News

POST TYPE

PERSPECTIVE

တူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာ ကော်မရှင်
11-May-2017 tagged as

(၁)

လွန်ခဲ့သော ၂၀၁၆ ခုနှစ် နိုဝင်ဘာက တူနီးရှားနိုင်ငံတွင် အစိုးရ မဟုတ်သော ပြည်သူအများစု ပေါင်း၍ အမှန်တရားနှင့် ဂုဏ်သိက္ခာ (Truth and Dignity Commission) ဆိုသည့် ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာရှင် ဘင်အလီ (Zine el-Abidine Ben Ali) လက်ထက်က ဖြစ်ပွားခဲ့သော အစိုးရ၏ ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်မှု လုပ်ရပ်များကို ကြားနာ စစ်ဆေးပေးမည့် ကော်မရှင်တစ်ခု ဖြစ်ပါသည်။ မတရား ညှဉ်းပန်း နှိပ်စက်ခံရသူ၊ ထောင်သွင်း အကျဉ်းကျခံရသူ၊ သေဆုံးခဲ့ရသူတို့၏ ဆွေမျိုးသက်သေများ ဖိတ်ခေါ်၍ သူတို့ အတွေ့အကြုံများကို ကြားနာကြခြင်းဖြစ်ပါသည်။ အာဏာပိုင်များဘက်ကလည်း မည်သူမဆို လာရောက် ထွက်ဆိုနိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားပါသည်။

(၂)

၂၀၁၁ ခုနှစ် လွန်ခဲ့သော ၆ နှစ်က တူနီးရှားနိုင်ငံတွင် သစ်သီးရောင်းသူတစ်ဦး စီးပွားရေးဒဏ် ဖိစီးပြီး ဆန္ဒပြသည့်အနေနှင့် မိမိဘာသာ သတ်သေခဲ့ရာမှ အာရပ်နွေဦး (Arab Spring) ဟုခေါ်သော လူထုလှုပ်ရှားမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုသည် အီဂျစ်၊ ယီမင်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါသည်။

ယခု ၂၀၁၇ ခုနှစ် ရောက်သောအခါ အီဂျစ်နိုင်ငံတွင် ရွေးကောက်တင်မြှောက်ထားသော အရပ်သား အစိုးရမှာ ဖြုတ်ချခံခဲ့ရပြီး စစ်အာဏာရှင် အစိုးရရှိနေပါသည်။ ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့တွင် ဆိုးရွားသော ပြည်တွင်းစစ်များ ဖြစ်နေကြရပါသည်။ တူနီးရှားနိုင်ငံတစ်နိုင်ငံတွင်သာ ဒီမိုကရေစီကျကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရက အုပ်ချုပ်လျက်ရှိပါသည်။

အာရပ်နွေဦး လှုပ်ရှားမှုကြောင့် တိုင်းပြည်နိုင်ငံ အများအပြားတွင် အာဏာရှင်ကြီးများ ပြုတ်ကျသွားကြသော်လည်း လူအများ မျှော်လင့်သလို ဒီမိုကရေစီ လူ့ဘောင်သစ်ကို မထူထောင်နိုင်ခဲ့ကြပါ။ အာဏာရှင်များ လက်ထက်က အတိုက်အခံ အဖွဲ့အစည်းများအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ခြင်းများကြောင့် ဝန်ထမ်း အဖွဲ့အစည်း (သို့မဟုတ်) လူမှုအဖွဲ့အစည်းဟူ၍ အခိုင်အမာ မကျန်ရစ်တော့ပါ။ အာဏာရှင်များ မရှိတော့ချိန်တွင် နိုင်ငံတွင် လိုအပ်သည့် ဗျူရိုကရေစီယန္တရားကို ဆက်လက် မလည်ပတ်စေနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြပါသည်။

တူနီးရှားနိုင်ငံတွင်မူ ပြည်သူများဘက်က အစဉ်ရပ်တည်ခဲ့သော အဖွဲ့အစည်းတစ်ခု ရှိခဲ့ပါသည်။ နိုင်ငံတွင် အကြီးဆုံး အလုပ်သမား သမဂ္ဂ (Trade Union) က ဦးဆောင်၍ ၂၀၁၃ ခုနှစ်တွင် ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ စုပေါင်း၍ (National Dialogue Quartet) ခေါ် အဖွဲ့အစည်းကို ထူထောင်ခဲ့ကြပါသည်။ သူတို့သည် မတူညီသော အဖွဲ့အစည်းများအကြား၊ ကြားဝင် စေ့စပ်ပေးနိုင်မှုကြောင့် ပဋိပက္ခများကို သက်သာစေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲနိုင်ခဲ့ကြပြီး လွတ်လပ်သော ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ကြသည်။ ဒီမိုကရေစီ အစိုးရတက်လာသောအခါ ထိုအဖွဲ့ကြီးကို နိုဘယ်လ် ကော်မတီက၂၀၁၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ချီးမြှင့်ခဲ့ပါသည်။

