News

POST TYPE

PERSPECTIVE

ပညာရေး အဟောသိကံ ဖြစ်နေသော ကလေးလုပ်သားများကို ကယ်တင်ပေးပါ
11-May-2017 tagged as ပညာရေး

ဆင်းရဲနွမ်းပါးမှု

မြန်မာနိုင်ငံမှ ပြည်သူလူထုသည် အာဏာရှင်စနစ်ဆိုးအောက်၌ အနှစ် ၅၀ နီးပါးခန့် နေထိုင်လာခဲ့ကြရသဖြင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို စူးရှစွာ အလူးအလဲ ခံစားခဲ့ကြရသည်။ ယခုလည်း ခံတုန်း ခံနေရဆဲဖြစ်သည်။ အစိုးရသစ် အနေနှင့် အခြေခံလူတန်းစားများအား ဆင်းရဲနွမ်းပါးမှု နွံအတွင်းမှ ရုန်းထွက်နိုင်စေရန် ဖန်တီးပေးနေသည် ဆိုသော်လည်း အဘက်ဘက်မှ ဝိဝါဒကွဲပြားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသဖြင့် လောလောဆယ် အနေအထားအရ ရွေ့တယ်ဆိုရုံ အဆင့်သာ ရှိနေသေးသည်။ ပြောင်းလဲခြင်းကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ထောက်ပြနိုင်ခြင်း မရှိသေးချေ။ ဒါကလည်း အချိန်ယူရမည်ဖြစ်၍ အပြစ်တော့ မဆိုသာပေ။

Asia Ranking အဆင့် သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် အာရှတိုက်၌ ဒုတိယမြောက် အဆင်းရဲဆုံး နိုင်ငံအဖြစ် တည်ရှိနေပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို မူတည်တွက်ချက်မှုအရ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ ၌ ရှိနေသေးကြောင်း တွေ့ရမည်ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှု အခြေခံ အကြောင်းရင်းသည် တိုင်းပြည်ကို တစ်လက်တည်းကိုင်စွဲပြီး ရေရှည် အုပ်ချုပ်ခဲ့သော အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ဆိုရမည်။ ပြည်သူ၏ မျက်နှာကိုမထောက် အုပ်ချုပ်သူအာဏာပိုင်တို့၏ ငါကောင်းစားရေး မူဝါဒများကြောင့် ပြောစမှတ်ဖြစ်လောက်အောင် တိုင်းပြည်ချွတ်ခြုံကျခဲ့ရ၏။ ပြည်သူလူထုအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှု နည်းပါးခြင်း၊ အလုပ်လက်မဲ့များ ပေါများခြင်း၊ လုပ်ခလစာ သင့်တင့်လုံလောက်အောင် မပေးနိုင်ခြင်း၊ လူနေမှုစရိတ်နှင့်  စားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုများသည်လည်း တိုင်းပြည်ကို အဆင်းရဲဆုံးအဆင့်သို့ ရောက်အောင် တွန်းချနေသော ငြင်းချက် ထုတ်မရနိုင်သည့် အချက်များပင် ဖြစ်သည်။

ကလေးလုပ်သား

စစ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံး၌ လူဦးရေ ၅၁ သန်းကျော် ရှိသည့်အနက် ၆ ဒသမ ၉ ရာခိုင်နှုန်းသည် အလုပ်ရှာဖွေနေရဆဲဖြစ်ပြီး လူဦးရေ ၆ သန်းခန့်မှာ ပြည်ပနိုင်ငံများသို့ ထွက်၍ အလုပ် လုပ်ကိုင်နေကြရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ပင် မြန်မာလုပ်သား လေးသန်းခန့် ရောက်ရှိ လုပ်ကိုင်နေကြသည်ဟု ထုတ်ပြန်သော မှတ်တမ်းများအရ သိရှိရသည်။ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံဝယ် အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား အလုပ် လုပ်ကိုင်နေသူ ၂၁ သန်းကျော်ရှိသည့်အနက် ကလေးလုပ်သား ဦးရေမှာ ၁ ဒသမ ၁ သန်းကျော် ရှိနေသည်ဟု သိရ၏။ ထိုဦးရေမှာ ၂၀၁၅ ခုနှစ်က အိုင်အယ်လ်အိုနှင့် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ စာရင်းကောက်ယူမှုများအရ အတည်ပြုထားခြင်းဖြစ်သည်။ ၎င်းကလေးလုပ်သားများသည် ရသင့် ရထိုက်သည့် လုပ်အားခကို ပြည့်ပြည့်ဝ၀ မရရှိခြင်း၊ အလုပ်ချိန်ကို သတ်မှတ်ချိန်ထက် ပိုလွန်လုပ်ကိုင်နေရခြင်း၊ လုပ်ငန်းခွင် ဘေးကင်း လုံခြုံမှု နည်းပါးခြင်းစသည့် စိန်ခေါ်မှုများကို ရင်တမမနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ 

