News

POST TYPE

PERSPECTIVE

အသေးအဖွဲလေးတွေနဲ့ တိုင်ပတ်နေတဲ့ တိုင်းပြည်
10-May-2017 tagged as

ပြီးခဲ့တဲ့အပတ်က အမေ့အိမ်မှာ ရေမော်တာ သိပ်အလုပ် မလုပ်ဘူးဆိုလို့ သွားလုပ်ပေးရတယ်။ သွားလုပ်ပေးရတယ်ဆိုတာ ရေမော်တာ ဆရာခေါ်၊ ရေမော်တာစစ်၊ အမေနေတဲ့ အပေါ်လေးထပ်နဲ့ ရေမော်တာရှိတဲ့ အောက်ထပ် လှေကားခွင် အပြန်အလှန် အော် ပြော၊ မော်တာဖြုတ်၊ ပြန်တပ်၊ တစ်နေ့လုံး တိုင်ပတ်သွားတယ်။ ပြီးခဲ့တဲ့လကလည်း စာရေးသူနေတဲ့အိမ်မှာ အသစ်လဲထားတဲ့ ဘိုထိုင် အိမ်သာ ရေအကျနည်းနေတာနဲ့ ဘိုင်ထိုင်အိမ်သာ ကျွမ်းကျင်သူတွေခေါ်၊ ရေဆင်းတွေ စစ်၊ ရေပိုက်တွေ စစ်၊ နောက်ဆုံး အိမ်နောက်ဘက်မှာ သွယ်ထားတဲ့ ပိုက်လိုင်းကနေ လေပေါက်ထုတ်ရင် ရေဆွဲအား ပိုကောင်းမယ် ဆိုတဲ့အဖြေ ထွက်တယ်။ နောက်ဖေး ပြတင်းပေါက်တွေကို သံတိုင်တွေနဲ့ အသေပိတ်ထားတာမို့ အလွယ်တကူ တိုက်နောက်ဘက် ထွက်ဖို့ဆိုတာက မလွယ်လှဘူး။ ဒီလိုနဲ့ တစ်ပတ်လုံးနီးပါး တိုင်ပတ်သွားတယ်။ ဒါတောင် စာရေးသူရော၊ အမေရော ရန်ကုန်မြို့ထဲမှာ နေကြတာနော်။

ဒီလိုပါပဲဗျာ။ ရန်ကုန်မှာဆို ကန်ထရိုက် တိုက်တွေက များသောအားဖြင့် ၈ ထပ်လောက် အမြင့်ရှိတယ်။ အချို့လည်း ၆ ထပ်ပေါ့။ အမြင့်မှာ နေတဲ့သူတွေဆို တစ်နေ့၊ တစ်နေ့ အပေါ်နဲ့အောက် အတက် အဆင်း လုပ်ရတာနဲ့တင် သူတို့အင်အားတွေ ကုန်ဆုံးနေပြီ။ အလုပ်သွားချိန် မနက်ဆိုလည်း အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေ၊ အထွေထွေ လုပ်သားတွေဟာ အင်မတန် ဆိုးရွားတဲ့ အများသုံး ဝန်ဆောင်မှု ဘတ်စ်ကားတွေကို အသုံးပြုကြရတယ်။ ကားထဲမှာ လူတွေ ကျပ်တယ်။ ခါးပိုက်နှိုက်တွေကို သတိထားရတယ်။ အမျိုးသမီးတွေ အစော်ကားခံရတာ ရှိတယ်။ ကားဆရာတွေ အမောင်းကြမ်းတယ်။ ရန်ကုန်မှာ လူ့ဂုဏ်သိက္ခာ ဆိုတာ ဘတ်စ်ကားတွေထဲမှာတင် ပျောက်ဆုံးနေပြီ။ ဒီလို လူနေမှု အဆင့်အတန်း ဆိုးရွားနိမ့်ကျမှုဟာ ခေတ်အဆက်ဆက် အပြောင်းအလဲ မရှိလှဘူး။ စစ်အစိုးရလက်ထက်ကနေ အခု NLD အစိုးရလက်ထက်အထိ မီးကိစ္စ၊ ရေကိစ္စ၊ ဘတ်စ်ကားကိစ္စအထိ ထင်ရှားသိသာတဲ့ အပြောင်းအလဲ မရှိလှသေးဘူး။

