News

POST TYPE

PERSPECTIVE

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေး ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းစမည်
28-Apr-2017 tagged as နိုင်ငံရေး

ရန်ကုန်၊ ဧပြီ ၂၈

ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာများတွင် နိုင်ငံခြားပိုင်ဂြိုဟ်တုကိုသာ ငှားရမ်းအသုံးပြုနေရသော မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းစတင်မည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၌ ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်စဉ် ဒုတိယသမ္မတက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ် တွက်ချက်ကာ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ဆိုသည်။

နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရန်အတွက် လိုအပ်လျှင် မြန်မာနိုင်ငံ အာကာသအေဂျင်စီတစ်ရပ် ဖွဲ့စည်းတည်ထောင်ရန် လမ်းညွှန်သွားမည်ဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောဆိုသည်။

နည်းပညာနှင့် လုံခြုံရေး အားကောင်းသည့် ဂြိုဟ်တုနှင့် ချိတ်ဆက်လုပ်ဆောင်ပါက အကျိုးများစွာ ရရှိမည်ဖြစ်ပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်လည်း ကြိုးပမ်းမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဂြိုဟ်တုစနစ်ကို အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ရေးနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုအတွက် ၁၉၇၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး ယနေ့အထိ နိုင်ငံခြားပိုင် ဂြိုဟ်တုများကိုသာ ငှားရမ်းသုံးစွဲနေရကြောင်း နိုင်ငံတော်သမ္မတရုံး မှတ်တမ်းများအရ သိရသည်။

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ဦးသိန်းစိန် အစိုးရလက်ထက်က ကော်မတီများ ဖွဲ့စည်း၍ ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့ပေ။ အိမ်နီးချင်း လာအိုနိုင်ငံသည် တရုတ်နှင့် ပူးပေါင်းကာ ပထမဆုံးဂြိုဟ်တုကို ၂၀၁၅ ခုနှစ်အတွင်း လွှတ်တင်နိုင်ခဲ့သည်။