်၊ စစ်အာဏာပိုင်စနစ်မပေါ်၊ ဒီမိုကရေစီစနစ် ခြေမြဲလက်မြဲရှိမည်။ တိုင်းပြည် ဖွံ့ဖြိုးလိမ့်မည် ...” စသဖြင့် အဖြေထုတ်ကြသည်။ အဆိုးမြင်သူများကမူ “အမျိုးသား စည်းလုံးညီညွတ်ရေးမှာ ဗိုလ်ချုပ် ရှိစဉ်ကတည်းက ပြိုကွဲနေပြီး ဖြစ်သည်။ သူ၏ ငယ်ဂုဏ်နှင့် မာနကြောင့် အခြေအနေမှာ ယခုထက်ပင် ပိုဆိုးနိုင်သည်” ... စသဖြင့် ဝေဖန်ကြလိမ့်မည်။

ဤသို့သော် “အကယ်၍သာ” စဉ်းစားနည်းနှင့် ပတ်သက်၍ “လက်တွေ့ အခြေပြုဝါဒီ” (Pragmatist) တစ်ဦးဖြစ်သူ “ဝီလျံဂျိမ်းစ်”က ဤသို့ မှတ်ချက်ပြုသည်။ ခေါင်းဆောင်မှုသည် သမိုင်းကို “အကောင်း” သို့မဟုတ် “အဆိုး” တစ်ခုခုသို့ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ တစ်နည်းဆိုရလျှင် “ခေါင်းဆောင်တို့က ခေတ်ကို ပုံသွင်းပေးလိမ့်မည်”ဟု  ဆိုသည်။ ထိုမျှမက “ခေါင်းဆောင်မှု ကင်းမဲ့သော လူထုသည် မင်းမဲ့သာ ဖြစ်ဖို့များလိမ့်မည်။ ထို့ထက်ပို၍ မိုက်မဲသော ကမောက်ကမနိုင်သော အယူအဆမရှိနိုင်”ဟုလည်း “ဝီလျံဂျိမ်းစ်”က ဝေဖန်သည်။

တစ်ဆက်ထဲ ခေါင်းဆောင်သည် “လူထဲကလူ”သာဖြစ်၍ အချိန်မရွေး မှားနိုင်သည်ဟု သတိပေးသည်။ ဤသဘောကို ခေါင်းဆောင် ကိုယ်တိုင် ဆင်ခြင်မိအောင် ပုံမှန် သတိပေးနေရမည်ဟုလည်း ဆော်ဩသည်။ သို့အတွက် အတိုက်အခံ၏ အသံကို နားစွင့်ဖို့ လိုသည်။ လွတ်လပ်သော မီဒီယာကို အားပေးဖို့လိုသည်။ ဘက်မလိုက်သော အရပ်ဘက် အဖွဲ့အစည်းများကို “ခွင်”ကျယ်ကျယ် ဖွင့်ပေးဖို့ လိုလိမ့်မည်။ ခေါင်းဆောင်လုပ်သမျှ အရမ်းအကန်း ထောက်ခံနေခြင်းမှာ ခေါင်းဆောင်ကို ဖျက်ဆီးရာ ရောက်သည်။ နောက်လိုက်ကိုလည်း တန်ဖိုးမဲ့စေသည်။ အဓိပ္ပာယ် လုံးဝ မရှိဟု သုံးသပ်သည်။ ဤကိစ္စများအတွက် “ဝီလျံဂျိမ်းစ်”ကို “ဒီမိုကရက်တစ်၊ ခေါင်းဆောင်မှု သီအိုရီ”ကို ဖော်ထုတ်ခဲ့သူတစ်ဦးအဖြစ် အသိအမှတ်ပြုကြရသည်။