ကလေးလုပ်သား ဖြစ်ရခြင်း၏ အကြောင်းရင်းများအနက် အဓိက အကျဆုံး အချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းပင် ဖြစ်၏။ နောက်အချက်မှာ မိသားစု ဆင်းရဲမှုကြောင့်ဖြစ်သည်။ မိသားစု ဆင်းရဲမှုကို ကာမိစေရန် ကလေးများက တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိစေဖို့ အရွယ် မတိုင်မီ လုပ်ငန်းခွင်များသို့ မျက်ရည်စက်လက်ဖြင့် ဝင်ရောက်နေရခြင်း ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည်မှာ အားလုံး အသိပင် ဖြစ်သည်။ ဆိုတော့ကာ ကလေးလုပ်သားဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးလာနေသည်ကို မည်သူမဆို မှန်းဆကြည့်နိုင်သည်။ ကလေးလုပ်သားဦးရေ လျော့ကျနိုင်စေသည့် အချက်သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေနှင့် တိုက်ရိုက် အချိုးကျနေ၏။ တစ်ဖက်က ကြည့်လျှင် ကလေးလုပ်သား ဦးရေ တိုးပွားလာနေခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် အနုတ် လက္ခဏာဒီရေ အမှတ်မြင့်သထက် မြင့်လာခြင်းပင်မည်၏။ ကလေးလုပ်သားဦးရေ လျှော့ချနိုင်မှသာ ကျောင်းနေဦးရေ တိုးလာမည်ဖြစ်ပြီး ပညာတတ်များ မွေးထုတ်လာနိုင်မည်ဖြစ်၏။ ကလေးလုပ်သား လျှော့ချရေး အစီအမံ၌ မိဘများနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်နိုင်မှသာ ရလဒ်ကောင်းများ ရရှိမည်ဖြစ်သည်။ ကလေးလုပ်သားများ၏ လုပ်ငန်းခွင် အခြေအနေကို ဆန်းစစ်ကြည့်ရာဝယ် စိုက်ပျိုးရေးကဏ္ဍ၌ အများဆုံး တွေ့ရ၏။ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌လည်း အပြည့် ထုံမွမ်းနေဆဲပဲဖြစ်၏။ ထို့ပြင် ကလေးလုပ်သား သုည ဒသမ ၅၅  သန်းသည် လုံခြုံမှုမရှိဘဲ အချိန်မရွေး အန္တရာယ် ကျရောက်နိုင်မည့် လုပ်ငန်းခွင်များ၌ အလုပ်လုပ်နေကြရသည်။

အခြေခံလုပ်သား တစ်ဦး၏ တစ်နေ့ အနည်းဆုံး လုပ်ခဝင်ငွေကို ကျပ် ၃၆၀ဝ ဟု တရားဝင် သတ်မှတ်ထားသည်ဖြစ်၍ ကလေးလုပ်သား တစ်ဦး၏ တစ်နေ့တာ လုပ်ခဝင်ငွေ မည်မျှရမည်ကို ခန့်မှန်းနိုင်ပေသည်။ ကလေးလုပ်သား လျော့ပါးရေး စီမံကိန်း လုပ်ငန်းစဉ်၌ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရနှင့် ပူးပေါင်းပြီး အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း တွဲဖက် လုပ်ဆောင်ရမည်မှာ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပေသည်။