ဆိုချင်တာ ဒီနိုင်ငံက လူအတော်များများဟာ အသေးအဖွဲ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့တင် အချိန် ကုန်နေတယ်။ တိုင်ပတ်နေတယ်။ အင်အားတွေ အသုံးပြုနေရတယ်။ ရေကိစ္စ၊ မီးကိစ္စ၊ ဘတ်စ်ကားစနစ်တွေဆိုတာ တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲသွားရမယ်။ အခုဟာက အချိန်က ယူလွန်းနေတယ်။ တစ်ဦးချင်း ရေတင်တဲ့စနစ်ကနေ အများသုံး ထိန်းချုပ်တဲ့စနစ် ဖြစ်လာရမယ်။ အများပြည်သူ လက်လှမ်းမီတဲ့ ဓာတ်လှေကားပါတဲ့ အထပ်မြင့်အိမ်ရာ အဆောက်အအုံတွေ ဖြစ်လာရမယ်။ အရည်အသွေး ကောင်းမွန်တဲ့ အများပြည်သူ အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး စနစ်အဖြစ် ပြောင်းလဲနိုင်ရမယ်။ ခေတ်တွေ၊ စနစ်တွေသာ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတယ်။ ထူးထူးခြားခြား ပြောင်းလဲသွားတယ်ဆိုတာ မရှိလှဘူး။ ဒီတော့ လူတွေက အစိုးရက လုပ်ဆောင်နေပါတယ် ဆိုသည့်တိုင် အယုံအကြည် နည်းပါးကြတယ်။ လူတွေရဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကလည်း မပြောင်းလဲဘူး။ 

တိုးတက်တဲ့ တိုင်းပြည်တွေမှာ၊ နိုင်ငံခြားမှာ၊ ဒီလို တစ်အိမ်ချင်း ရေတင်တာ၊ မီးပျက်တာ၊ အထပ်မြင့်တွေကို လှေကားနဲ့ တက်တာ၊ ဘတ်စ်ကားစနစ်တွေ စုတ်ပြတ်၊ ကျပ်သိပ်တာ မရှိလှဘူး။ ရှိလည်း ခဏပဲ။ စက်ချို့ယွင်းသွားလို့၊ ဝန်ထမ်းတွေ သပိတ်မှောက်လို့၊ အချို့ ရုံးချိန်အတွင်းလောက် ကား၊ ရထား ကျပ်တာမျိုး ရှိတယ်။ စာရေးသူ နိုင်ငံခြားတိုင်းပြည် အတော်များများမှာ ရောက်ရှိ၊ နေထိုင်ခဲ့ဖူးတယ်။ အရှေ့မှာလည်း နေဖူးသလို အနောက်မှာလည်း နေဖူးတယ်။ အဆောင်တွေ၊ တည်းခိုရိပ်သာတွေမှာ နေဖူးသလို လူနေအိမ်တွေမှာလည်း နေထိုင်ခဲ့ဖူးတယ်။ သူတို့ဆီမှာ တစ်အိမ်ချင်း ရေတင်တာတို့၊ မီးပြတ်တာတို့၊ ၇ ထပ်၊ ၈ ထပ်လောက်ကို ခြေလျင်တက်တာတို့ မကြုံခဲ့ဖူးဘူး။ ကားတွေ၊ ရထားတွေဆိုလည်း အချိန် အများစုက ချောင်ချောင်ချိချိပဲ။ တစ်ဦးချင်း ရေတင်စရာ မလိုဘူး။ ဘယ်အချိန်ဖွင့်ဖွင့် ရေလာတယ်။ မီးအချိန်မရွေး ရတယ်။ ကား၊ ရထား စနစ်ကျပြီး ကောင်းမွန်တယ်။ အထပ်မြင့်တိုက်တွေမှာ ဓာတ်လှေကားတွေ ရှိတယ်။ ဒီမှာလို အရာအားလုံးကို ခေါင်းထဲထည့်ပြီး နေ့စဉ် ရေတင်ရတာ၊ မီးလာတုန်း လုပ်စရာရှိတာ လုပ်ရတာ၊ မောမောပန်းပန်း ရုံးက ပြန်လာ၊ တိုက်လှေကားမှာ နား၊ နားပြီး တက်ရတာမျိုးတွေ မရှိဘူး။ ဘတ်စ်ကားထဲမှာ အဆူအငေါက်ခံရတယ်၊ အတွန်း အထိုးခံရတယ်ဆိုတာ ကြားတောင် မကြားဖူးခဲ့ဘူး။ ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာ ပြောင်းလဲတိုးတက်လာတဲ့ လူနေမှု အဆင့်အတန်းနဲ့အညီ ပြည်သူလူထုဟာ သူတို့ရဲ့ အတွေးအခေါ် အပြုအမူတွေပါ လိုက်လံတိုးတက် ပြောင်းလဲလာပြီး မြန်မာနိုင်ငံက ပြည်သူတွေလို အသေးအဖွဲ ကိစ္စတွေမှာ တိုင်ပတ်မနေဘူး။

