News

POST TYPE

PERSPECTIVE

နှစ်သစ်ကူး အထူးလက်ဆောင်မွန်
20-Apr-2017 tagged as

မြန်မာတို့ အထွတ်အမြတ်ထားတဲ့ မြန်မာနှစ်သစ်ဦး အထူး မင်္ဂလာရှိတဲ့ အခါသမယမှာ ဒီဆောင်းပါးလေးကိုလည်း အထူး စေတနာထားပြီး အထူး လက်ဆောင်မွန်အနေနဲ့ ရေးမိပါတယ်။

အားလုံးက လိုချင်ကြလိမ့်မယ်လို့ မမျှော်လင့်ကောင်းပေမယ့် အားလုံးအတွက် အထူး အသင့်တော်ဆုံး ဖြစ်တာမို့ ပေးဝေငှလိုက်ရခြင်းပါ။

မြန်မာ့လူ့အဖွဲ့အစည်းသစ်ကို အရေးတကြီး တည်ဆောက် ပြုပြင်နေကြတဲ့ အချိန်အခါ မဟုတ်လား။ ခဲရာခဲဆစ်နဲ့လည်း ထုဆစ်တည်ဆောက်ဖို့ ကြိုးပမ်းနေကြရတယ် မဟုတ်လား။ ရှေ့ကို မျှော်ကြည့်လိုက်ပြန်တော့လည်း မျှော်လင့်ချက်က မပီ့တပီ ဝိုးတဝါးရယ် မဟုတ်လား။ နည်းကောင်း လမ်းမှန်တွေကိုလည်း စမ်းတဝါးဝါး အားထုတ် ရှာဖွေနေကြရတယ် မဟုတ်လား။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှု အပါအဝင် ကဏ္ဍအားလုံးမှာ တခြား လူ့အဖွဲ့အစည်းများထက် မသာဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ နောက်ကျမကျန်ခဲ့ဖို့၊ တန်းတူအဆင့်မှာ ပခုံးချင်း ယှဉ်နိုင်ဖို့အတွက် မဖြစ်မနေ ကျားကုတ်ကျားခဲ တည်ဆောက်ကြရမယ် မဟုတ်လား။

ဒီတော့ အထိရောက်ဆုံးဖြစ်တဲ့ နည်းလမ်းတွေ ရှာဖွေပြီးတော့ မီးကုန် ယမ်းကုန် အားထုတ်ကြရမယ် မဟုတ်လား။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေ ရှာဖွေတဲ့ နေရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ် မဟုတ်လား။ အားလျော့စရာ မဟုတ်ပေမယ့် သိထားဖို့လည် မဖြစ်မနေလိုအပ်တဲ့ အရေး အလွန်ကြီးလှတဲ့ အချက်တစ်ချက်ကတော့ ဘယ်လိုပဲ ကြိုးစားအားထုတ်ကြပါစေ နှစ်အနည်းငယ်အတွင်း ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခု နှစ်ခုလောက်အတွင်း အနည်းဆုံး ကိုယ့်အနီးအနားက လူလူသူသူ ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ တန်းတူဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။ အဓိက အကြောင်းတရားကြီး နှစ်ခုကြောင့် အခုလို ပြောရခြင်း ဖြစ်ပါတယ်။ တစ်ခုကတော့ ကိုယ့်လူ့အဖွဲ့အစည်းက သူတို့နဲ့ နှိုင်းယှဉ်ဖို့ကို မလွယ်လောက်တဲ့ အခြေအနေအထိ ယိမ်းယိုင်ပျက်စီးနေပြီးတော့ အခုအချိန်အထိလည်း ယိုယွင်းနေဆဲဖြစ်သလို၊ တိုးတက် ကောင်းမွန်ဖို့အတွက်လည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြသေးခြင်း ဖြစ်ပါတယ်။

နောက်အကြောင်း တစ်ခုကတော့ အားလုံးသိတဲ့အတိုင်း သူတို့ လူ့အဖွဲ့အစည်းများက အရှိန်အဟုန်နဲ့ တောက်လျှောက် တိုးတက်ဖွံ့ဖြိုး အောင်မြင်နေခြင်းပဲ ဖြစ်ပါတယ်။