(၃)

ကျွန်တော်တို့သည် တောင်အာဖရိကနိုင်ငံ၏ လူဖြူအစိုးရ ချုပ်ငြိမ်းသွားအပြီးတွင် အာဏာရပါတီနှင့် အစိုးရက ဦးဆောင် ဖွဲ့စည်းခဲ့သော (Truth and Reconciliation Commission) အကြောင်းကို ကြားဖူးကြပါသည်။ အသားအရောင် ခွဲခြားမှုစနစ်အောက်မှ လွတ်မြောက်လာသော အာဖရိက အစိုးရသစ်က ပြည်သူတို့၏ နစ်နာချက်များကို စုံစမ်း၊ စစ်ဆေး၊ ပြုပြင်ထိန်းသိမ်းသင့်သည်တို့ကို လုပ်ဆောင်ကြရန် ဖြစ်ပါသည်။

တူနီးရှားနိုင်ငံကလည်း ဖြစ်ပြီးသမျှ အကြောင်းတို့ကို မေ့ပျောက်ပစ်ခြင်းထက် ၎င်းတို့ကို စနစ်တကျ မှတ်တမ်းတင်ထားလိုဟန် ရှိပါသည်။ ထောင်ပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားဟောင်းများက ဘာရလိမ့်မည်ဟူသော မျှော်လင့်ချက် ဘာမှမရှိဘဲ ကော်မရှင်သို့ လာရောက်ထွက်ချက်ပေးကြပါသည်။ ထိုထွက်ဆိုသူများအား စာဖြင့်လည်းကောင်း၊ မက်ဆေ့ခ်ျများဖြင့်လည်းကောင်း၊ တယ်လီဖုန်းတို့မှလည်းကောင်း အားပေးစာ၊ အကြံပြုစာ၊ ထောက်ခံချက်ပေးစာ စသည်တို့ဖြင့် အမျိုးမျိုး ထောက်ခံမှုများ ရရှိနေကြပါသည်။

ငါးလအတွင်း ကြားနာမှု ရှစ်ကြိမ် လုပ်နိုင်ခဲ့ကြပါသည်။ မည်သို့ပင် စိတ်ထိခိုက် ကြေကွဲရပါသည်ဆိုစေ၊ မိမိတို့၏ အတိတ်ဖြစ်ရပ်များနှင့် ခံစားချက် အသီးသီးကို ရင်ဖွင့်နေကြပါသည်။ အာဏာရှင်ဟောင်း ဘင်အလီ ကိုယ်တိုင်မှာ ဆော်ဒီအာရေးဗီးရား နိုင်ငံတွင် နေထိုင်နေရာမှ ထိုတီဗီအစီအစဉ်များကို အမြဲကြည့်ရှု နားထောင်နေသည်ဟု သူ့ရှေ့နေ လုပ်သူက ပြောပြပါသည်။

ထိုကော်မရှင် အလုပ်လုပ်ပုံများမှာ ပြည်တွင်းစစ်နှင့် အခြားပဋိပက္ခများဖြင့် ပြည့်နေသော အရှေ့အလယ်ပိုင်း ဒေသအတွင်း၌ တောက်ပသော အလင်းရောင် တစ်ခုသဖွယ် ဖြစ်နေသည်ဟု သတင်းစာများက ရေးကြပါသည်။

တူနီးရှားနိုင်ငံတွင်း၌ ပြဿနာများ ပြီးဆုံးသွားပြီဟု ဆိုလိုခြင်းမဟုတ်ပါ။ လူငယ်လူရွယ် ထောင်ပေါင်းများစွာတို့မှာ အကြမ်းဖက်သမား(ISIS)အဖွဲ့နှင့် သွားရောက် ပူးပေါင်းနေကြပြီး အချို့မှာလည်း နိုင်ငံသို့ ပြန်လာနေကြပြီဖြစ်သည်။ အလုပ်လက်မဲ့ ပြဿနာ၊ အကျင့်ပျက် ခြစားနေခြင်းများ၊ အကြမ်းဖက် သောင်းကျန်းသူတို့၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေဆဲ ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။