ပညာရေး အဟောသိကံ

ကလေးလုပ်သားဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာမှုသည် ကျောင်းနေအရွယ် ကလေးဦးရေ လျော့ပါးလာခြင်းနှင့် ဆက်စပ်နေပေလိမ့်မည်။ မြန်မာ့ပညာရေးစနစ် အကောင်အထည်ဖော်မှုကို ကိုယ်စားပြုသည့် အဆိုအမိန့် သို့တည်းမဟုတ် မူဝါဒများအရ လူတိုင်းအတွက် ပညာရေး၊ အခမဲ့ ပညာရေး၊ မသင်မနေရ ပညာရေး၊ ပညာရေး ဝေးသည်မရှိ စသည့်အချက်များကို ဖော်ဆောင်ရာ၌ ရလဒ်ကောင်းများ အမှန်တကယ် ရရှိခြင်း၊ မရှိခြင်းကို ထက်ကြပ်မကွာ ကြီးကြပ်၊ ဆန်းစစ်ဖို့ လိုသည်။ ကလေး လုပ်သားဦးရေ ၁ ဒသမ ၁ သန်းသည် မြန်မာနိုင်ငံရှိ ကျောင်းသားဦးရေ အင်အားပြစာရင်းတွင် ပါဝင်ခြင်း မရှိသည်မှာ သေချာသည်။ ၎င်းကလေး လုပ်သား ၁ ဒသမ ၁ သန်းအနက် လုံးဝ ကျောင်းမနေရသူ၊ မူလတန်းအဆင့် နေဖူးသူ၊ မူလတန်းအဆင့်ပြီးမြောက်သူ၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နေဖူးသူနှင့် ပြီးမြောက်ခြင်း မရှိသူများ ပါဝင်နေသည်မှာ ဧကန်မုချ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ထိုကလေးလုပ်သားဦးရေ ၁ ဒသမ ၁ သန်းသည် လူတိုင်းအတွက် ပညာရေးဟူသည့် မူဘောင်နှင့် ကင်းကွာပြီး ပညာရေး အဟောသိကံ (Education Drop out) ဖြစ်နေမှာ တော့ သေချာပေသည်။ မတတ်သာသည့်အဆုံး ကလေးလုပ်သားဦးရေ လျှော့ချရန် ခက်ခဲနေမည်ဆိုပါက လုပ်ငန်းခွင်အတွင်း ကလေးများ စာတတ်မြောက်ရေးကို ပညာရေးဌာနက အစီအမံများဖြင့် ထုဆစ်ဖန်တီးပေးသင့်သည်။ လူကြားကောင်းအောင် လုပ်ပြနေရုံနှင့်မပြီး။ ကနေ့ မြန်မာနိုင်ငံရှိ ရွေ့လျားကျောင်း (Mobile School) စီမံကိန်း၊ ကျောင်းပြင်ပ ပညာရေး စီမံကိန်း (NFPE) ဆောင်ရွက်နေမှုများသည် ကလေးလုပ်သား ဦးရေနှင့် စာလျှင် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ၏။ တကယ် ထိရောက်ဖို့ လိုအပ်၏။

နိုင်ငံတစ်နိုင်ငံ၏ ပညာသင်ယူနိုင်မှု စွမ်းရည်ကိုကြည့်၍ တိုးတက်မှုကို တိုင်းတာမည်ဆိုလျှင် ကျွန်တော်တို့နိုင်ငံ၏ အနာဂတ် တိုးတက်မှု အလားအလာသည် တုံ့ဆိုင်းနေပေလိမ့်ဟု ယူဆရမည်ဖြစ်သည်။ ပညာသင်ယူနိုင်မှုစွမ်းရည် (သို့မဟုတ်) ပညာတတ် လူငယ်ဦးရေ ဖွံ့ထွားစည်ပင်လာအောင် မွေးထုတ်ပေးနိုင်ခြင်းသည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာတွင် အစွမ်းထက်သော လက်နက်ကောင်းတစ်ခု ဖြစ်ပေမည်ဟု တွေးဆနိုင်သည်။

ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ MICC-2 တွင် ကျင်းပသည့် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ စတင် ဆောင်ရွက်ခြင်း အခမ်းအနားတွင် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမည့် ငါးနှစ်တာ ကာလအတွင်း ကျောင်းသားလူငယ်များနှင့် အရွယ်ရောက်သူများအတွက် ဘဝတစ်သက်တာ ပညာဆက်လက် သင်ယူခွင့် ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် နိုင်ငံတော်၏ ပညာရေးစနစ်ကို အဓိက ပြောင်းလဲရမည့်အပြင် နိုင်ငံတွင်းရှိ ကလေးသူငယ်များ၊ အရွယ်ရောက်ပြီး ပညာဆက်ရှာလိုသူ နိုင်ငံသားများကို လမ်းပြသင်ကြားပေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့ပါ၍ ကျွန်တော်တို့နိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသော ဆင်းရဲနွမ်းပါးမှု ပြဿနာမှ အမြန်ဆုံး ရုန်းထွက်နိုင်ပြီး ကလေးလုပ်သားဦးရေကို သိသိသာသာ လျှော့ချနိုင်မည်ဆိုလျှင် ပညာရေး အဟောသိကံဖြစ်မှုနှုန်း နိမ့်ဆင်းလာပေလိမ့်မည်။ သို့မှသာ ပြည်သူတို့ မျှော်မှန်းတမ်းတနေသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ မဝေးတော့သော ကာလ၌ အောင်မြင်ခြင်းတံခွန်ကို ရယူလွှင့်ထူနိုင်စေရန် ပညာရေး အဟောသိကံ ဖြစ်နေသော ကလေးလုပ်သားများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ကယ်တင်ပေးကြပါဟူ၍ ရင်ခုန်သံပြင်းပြင်းဖြင့် မျှော်ကိုးနေရမည် ဖြစ်ပါကြောင်း။

ကိုသောင်း (ပညာရေး)