News

POST TYPE

PERSPECTIVE

လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါများ ဆက်စပ်မှုကို ဖော်ထုတ်တွေ့ရှိ

လန်ဒန်၊ မေ ၆

လေထုညစ်ညမ်းရာတွင် ပါဝင်သည့် အလွန်သေးငယ်သော အမှုန်များသည် အဆုတ်ထဲရှိ ကာကွယ်ပေးထားသော အမျှင်များကို ထွင်းဖောက်ကာ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်သော သတ္တိရှိကြောင်း သိပ္ပံပညာရှင်များက နောက်ဆုံး တွေ့ရှိချက်အဖြစ် သတိပေးလိုက်သည်ဟု BBC သတင်းက ဖော်ပြ ထားသည်။

အဆိုပါ အမှုန်များသည် သွေးကြောများထဲသို့ ရောက်ရှိနိုင်ပြီး နှလုံးနှင့်ဆက်စပ်ရောဂါများ ရရှိနိုင်ခြေကို မြင့်စေသည်ဟု သုတေသန သမားများက သတိပေး ပြောကြားထားသည်။ 

အလွန်သေးငယ်သော ရွှေမှုန်လေးများဖြင့် စမ်းသပ်ကြည့်ရာတွင် လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါများ ဆက်စပ်နေမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဗြိတိန် တစ်နိုင်ငံတည်းမှာပင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူလေးသောင်းခန့် သေဆုံးနေရသည်ဟု ခန့်မှန်းဖော်ပြထားသည်။

လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကို တိုက်ရိုက် ထိခိုက်နိုင်သည်ကို သက်သေပြထားသော လေ့လာချက်များစွာ အခိုင်အမာ ထွက်ရှိပြီးဖြစ်သည်။

သို့သော် လေထုညစ်ညမ်းမှုသည် နှလုံးရောဂါများနှင့် မည်သို့ ဆက်စပ်ကြောင်းကိုမူ ပြည့်ဝစွာ နားလည်သဘော ပေါက်ခဲ့ခြင်းတော့ ယခင်က မရှိခဲ့ပေ။

နာနိုအဆင့် အမှုန်များဟု ခေါ်သော အလွန်သေးငယ်သည့် အမှုန်လေးများသည် နှာခေါင်းနှင့် အဆုတ်များ အတွင်းရှိ ခန္ဓာကိုယ်၏ အကာအရံ စစ်ထုတ်မှု စနစ်ကို ဖောက်ထွင်း ဝင်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။

ဒီဇယ်မီးခိုးများတွင် တွေ့ရသော ညစ်ညမ်းအမှုန်များနှင့် အရွယ်အစားတူ ရွှေမှုန်များသည် သွေးကြောများထဲအထိ ဖောက်ဝင်နိုင်ကြောင်းကို အီဒင်ဘာ့ဂ် တက္ကသိုလ်နှင့် နယ်သာလန် တက္ကသိုလ်များ ပူးပေါင်း ပြုလုပ်သော သုတေသနအဖွဲ့များက သက်သေပြနိုင်ခဲ့ကြသည်။

သိပ္ပံပညာရှင်များသည် ရွှေမှုန်လေးများ ပါဝင်နေသော လေကို ကျန်းမာသော စေတနာ့ဝန်ထမ်း ၁၄ ဦးကို ရှူရှိုက်စေခဲ့ကာ ၂ နာရီကြာ စူးစမ်း လေ့လာခဲ့သည်။

တစ်ရက်အကြာတွင် အဆိုပါ ရွှေ နာနိုအမှုန်များသည် သွေးကြောစနစ်ထဲသို့ ရောက်ရှိနေသည်ကို ခြေရာခံ သိရှိခဲ့သည်။

F-02