နေ့စဉ် အသေးအဖွဲ ကိစ္စတွေကနေ နိုင်ငံရေးဆီ သွားမယ်။ နိုင်ငံရေးဆိုတာ အင်မတန် ကြီးမားကျယ်ပြန့်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆို လူတွေက ရခိုင်အရေးကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ ရွေးကောက်ပွဲလို ကိစ္စတွေကို မြင်တတ်ကြတယ်။ တစ်နိုင်ငံလုံး လွှမ်းခြုံ သက်ရောက်မှု ရှိစေတဲ့ ကိစ္စမျိုးတွေပေါ့ဗျာ။ သို့သော် ဒီနေ့ ဒီမှာ ဖြစ်နေတဲ့ကိစ္စတွေက တံတား အမည်ပေးတဲ့ ကိစ္စတို့၊ လွှတ်တော်အမတ်က ပါးရိုက်တာတို့၊ မြန်မာ့ပထမဆုံး အပြာကားကိစ္စတို့၊ ဒါမျိုးတွေ ရှိတယ်။ တံတားတစ်စင်း အမည်ပေးတာဗျာ။ ပြည်နယ် အစိုးရလောက်က ဆုံးဖြတ်ရမယ့်ကိစ္စကို အဲဒါ နောက်ဆုံး ဒေသခံပြည်သူတွေက ဆန္ဒပြတာတွေပါဖြစ်၊ သတင်းမီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်တယ်။ မြန်မာတွေကတော့ ထားပါတော့လေ။ တစ်ခုခုဆို ငြင်းခုံ၊ ရန်ဖြစ်နေကျဆိုတော့ မဆန်းတော့ဘူး။ နိုင်ငံခြားသားတွေကျတော့ အံ့အားသင့်တာပေါ့။ ဒီတံတားကိစ္စလေးကို ပြည်ထောင်စု အစိုးရကလည်းပါ၊ နိုင်ငံရေးပါတီတွေကလည်းပါ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကလည်းပါ၊ နောက်ဆုံး တံတားအမည်ကိစ္စကို နိုင်ငံတကာဆီအထိတောင် စာတွေ ပေးပို့လိုက်သေးတယ်။ တံတားအမည်နဲ့တင် တိုင်ပတ်နေတဲ့ တိုင်းပြည်ပါလားပေါ့။ 

လွှတ်တော်အမတ် ပါးရိုက်တာလည်း ဒီလိုပဲ။ တနင်္သာရီ တိုင်းဒေသကြီးဘက်မှာ ဖြစ်တယ်ပြောတယ်။ ဒီမှာက အဲဒါကလည်း သတင်းကြီးတစ်ပုဒ်ပဲ။ အဲဒီသတင်းက တော်တော်နဲ့ မပြီးနိုင်ဘူး။ မီဒီယာတွေမှာ ဝေဖန်ပြောဆိုသံတွေ ဆူညံနေတယ်။ ရွေးကောက်ခံ နိုင်ငံရေးသမားက ပြည်သူကို စော်ကားတာဖြစ်လို့ ထူးခြားတဲ့သတင်း ဆိုနိုင်ပေမယ့် မြန်မာတွေရဲ့ သဘာဝပေါ့။ ပြောဆိုဝေဖန်နေတာ မပြီးနိုင်ဘူး။ အခု ဒီမှာ မြန်မာစကား တတ်တဲ့ နိုင်ငံခြားသားတွေ အများကြီး ရှိတယ်။ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ မြန်မာစာသင်နေတဲ့ နိုင်ငံတကာ ကျောင်းသားတွေ နှစ်စဉ် ရာနဲ့ချီပြီး ရှိတယ်။ မြန်မာမီဒီယာတွေမှာ ရေးသားနေတာ၊ ဖြစ်နေတာတွေ အကုန်သိကြတယ်။ ကွန်မန့်တွေ ဝင်ဖတ်တယ်။ ကွန်မန့်တွေက အတိုတွေ များတယ်။ ဒီတော့ မြန်မာ ဘာသာစကား သင်စ နိုင်ငံခြားသားတွေအဖို့ ဘာသာပြန် သတင်းဖတ်ရတာ လွယ်တယ်။ မြန်မာဆိုရှယ်မီဒီယာတွေက ကွန်မန့်တွေ လိုက်ဖတ်ရင်း ဆဲနည်းမျိုးစုံ တတ်သွားတဲ့ နိုင်ငံခြားသားတွေ ရှိလာနေပြီ။ စာရေးသူကိုတောင် မိတ်ဆွေ နိုင်ငံခြားသားတစ်ယောက်က ဘောမဆိုတာ ဘာလဲတဲ့။ ရော် ... ခက်ချေပြီ။