စောစောက တင်ပြခဲ့သလိုပါပဲ။ အားငယ်အောင် စိတ်ဓာတ်ကျအောင် ပြောဆိုခြင်း မဟုတ်သလို အဲသလို ဖြစ်စရာလည်း လုံးဝ မလိုပါဘူး။ သို့သော် ပကတိ အရှိတရားကို သိမြင်တဲ့ ပကတိအမြင်နဲ့ အပြုသဘောကို ဦးတည်တဲ့ အကောင်းမြင်ဝါဒနှစ်ခုကို အချိုးကျကျ ပေါင်းစပ်အခြေခံပြီး လက်တွေ့ကျကျ ရုန်းကန်ကျမှသာ ရည်မှန်းချက်များဆိုတာ ပြည့်မြောက် အောင်မြင်နိုင်တာကြောင့် တင်ပြပြောဆိုရခြင်းပါ။

ဆောင်းပါး သိပ်ရှည်သွားမှာစိုးတာကြောင့် အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကိုပဲ ဥပမာပေးပြီး နည်းနည်းပါးပါးလောက် ပြောဆိုပါရစေ။ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့မတူဘဲ ကံအားလျော်စွာ ကိုလိုနီဘဝ မကျရောက်ခဲ့ဖူးတဲ့ တစ်ခုတည်းသော တိုင်းပြည်ပါ။ အားလုံး သိကြတဲ့အတိုင်း ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ ဥရောပသားတို့ရဲ့ ကိုလိုနီဝါဒ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့တာပါ။ ထိုင်းနိုင်ငံကို ဘာကြောင့် သိမ်းယူခြင်း မပြုခဲ့ရသလဲလို့မေးရင် အထူးသဖြင့် ဗြိတိသျှနဲ့ ပြင်သစ်လူမျိုးတို့က ထိုင်းဟာ ကိုလိုနီနယ်ချဲ့ အုပ်စုအားလုံးအတွက် ကြားခံနယ် (Neutral Territory) လို့ သတ်မှတ်ခဲ့ကြလို့ပါပဲ။ သူတို့ချင်းကြား ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ ကြားခံနယ်မြေအဖြစ် သတ်မှတ်ခဲ့ကြလို့ပါပဲ။

၁၉၃၂ ခုနှစ်မှာ အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ် (Absolute Monarchy) ကို အဆုံးသတ်ပြီးတော့လည်း ထိုင်းဟာ စစ်အုပ်ချုပ်ရေးနဲ့ နှစ်ပေါင်း ခြောက်ဆယ်လောက် ကြာအောင် နေခဲ့ရပါတယ်။ သို့သော် အဲဒီနောက်ပိုင်းမှာ (ကြိုးကြား) စစ်အာဏာသိမ်းမှုများ ရှိခဲ့သော်လည်း ဒီမိုကရေစီကို ကျင့်သုံးလာခဲ့နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်စေ ထိုင်းလူ့အဖွဲ့အစည်းဟာ မြန်မာနဲ့စာရင် အခြေအနေ ကောင်းတွေနဲ့ နေသားကျခဲ့တာ ကြာပြီလို့ဆိုရမှာပါ။

စီးပွားရေးကို ကြည့်ရင်လည်း ဈေးကွက်စီးပွားရေးအတွက် ထိပ်တန်းမဟာဗျူဟာ ချမှတ်ထားတာပါ။ ရင်းနှီးမြှုပ်နှံမှုကို အထူးတလည် ဖွံ့ဖြိုးစေတဲ့ မဟာဗျူဟာကောင်း ရှိပါတယ်။ ၁၉၅၀ လောက်ကတည်းက သူ့ရဲ့ တိုးတက်မှုနှုန်းက အံ့မခန်း ရှိခဲ့တာဖြစ်ပြီးတော့ ဆင်းရဲမွဲတေမှုကိုလည်း ထိထိရောက်ရောက်ပဲ တိုက်ဖျက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့အတူ ဘဝနေထိုင်မှု အဆင့်ကလည်း မြင့်မားပါတယ်။

ဒီနေရာမှာ ဆောင်းပါး ရည်ရွယ်ချက်နဲ့ သက်ဆိုင်တဲ့ကိစ္စကို အထူး တင်ပြလိုပါတယ်။ အဲသလို အခြေအနေကောင်းတွေ ရှိပေမယ့် ထိုင်းတို့မှာ တချို့ မပြည့်မစုံ ဖြစ်နေတဲ့ကိစ္စတွေက မြန်မာနိုင်ငံနဲ့ အတော်လေး ဆင်တူတယ်ဆိုတဲ့ အချက်ပါပဲ။ အရေးကြီးတဲ့ ကိစ္စတွေမှာပဲ လိုအပ်မှု ရှိနေတာပါ။ ပညာရေးစနစ်က မြန်မာနိုင်ငံထက် သာတယ်လို့ ပြောလို့ရပေမယ့် အားနည်းချက်တွေ များပါတယ်။