ခေါင်းဆောင်မှုကို ဖြည့်ကြခြင်း

အပြောင်းအလဲတွေ များမြောင်ထွေပြား ဆန်းကျယ်လှသော မျက်မှောက်ခေတ် အခြေအနေတွင် “ခေါင်းဆောင်မှု”မှာ အလှုပ်အယမ်းတွေ များလေ့ ရှိသည်။ ယနေ့ “ဟီးရိုး”မှာ နက်ဖြန်ခါ “ဇီးရိုး”ဖြစ်သွားနိုင်သည်။ သို့အတွက် ခေါင်းဆောင်မှုကို နည်းမျိုးစုံဖြင့် ဖြည့်ကြသည်။ ဤနေရာတွင် ထင်ရှားသော အနာဂတ်ဝါဒီ “မာရှယ်မက်လူဟန်” (ကမ္ဘာ့ရွာဆိုသော ဝေါဟာရကို စတင်တီထွင်သူ ...) ၏ စကားတစ်ခွန်းကို ကိုးကားကြသည်။ “ပုံရိပ်တစ်ခုသည် စကားလုံး အထောင်အသောင်းထက် ပို၍ ခရီးရောက်နိုင်သည်” ဆိုသောစကား ... ။ ခေါင်းဆောင်၏ပုံရိပ်ကို အသန့်ဆုံး၊ အခန့်ဆုံး၊ စမတ်အကျဆုံး ပုံဖော်ကြသည်မျိုး ...။

“ခေါင်းဆောင်မှု”နှင့် ပတ်သက်ပြီး စဉ်းစားစရာတစ်ချက် ရှိလာသည်။ ခေါင်းဆောင်မှုသည် အကျိုးရလဒ်က ပေးသော ဆုလာဘ်လော...။ သို့မဟုတ် စိတ်လှုပ်ရှားမှု (တစ်နည်း - ခံစားမှု) ကပေးသော အဖြေလော ...။ ဤနေရာတွင် စကား အလျဉ်းသင့်လာ၍ ၂၀၁၅ ရွေးကောက် ပွဲကြွေးကြော်သံကို ပြန်စိစစ်ဖို့ ဖြစ်လာသည်။ “လူကိုမကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲပေးပါ”ဆိုသောစကား။ လက်တွေ့မှာတော့ “ပါတီ”ဆိုသည်ထက် “ပါတီခေါင်းဆောင်”ကိုကြည့်ပြီး မဲပေးခိုင်းသည့် သဘောပင် ...။  လူထုကလည်း ပါတီခေါင်းဆောင်ကိုကြည့်ပြီး မဲပေးခဲ့ရာ အားလုံးသိသည့်အတိုင်း NLD သောင်ပြိုကမ်းပြိုနိုင်လိုက်သည်။ ပြောရလျှင် ဤနည်းမှာ ခံစားမှုဖြင့် ခေါင်းဆောင်မှုကို အဖြေထုတ်ခိုင်းခြင်းပင် ဖြစ်သည်။ ခံစားမှုတွင် ယုတ္တိ (လောဂျစ်) မရှိပေ။ ခံစားမှုကို “လောဂျစ်”ဖြင့် သရုပ်ခွဲစိစစ်ဖို့ ကြိုးစားလာရာ သမားရိုးကျ လောဂျစ်နှင့်မရ။ Fuzzy Logic နှင့်မှရသည်။ Fuzzy ဆိုသည်က “မှုန်ဝါးသော”၊ “မထင်ရှားသော”ဟု အဓိပ္ပာယ်ထွက်ရာ အကျယ်ပြန့်ဆုံး အနက်တွင် “ဧကန်မဲ့မှု” (Uncertainty) ကို ညွှန်းသည်။ တစ်နည်းဆိုရလျှင် အတိုက်အခံ အနေနှင့် အောင်မြင်သော်လည်း အစိုးရအနေနှင့် အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မည်။

NLD အာဏာရပြီးနောက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းများတွင် “သစ္စာ၊ မေတ္တာ”အကြောင်းတွေကို တစ်ခါမက တွေ့နေရသည်။ “မေတ္တာတရား”နှင့် “ခေါင်းဆောင်မှု”တို့မှာ တူကြပုံမပေါ်ပါ။ မေတ္တာတရားမှာ “ပုဂ္ဂလိကလုပ်ဆောင်ချက်” (Private Transaction) ဖြစ်သည်။ ခေါင်းဆောင်မှုမှာ “အများပြည်သူဆိုင်ရာ လုပ်ဆောင်ချက်” (Public Transaction )ဖြစ်သည်။ စာရေးသူကတော့ တူမည်မထင် ...။

ကျော်ဝင်း
၈ - မေ ၂၀၁၇

  • TAGS