နောက် ပြောစရာ ရှိသေးတယ်။ ဟုတ်တယ်။ အပြာကားကိစ္စဗျာ။ အခုလူပြောများနေတဲ့ မြန်မာ့ပထမဆုံး အပြာရုပ်ရှင်ကား ကိစ္စ၊ နာမည်က ခရမ်းပြာဆိုလား။ အပြာကားများဗျာ။ ရေးကြီးခွင်ကျယ် လုပ်လို့။ ဒီနေ့ခေတ် ချာတိတ်တွေ အကုန်သိတယ်။ အကုန် ကြည့်ဖူးကြတယ်။ တက္ကသိုလ်ကျောင်းသူတွေဆိုပြီး လျှော့မတွက်နဲ့။ သူတို့ကတောင် ကိုယ့်ကို ပြန်ညွှန်းနေသေးတယ်။ သေဦးမယ်။ ကျားကို လာပြီး အမြီးဆွဲနေတယ်။ အင်တာနက်မှာ ဆိုတာဗျာ၊ အကုန်ကြည့်လို့ ရတယ်။ မြန်မာနိုင်ငံထဲမှာတင် ခိုးရိုက်ထားတယ်ဆိုတဲ့ ဟိုတယ်တွေမှာ၊ ပန်းခြံထဲမှာ၊ အိမ်သာထဲမှာ၊ ကားထဲမှာ ချောင်းရိုက်ထားတဲ့ ဇာတ်လမ်း အတိုလေးတွေ အများကြီး ရှိပါတယ်၊ ချစ်သူချင်း အဆင်မပြေလို့ အဆင်ပြေတုန်းက အတူနေခဲ့တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ဆိုတာလည်း အင်တာနက်မှာ ရှာတတ်ရင် အားလုံး အခမဲ့ပါခင်ဗျာ။ အခုဆို အဲဒီ မြန်မာ့ပထမဆုံး အပြာဇာတ်ကား ထုတ်လုပ်သူတွေကို ရှာဖွေရတာနဲ့၊ ဗိုက်ဘာတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ရတာနဲ့၊ စုံစမ်းစစ်ဆေးနေတာနဲ့၊ သက်ဆိုင်ရာ အဖွဲ့အစည်းဝတ်စုံကို စော်ကားတယ်ဆိုပြီး ကန့်ကွက်မယ် ဆိုတာနဲ့ တိုင်ပတ်နေတော့တယ်။