သဘာဝ ရင်းမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု အင်စတီကျူးရှင်းများ အားနည်းပါတယ်။ သဘာဝ ပတ်ဝန်းကျင် ပြဿနာတို့ နိုင်ငံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတာတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။ 

အခု နှစ်သစ်ဦး လက်ဆောင်မွန်ပေးဖို့ အချိန်ရောက်ပါပြီ။ ထိုင်း အပါအဝင် တိုးတက်နေတဲ့နိုင်ငံတွေ ဘာကြောင့် တိုးတက်နေကြသလဲ၊ ဘယ်လို ဖြတ်လမ်းက အမီလိုက်နိုင်မလဲဆိုတဲ့ အဓိက အကြောင်းရင်းကို တင်ပြပါတော့မယ်။ အဲဒါကတော့ စာဖတ်ခြင်း ဖြစ်ပါတယ်။

ထိုင်းလူမျိုးတွေ စာမဖတ်ကြဘူးဆိုတဲ့ သတင်းမျိုးတွေ ရှိနေပေမယ့် တကယ်တမ်း ဆာဗေးလုပ်ထားတဲ့ ဒေတာတွေ အရတော့ အဲသလို မဟုတ်ပါဘူး။ ၂၀၁၄ ကနေ ၂၀၁၅ အတွင်း ထိုင်းနိုင်ငံတစ်ဝန်းလုံးကို စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ ထိုင်း ထုတ်ဝေသူနဲ့ စာအုပ် အရောင်းဆိုင်များအသင်း၊ ချူလာကောင်ကွန် တက္ကသိုလ် လူမှုစီးပွားဌာနအတွက် တည်ထောင်ထားတဲ့ စီးပွားရေးနဲ့ သုတေသနဌာနတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ စစ်တမ်း ဖြစ်ပါတယ်။ စာဖတ်ခြင်း အလေ့အထ၊ စာအုပ် ဝယ်ယူခြင်းနဲ့ လူမှုကွန်ရက်ရဲ့ စာဖတ်ခြင်းအပေါ် ရိုက်ခတ်မှု စတာတွေကို တိတိကျကျ သိဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီစစ်တမ်းအရ ၈၈ ရာခိုင်နှုန်းသော ထိုင်းလူမျိုးတွေက စာဖတ်ကြတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ မျက်လုံး မကောင်းလို့ဖြစ်စေ၊ အချိန်မရလို့ဖြစ်စေ၊ စာဖတ်ဝါသနာ မပါလို့ဖြစ်စေ စာမဖတ်ဘူးလို့ ဖြေကြားသူ ၁၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။

The Nation သတင်းစာကြီးရဲ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်မှာ ထိုင်းလူမျိုးတွေဟာ ပျမ်းမျှတစ်ရက်ကို ၂၈ မိနစ် (နာရီဝက်နီးပါး) စာဖတ်ကြပါတယ်။ လူမှုကွန်ရက်နဲ့ အင်တာနက် သုံးတာထက် စာဖတ်ဖို့ ပိုအချိန်ပေးကြပါတယ်။ စာဖတ်ကြသူ ၉၀ ရာခိုင်နှုန်းက ပုံနှိပ်ထားတဲ့ စာအုပ်ကို ဖတ်ကြပြီးတော့ ၉ ရာခိုင်နှုန်းကျော်ကပဲ e-Book တွေ ဖတ်ကြပါတယ်။

နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် အခြေခံအကျဆုံး ရင်းမြစ်သည် စာဖတ်ခြင်းပါ။ စာဖတ်ခြင်းနဲ့ ပညာရေးစနစ် အားနည်းချက်ကို ကျော်လွှားနိုင်ပါတယ်။ စာဖတ်ခြင်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းချက်ကို ကျော်လွှားပြီး မိမိအသိနဲ့ မိမိကိုယ်ကိုမိမိ မိသားစုကို စောင့်ရှောက်နိုင်ပါတယ်။ စာဖတ်ခြင်းနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး အစရှိတဲ့ ပြဿနာတွေကို ထိန်းထေနိုင် ကျော်လွှားနိုင်ပါတယ်။ စာဖတ်ခြင်းအားဖြင့်သာ ပညာရှိများ ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတစ်ခုကို တည်ဆောက်ဖို့ ဆယ်စုနှစ်နဲ့ မရပါဘူး။ အဖွံ့ဖြိုး အတိုးတက်ဆုံးဆိုတဲ့ အမေရိကန်ပြည်ထောင်စုက ရာစုနှစ်တွေနဲ့ချီပြီး ဒီကနေ့ သူတို့ရဲ့ ထိပ်တန်းနိုင်ငံကို တည်ဆောက်ခဲ့ကြတာပါ။

အမေရိကန်တွေဆိုရင် ပုံနှိပ်စာအုပ်ဖတ်ရာက e-Book ဖတ်တဲ့ ဘက် တဖြည်းဖြည်း ပြောင်းသွားပေမယ့် စာအလွန်ဖတ်ကြတဲ့ လူမျိုးပါ။ စာဖတ်တဲ့ တိုင်းပြည်တိုင်း တိုးတက်ဖွံ့ဖြိုးနေတာ တွေ့ရပါတယ်။

စင်ကာပူနိုင်ငံက ရပ်ကွက်စာကြည့်တိုက်က ကျွန်တော်တို့ အမျိုးသား စာကြည့်တိုက်ထက် ပိုစည်ကားသလို ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေလည်း အမျိုးစုံလင်စွာ ရှိနေတာ တွေ့ရပါတယ်။ စင်ကာပူ ဘယ်လောက် တိုးတက်နေသလဲ အထူးပြောစရာ လိုမယ်မထင်တော့ပါ။

ဝမ်းနည်းစရာ ကောင်းတာကတော့ စာမဖတ်တဲ့ နိုင်ငံတိုင်း ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေလေ့ ရှိပြီးတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကလည်း စာဖတ်ခြင်းဓလေ့၊ စာဖတ်ဖို့ အခြေအနေ အခင်းအကျင်းတွေ ဘယ်လောက်အထိ ထိတ်လန့်တုန်လှုပ်ဖွယ် ကျဆင်းနေတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ သူတို့လို စစ်တမ်းကောင်းကောင်းတွေလည်း ဘယ်သူမှ လုပ်ရကောင်းမှန်းကို မသိကြသေးတာပါ။

စာဖတ်ခြင်းနဲ့ တခြားသော လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ကျော်လွှားပြီး ဖွံ့ဖြိုးတိုးတက်နိုင်သလို စာဖတ်ခြင်းနဲ့သာ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်များကို စုံလင်အောင် ဖြည့်ဆည်း တပ်ဆင် တည်ဆောက်နိုင်ပါတယ်။ 

ဆောင်းပါးရဲ့ ရည်ရွယ်ချက်၊ ပေးချင်တဲ့ လက်ဆောင်ကတော့ စာဖတ်ခြင်းဓလေ့သည်သာ တင့်တယ်သော၊ လူစဉ်မီသော၊ ရေရှည်အာမခံချက် ပြည့်ဝသော လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်ပါတယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးပါ။

စာဖတ်ခြင်းအပေါ် တန်ဖိုးထားမှု လျော့ကျနေရုံမက စာကောင်းပေမွန်များလည်း တစ်နေ့ထက်တခြား ရှားပါးလာနေပြီးတော့ အင်တာနက်နဲ့ လူမှုကွန်ရက်ရဲ့ လွှမ်းမိုးဝါးမျိုခြင်းကို ခံနေရခြင်းကနေ ရုန်းမထွက်နိုင်ဖြစ်နေတဲ့ ရောဂါဆိုးကြီးကို ကုစားကြဖို့ ခေါင်းလောင်းထိုးအပ်ပါတယ်။

တတ်စွမ်းသမျှ ဝိုင်းကြဝန်းကြမှသာ ရေရှည်မှာ လူစဉ်မီသော မြန်မာ့ လူ့ဘောင်ရယ်လို့ ဖြစ်ထွန်း တည်တံ့လာပါလိမ့်မယ်။ ဒီလိုမှ မလုပ်နိုင်ကြရင်တော့ဖြင့် ... ။ 

မင်းနွယ်

  • TAGS