News

POST TYPE

PERSPECTIVE

နိုင်ငံတော် သမ္မတ ပြည်ထဲရေးဝန်ကြီး တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၏ မြို့နယ်အုပ်ချုပ်ရေး ဥပဒေ
11-May-2017 tagged as

မေလ ၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ယခု လာမည့်ပြည်ထောင်စုလွှတ်တော်၌ မြို့နယ်အုပ်ချုပ်ရေး ဥပဒေကြမ်းကို ဆွေးနွေး အတည်ပြု ဆုံးဖြတ်ကြပြီး ပြဋ္ဌာန်းတော့မည်ဟူသော သတင်းတစ်ပုဒ် ဖော်ပြပါရှိပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ဆွေးနွေး သုံးသပ်ထားကြသည်မှာ ယခုအချိန်မှာ “မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေဟာ ထွေအုပ် လက်အောက်မှာရှိပြီး ပြည်ထဲရေးဝန်ကြီးကို တာဝန်ခံရတယ်။ ဒီဥပဒေမှာ ဝန်ကြီးချုပ်တွေကို တာဝန်ခံရမယ် ဆိုပြီး ပြဋ္ဌာန်းလိုက်တော့ ထွေအုပ်တွေ အားလုံး အရပ်သား အစိုးရထံ တိုက်ရိုက် အစီရင်ခံရတော့မယ်။ ထွေအုပ်တွေကို ပြည်ထဲရေး လက်အောက်ကနေ အရပ်သား အစိုးရလက်အောက်ကို ဥပဒေရေးဆွဲပြီး ပညာသားပါပါ ရွှေ့ယူသွားတာပဲ ဖြစ်တယ်”စသည်ဖြင့် ပြောဆို ရေးသားကြသည်ကို ဖတ်ရှုရပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ အခြေခံမူများ၊ ပုဒ်မ ၁၆ တွင် “နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်”ဟူ၍လည်းကောင်း၊ အခန်း(၃)၊ ပုဒ်မ ၅၈ ၌ “နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်”ဟူ၍လည်းကောင်း၊ အခန်း(၅)၊ အုပ်ချုပ်ရေး ကဏ္ဍ၊ ပုဒ်မ ၁၉၉(က)၌ “နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်”ဟူ၍လည်းကောင်း အတိအလင်း ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။ 
ထို့အပြင် အခန်း(၅) ပုဒ်မ ၂၃၁(က) ၌ နိုင်ငံတော်သမ္မတသည် သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူများကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်သည် ဟူ၍လည်းကောင်း၊ ယင်းပုဒ်မ၏ ပုဒ်မခွဲ (ခ) (၂) ၌ “ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ အမည်စာရင်းကို ရယူရမည်”ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။ ဤနေရာတွင် ဖော်ပြပါ ပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ် တာဝန်ပေးရန် “အမည်စာရင်းကို ရယူရမည်”ဟူ၍သာ ဖော်ပြထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား တာဝန်ခံရမည်ဟူ၍ လုံးဝ ဖော်ပြထားခြင်း မရှိပါ။

ထို့အပြင် ပုဒ်မခွဲ (ဇ)၌ ပြည်ထောင်စု ဝန်ကြီးများသည် “နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်”ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားသည်ဖြစ်ရာ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည်လည်း နိုင်ငံတော်သမ္မတ အားသာလျှင် တာဝန်ခံရမည် ဖြစ်ပါသည်။ ထို့ကြောင့် “ပြည်ထဲရေးဝန်ကြီးဌာနသည် နိုင်ငံတော် သမ္မတ၏ လက်အောက်တွင် မရှိ”ဟူ၍သော်လည်းကောင်း၊ “ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတော် သမ္မတအား တာဝန်ခံစရာ မလို” ဟူ၍သော်လည်းကောင်း ရေးသားပြောဆိုမှုများသည် မသိနားမလည်၍ဖြစ်စေ၊ အခြေခံဥပဒေကို အသေအချာ မဖတ်ရှု၍ဖြစ်စေ၊ အခြားသော ရည်ရွယ်ချက် တစ်ခုခုကြောင့်ဖြစ်စေ ရေးသားပြောဆိုနေမှုများ ဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။