ဒီနိုင်ငံမှာက ဘာလုပ်လုပ် နိုင်ငံရေး ပါတယ်။ အသေးအဖွဲကနေ အကြီးအမား ဖြစ်လာတတ်တယ်။ ဒါလေးများ ဆိုပေမယ့် ဒါလေးများက ဒါကြီးများ ဖြစ်လာတာလေ။ နိုင်ငံခြားသားတွေ အမြင်မှာ တံတားလေး တစ်စင်းဆိုပေမယ့် တိုင်းရင်းသားတွေ အမြင်မှာ ဒါ ဗမာလူမျိုးကြီးဝါဒလေ။ တစ်နိုင်ငံလုံး ဗိုလ်ချုပ်အောင်ဆန်းရုပ်တု လိုက်စိုက်ပြီး ရှိသမျှ နေရာတွေကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးချင်တဲ့ ခပ်ချောင်ချောင် နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေဆိုတာ ရှိနေတယ်။ ဒီတော့ ဗိုလ်ချုပ်ကို မကြိုက်လို့တော့ မဟုတ်ဘူး။ ကာလို့ရတဲ့နေရာတွေက ကြိုကာ ထားတာပေါ့။ ပါးရိုက်တယ် ဆိုတဲ့ကိစ္စကလည်း အသေးအဖွဲပါ ဆိုပေမယ့် အခုက ပြည်သူက ရွေးချယ်တင်မြှောက်ထားပါတယ်ဆိုတဲ့ အမတ်မင်းက အရင် စစ်အစိုးရအရာရှိ တစ်ယောက်ပုံစံမျိုး ချိုးတာလေ။ အဲဒီလိုဖြစ်ပြီး NLD ကို လူတွေက ဝေဖန်ကြတော့ ဆိုရှယ်မီဒီယာတွေမှာ တပ်ထဲမှာ အချင်းချင်း အပြန်အလှန် ရိုက်နှက် ဆုံးမနေတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လာတယ်။ တနင်္သာရီမှာ ဒီလောက် ပါးရိုက်တာလောက် လာမပြောနဲ့။ တပ်ထဲမှာ ဘယ်လောက် ကြမ်းတမ်းသလဲ။ ကြည့်ကြဆိုတဲ့ သဘောပေါ့။ တပ်က တပ်ပဲလေ။ ဒါကြောင့်လည်း စစ်အစိုးရကာလမှာ အရပ်ဘက် ရောက်လာတဲ့ တပ်အရာရှိအချို့ အမှားအယွင်းတွေလုပ်ပြီး ပြည်သူအပေါ် မောက်မာခဲ့လို့ တပ်ရဲ့ ဂုဏ်သတင်းဟာ ပြည်သူတွေ အတွင်းမှာ ကျဆင်းခဲ့ရတာပေါ့။ ဒီလို စစ်အစိုးရအပေါ် အမြင်မကြည်မှုတွေကြောင့်လည်း စစ်အစိုးရ လက်ဝေခံလို့ လူအများက ထင်မြင်တဲ့ ဦးသိန်းစိန်အစိုးရ ၂၀၁၅ မှာ မဲမနိုင်တာပေါ့။ ဒါမဆန်းဘူး။ ဆန်းတာက ပြည်သူရွေးချယ်ထားတဲ့ NLD အမတ်က ပြည်သူတစ်ယောက်ကို ကိုယ်ထိလက်ရောက် ဖြစ်သွားတာတော့ ဆန်းတယ်လေ။ NLD က အထက်တန်း တာဝန်ရှိသူ တစ်ဦးကတောင် ဒါ (ဒီလို ပါးရိုက်တာ) ဒီလောက် ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူးဆိုလို့ ဝိုင်းပြီး အဝေဖန်ခံရတယ်။ NLD အတွက် မကြီးကျယ်ပေမယ့် ပြည်သူတွေ အတွက်တော့ ကြီးကျယ်တယ်ဗျာ။ 

အပြာကားကိစ္စလည်း အသေးအဖွဲပါ ဆိုပေမယ့် ဒီနိုင်ငံမှာက တရား ဥပဒေ စိုးမိုးရေးက အားနည်းတော့ ဒီထက်ဆိုးဝါးလာမှာ လူတွေက စိုးရိမ်ကြတယ်။ အခု သူနာပြုဝတ်စုံနဲ့ အပြာကား ရိုက်တယ်ဆိုရင် နောက် ဝတ်စုံအမျိုးမျိုးနဲ့ ရိုက်ကူးလာနိုင်တယ်။ အွန်လိုင်း ငွေချေစနစ်တွေအရဆို အပြာရုပ်ရှင် လောကဟာ အချိန်မရွေး ကြီးထွားလာနိုင်တယ်။ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ အခုဆို လူအတော်များများက နိုင်ငံရေးကို ပိုပြီး စိတ်ပျက်လာနေကြတယ်။ အနီနဲ့အစိမ်းတွေကို စိတ် ကုန်လာနေတယ်ပေါ့။ အနီဆိုတာ NLD ဖြစ်ပြီး အစိမ်းဆိုတာ USDP ဖြစ်ပါတယ်။ တော်ကြာ လူတွေက အနီလည်း မကောင်းဘူး၊ အစိမ်းလည်း မကောင်းဘူး၊ အပြာပဲ ကောင်းတယ်ဆိုရင်တော့ဖြင့် ဒီတိုင်းပြည် မုဒိမ်းမှုတွေနဲ့ တိုင်ပတ်နေဦးတော့မယ်။

အောင်အောင် (IR)

  • TAGS