ကော်မရှင်၏ ဦးတည်ချက်ဖြစ်သည့် ပြီးခဲ့သော အဖြစ်အပျက်များမှ သင်ခန်းစာ ရယူရန်၊ အပြစ်ရှိသူများကို ထိုက်သင့်သော ပြစ်ဒဏ်ကို ပေးနိုင်ရန်၊ တစ်ဖက်ကလည်း ရန်သူတော်များအကြား ကျေအေးပြေလည်ပြီး အတူတကွနေထိုင် အလုပ်လုပ်နိုင်ရန် ကိစ္စများမှာ အနှောင့်အယှက်နှင့် အခက်အခဲ များစွာ တွေ့ကြုံကြရပါသည်။ ကော်မရှင်၏ လုပ်ရပ်များကို ရှုတ်ချသူများလည်း ရှိနေကြပါသည်။

မည်သို့ဆိုစေ ပြည်သူသန်းပေါင်း များစွာတို့က သက်သေထွက်ချက်များကို ရင်သပ်ရှုမော ကြည့်ရှုအားပေးနေကြပါသည်။ အမှန်တရားကို ပြောကြားခြင်းဖြင့် ပြန်လည် ပေါင်းစည်းသင့်မြတ်ရေး၏ လမ်းစတစ်ခုဖြစ်သည်ဟုလည်း သဘောပေါက်လာကြပါသည်။ ဘာမှမဖြစ်စေဦး တစ်ပြည်လုံးက ပါဝင်ဆွေးနွေး (National Debate) နေကြသည်ကို မြင်ရသည်မှာ အားတက်ဖွယ်ပင် ဖြစ်ပါသည်။

ပထမဆုံးအကြိမ် အခမ်းအနားကို ပြည်သူများ၏ သုံးပုံတစ်ပုံ (၁ ဒသမ ၈ သန်း) က တီဗီများမှကြည့်ခဲ့ကြပြီး လူဦးရေနှစ်သန်းခန့်က အင်တာနက်မှ ကြည့်ရှုခဲ့ကြပါသည်။ တီဗီကုမ္ပဏီကြီး လေးခုက တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးခဲ့ကြပါသည်။ အနှစ် ၆၀ ကြာအောင် အုပ်ချုပ်သွားသော အာဏာရှင် အစိုးရလက်ထက် လူသတ်မှုများ၊ ပျောက်ဆုံးသွားသူများ၊ အကြမ်းဖက် နှိပ်စက်မှုများအကြောင်းကို ညဥ့်နက်သန်းခေါင်တိုင်သည်အထိ သက်သေများက ဆက်တိုက် ထွက်ဆိုခဲ့ကြပါသည်။ ၂၀၁၀-၁၁ ခုနှစ်အထိ အစိုးရက ဖုံးကွယ်ရန် ကြိုးစားမှုများ၊ လိမ်လည် ပြောဆိုချက်များမှာ တစ်စတစ်စနှင့် ရုပ်လုံးပေါ်လာကြပါသည်။

သူအဖမ်းခံရစဉ်က အသက် ၂၀ သာရှိသေးသော Mr.Bramin ဆိုသူမှာ သူ့အဖြစ်အပျက်များကို ဖွဲ့နွဲ့ပြောပြရင်း နေ့ချင်းညချင်း နိုင်ငံကျော်သူဖြစ်သွားပါသည်။ အစ္စလာမ် စစ်သွေးကြွသူများနှင့် ပူးပေါင်းသည် ဟူသော စွပ်စွဲချက်ဖြင့် သူအဖမ်းခံခဲ့ရခြင်းဖြစ်ရာ သူ၏ မျှော်လင့်ချက်များ ပျောက်ဆုံးသွားရပုံ၊ သူ၏မိသားစုဝင်များကို အစိုးရအရာရှိများက နှိပ်ကွပ်ကြပုံများကို စီကာပတ်ကုံး ပြောပြခဲ့ပါသည်။