ယခုအခါ လူမှုကွန်ရက်တွင် ထွက်ပေါ်နေသော မြို့နယ် အုပ်ချုပ်ရေး ဥပဒေမူကြမ်း ဆိုသည်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဟူ၍ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပြီး “မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် ခရိုင်အုပ်ချုပ်ရေးမှူး/ခရိုင်ဦးစီးအဖွဲ့ ဥက္ကဋ္ဌမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို တာဝန်ခံရမည်” ဟူ၍ ဖော်ပြထားသည်ကိုလည်း ဖတ်ရှုလိုက်ရပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း “ထွေအုပ်တွေကို ပြည်ထဲရေးလက်အောက်ကနေ အရပ်သား အစိုးရလက်အောက်ကို ဥပဒေရေးဆွဲပြီး ပညာသားပါပါ ရွှေ့ယူသွားတာပဲ ဖြစ်တယ်”စသည်ဖြင့် ပြောဆိုရေးသားနေကြသည်ဖြစ်ရာ အောက်ပါအတိုင်း ရှင်းလင်း ဖော်ပြလိုပါသည်။

၂၀ဝ၈ ခုနှစ် အခြေခံဥပဒေပုဒ်မ ၂၅၆(ခ)တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတိုင်းဒေသကြီး/ပြည်နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော နယ်ဘက် ဝန်ထမ်း အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း ပြုနိုင်သည်”ဟူ၍ ပြဋ္ဌာန်းထားသည်ဖြစ်ရာ အခြေခံဥပဒေအရ မူလကပင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ လုပ်ပိုင်ခွင့် ဖြစ်သည့်အတွက် ယခုမှ ရောက်ရှိလာမည့် အသစ်အဆန်း လုပ်ပိုင်ခွင့်တစ်ခု မဟုတ်ပါကြောင်း ဖော်ပြလိုပါသည်။

ဤသို့ဆိုလျှင် ယခုမှ အဘယ်ကြောင့် မြို့နယ်အုပ်ချုပ်ရေး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း၍ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရပါသလဲ ဟူ၍ မေးနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၈၈ တွင် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးကိုဖော်ပြရာ၌ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်”ဟူ၍ ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ယခု မြို့နယ်အုပ်ချုပ်ရေးကို အုပ်ချုပ်ရေးမှူး တစ်ယောက်တည်း အုပ်ချုပ်နေရာမှ အခြေခံဥပဒေနှင့်အညီ ဖြစ်စေရန် အလို့ငှာ “နိုင်ငံဝန်ထမ်းများ”အား ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေး ဥပဒေကိုပြဋ္ဌာန်း၍ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းခြင်း၊ ယင်းအဖွဲ့သည် တိုင်းဒေသကြီး/ပြည်နယ် အစိုးရကို တာဝန်ခံခြင်းတို့သည် တည်ဆဲ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သော ကိစ္စဖြစ်ပြီးလျှင် အသစ်အဆန်း ကိစ္စတစ်ရပ် မဟုတ်ပါကြောင်း ဖော်ပြလိုပါသည်။

အမှန်တကယ်တော့ မြို့နယ် အုပ်ချုပ်ရေးဥပဒေကို (ယခင် ၂၀၁၁ အစိုးရလက်ထက်ကပင်) ပြဋ္ဌာန်းသင့်ပြီး ယခုဆိုလျှင် အချိန်ကာလအားဖြင့် ခြောက်နှစ်တာမျှပင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်း သမိုင်းနှင့်ချီ၍ ကျိုးကြောင်း ဖော်ပြရေးသားခဲ့သော ကျွန်တော်၏ ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ဖူးပါသည်။ အဆိုပါ ဆောင်းပါး၏ နိဂုံးချုပ်တွင် ကျွန်တော်က အောက်ပါအတိုင်း ရေးသားခဲ့ပါသည်-        

“အခြေခံဥပဒေ အခန်း (၅)၊ အုပ်ချုပ်ရေးကဏ္ဍ၊ ပုဒ်မ ၂၈၈ တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်”ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားသော်လည်း ယနေ့အထိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့အတွက် မည်သည့်ဌာနမှ ဝန်ထမ်းကို တာဝန်ပေးအပ်၍ မည်သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းမည်ဟူသည့် အချက်များ ပါဝင်သော အုပ်ချုပ်ရေး ဥပဒေတစ်ရပ် ပေါ်ပေါက်ခြင်း မရှိသေးသည်မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများပင် သတိမေ့လျော့နေကြ၍လား သို့မဟုတ် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ကပဲ မေ့နေ၍လား ဆိုသည်ကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကပို၍ သိကြမည် ဖြစ်ပါသည်”။