သူက သူတို့၏အခြေအနေမှာ အီရတ်နိုင်ငံ (Abu Ghrab Prison) ထောင်ထက် အခြေအနေ ပိုဆိုးကြောင်း၊ သူက ထိုစဉ်က ထောင်ပိုင်ဖြစ်သူ၏နာမည်ကို ထုတ်ဖော်ပြောခဲ့ရာ ထိုတောင်ပိုင်က ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ ငြင်းဆိုခြင်း မပြုခဲ့ပါဟု ဆိုသည်။ ထိုစဉ်က ထောင်ဝန်ထမ်း နှစ်ဦးကလည်း ကော်မရှင်သို့ လာပြီး အစစ်ခံခဲ့ရာ သူ့ထွက်ဆိုချက်များမှာ မှန်ကန်သည်ဟု ထောက်ခံခဲ့ကြပါသည်။ “ကျွန်တော်က သူတို့ကို အပြစ် မတင်ပါဘူး၊ စနစ်ကြီးမှာပဲ အပြစ်ရှိပါတယ်”ဟု သူကပြောသည်။ ညှဉ်းပန်းနှိပ်စက်ခံရသူ တစ်ဦး၏ ခွင့်လွှတ်သော အပြောအဆိုကို တိုင်းပြည်က ရင်သပ်ရှုမော ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယခုအချိန်အထိ ကြားနာပြီးသမျှ အမှုပေါင်း ၆၅၀ဝ၀ ကျော်မျှရှိပြီးဖြစ်ရာ အမှု ၁၀ဝ ခန့်ကို ဆက်လက် အရေးယူနိုင်ရန် တင်ပြမည်ဟု ကော်မရှင် ထုတ်ပြန်ချက်များက ဆိုသည်။

ယခုကဲ့သို့ ပြီးခဲ့သော ပြစ်မှုများအား ပြန်လည် သုံးသပ်ရသော အတွေ့အကြုံများကို တောင်အာဖရိက၊ လက်တင်အမေရိက၊ ပိုလန်နှင့် အခြားနိုင်ငံအချို့တွင် ကြုံခဲ့ကြဖူးသည်။ ထိုနိုင်ငံများ၏ အတွေ့အကြုံများမှ သင်ခန်းစာယူ၍ နှိပ်စက်သူနှင့် ခံရသူကို မျက်နှာချင်းဆိုင်ရအောင် မပြုလုပ်ပါဟု ကော်မရှင်က ဆိုသည်။ ထိုသို့ မျက်နှာချင်းဆိုင်ပေးလျှင် မလိုလားအပ်သော ခံစားချက် ပေါက်ကွဲမှုများ ကြုံကြရသည်။ ကော်မရှင်က လာမည့် အစီအစဉ်များတွင် အာဏာပိုင်များဘက်မှ သက်သေထွက်သူများကို အဓိကထား ဖိတ်ခေါ်ထားပြီး သူတို့က ထုတ်ဖော်ပြောဆိုကြမှသာ အာဏာရှင်တို့၏ သဘော သဘာဝကို ပိုမိုနားလည်နိုင်မည်ဟု ယူဆကြသည်။

(၄)

တူနီးရှားနိုင်ငံ လက်ရှိ သမ္မတကြီးဖြစ်သူ မစ္စတာ အက်စ်ဘာစီ (BejiCaidEssebsi) သော်လည်းကောင်း၊ သူ၏ အစိုးရအရာရှိကြီးများသော်လည်းကောင်း ကော်မရှင်၏ ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ကြပါ။ သမ္မတကြီးမှာ ယခင် အာဏာရှင်လက်ထက်က အစိုးရအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။ တချို့ကလည်း ကော်မရှင်မှာ တစ်ဖက်သတ် ကျလွန်းသည်၊ နစ်နာသူများဘက်က ပါလွန်းသည်ဟု ဝေဖန်ကြပါသည်။

တူနီးရှားနိုင်ငံကဲ့သို့ တစ်နိုင်ငံလုံး အုံကြွတော်လှန်ပြီး လူအများ သေဆုံးကြရသော အဖြစ်အပျက်များက အစိုးရကို မိမိတို့၏ပေါ်လစီနှင့် တိုင်းပြည် အခြေအနေတို့ကို ပြန်လည် သုံးသပ်ရန် အခွင့်အရေးများ ပေးခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ်တွင်လည်း အတိတ်ကာလက ဘာတွေ မှားပြီး ဘယ်သို့ လမ်းမှားရောက်ကြရခြင်း အကြောင်းကို ပေါ်လစီရေးဆွဲသူ အာဏာပိုင်များက သိရှိနားလည် သဘောပေါက်ကြရန် လိုသည်။

ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အပြစ်ပေးရန်ထက် ဘာ့ကြောင့် မှားခဲ့ရသည်ဆိုခြင်းကို သိနားလည်ကြရပါမည်။ သို့မှသာ အနာဂတ်နိုင်ငံတော်တွင် မလိုလားအပ်သော ပေါ်လစီ အမှားများချမှတ်ခြင်းကို ရှောင်ရှားနိုင်ကြမည် ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Tunisia’s Truth- Telling Renews a Revolution’s Promise, Painfully, Carlotta Gall, New York Time, April 22 2017.

  • TAGS