“တာဝန်နှင့်လုပ်ပိုင်ခွင့်များ တိကျစွာ သတ်မှတ်ပြဋ္ဌာန်းထားသည့် အုပ်ချုပ်ရေး ဥပဒေတစ်ရပ် မရှိဘဲနှင့် “ဝန်ကြီးဌာန အသီးသီးမှ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရာတွင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ဌာနအသီးသီးက မိမိတို့ ဌာနဆိုင်ရာအလိုက် ခွင့်ပြုထားသော စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလေအလွင့် နည်းပါးအောင် ဆောင်ရွက်ခြင်း ရှိ/မရှိ၊ ငွေကြေး အလွဲသုံးစားမှုများနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ ကင်းရှင်းမှု ရှိ/မရှိနှင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့ဘဝ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း ရှိ/မရှိ” စသည်တို့ကို မည်သူက ကြီးကြပ် ဆောင်ရွက်ပါမည်နည်း”

“သို့ဖြစ်ပါ၍ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၂၈၈ ပါ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ခရိုင်နှင့်မြို့နယ်အဆင့်အတွက် အုပ်ချုပ်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့အား အကြံပြု တင်ပြအပ်ပါသည်” ဟူ၍ အကြံပြု ရေးသားခဲ့ပါသည်။

ထိုဆောင်းပါး ရေးသားခဲ့သည်မှာ ယခုဆိုလျှင် သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယခုအခါ မြို့နယ်အုပ်ချုပ်ရေး ဥပဒေတစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်မှာကား အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် အများပြောဆို ရေးသားနေကြသလို နေ့ချင်းညချင်း ပေါ်ပေါက်လာမည်ကား မဟုတ်ပါ။ လွှတ်တော် ဥပဒေများအရ ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အဆင့်များစွာ ရှိပါသည်။ အဆိုပါ အဆင့်များကို အောင်မြင်စွာ ဖြတ်သန်းကျော်လွှားနိုင်ဖို့ လိုပါသည်။

ဥပဒေတစ်ရပ်ကို ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်သို့ တင်ပြလာပါက ယင်းလွှတ်တော်၏ ဥပဒေကြမ်း ကော်မတီက စိစစ်၍ လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန/ ဦးစီးဌာန အပါအဝင် လိုအပ်သော (ပညာရပ်ဆိုင်ရာ) ပုဂ္ဂိုလ်များကို ခေါ်ယူ ဆွေးနွေးပါမည်။ ထို့နောက် သက်ဆိုင်ရာ လွှတ်တော်သို့တင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက အကြေအလည် ဆွေးနွေးဆုံးဖြတ်ပြီးမှ အတည်ပြုကြပါမည်။ လွှတ်တော်တစ်ရပ်က အတည်ပြု ဆုံးဖြတ်ပြီးသော ဥပဒေကြမ်းကို နောက်ထပ် လွှတ်တော်တစ်ရပ်သို့ တင်ပြ၍ အလားတူပင် ဆောင်ရွက်ရပါမည်။ လွှတ်တော်နှစ်ရပ်က သဘောထား မကွဲပြား တူညီစွာ ဆုံးဖြတ်ကြပါမှသာလျှင် ယင်းဥပဒေသည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသကဲ့သို့ ဖြစ်ပါမည်။ အကယ်၍ သဘောထားများ မတူကွဲပြား ခြားနားစွာ ဆုံးဖြတ်ကြမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ် ရယူရပါမည်။ လိုအပ်ပါက လွှတ်တော်နှစ်ရပ်ပေါင်း၏ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ထပ်မံ၍ စိစစ်ပါဦးမည်။ ပြည်ထောင်စုလွှတ်တော်က အပြီးသတ် ဆုံးဖြတ် အတည်ပြုပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်မှသာလျှင် ဥပဒေကြမ်းတစ်ရပ်သည် အတည်ဖြစ်ပြီး ပြဋ္ဌာန်းနိုင်မည် ဖြစ်ပါသည်။

နိဂုံးချုပ် တင်ပြလိုသည်မှာ ယခုရေးဆွဲလျက်ရှိသော မြို့နယ်အုပ်ချုပ်ရေး ဥပဒေကြမ်းသည် မကြာမီကာလတွင် လွှတ်တော် အသီးသီးသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည့် အားလျော်စွာ ပြည်သူ့အကျိုးကို ရှေးရှုသော၊ ပြည်သူကို အလေးထားသော၊ ပြည်သူကို မျက်နှာမူသော အုပ်ချုပ်ရေးဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အလေးအနက်ထား၍ အကြံပြု ဆွေးနွေးဆုံးဖြတ် အတည် ပြုနိုင်ကြပါစေကြောင်း အကြံလည်းပေး၍ ဆုလည်း တောင်းလိုက်ရပါသည် …။

သိန်းထက်အောင်

  • TAGS