News

POST TYPE

PERSPECTIVE

ပါတီသစ်နှင့် ပြန်လည်ရှင်သန်လာသော တပ်ပေါင်းစု နိုင်ငံရေး မျှော်လင့်ချက်
09-Apr-2017

ရွှေခေတ်

စာရေးသူအမြင်အရ မြန်မာ့ခေတ်သစ် နိုင်ငံရေးသမိုင်းတွင် ဖက်ဆစ်တော်လှန်ရေး မတိုင်မီနှင့် ပြီးခါစ ကာလငယ်လေး တစ်ခုကို “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး - ရွှေခေတ်”ဟု ဆိုချင်သည်။ ထိုစဉ်ကရှိခဲ့သော အဓိကနိုင်ငံရေး အင်အားစုသုံးခု (ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ တပ်မတော်) နှင့် စတင်ခဲ့သော “ဖဆပလ”အဖွဲ့ကြီးမှာ စစ်ကြီးပြီးသည်နှင့် ထင်ရှားသော တစ်သီးပုဂ္ဂလများ အပါအဝင် ပါတီအဖွဲ့အစည်း ၁၅ ခုအထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ပြည်ပအခြေစိုက် နိုင်ငံရေးပါတီများ သာမက တိုင်းရင်းသား အဖွဲ့အစည်းများကိုပါ စုစည်းနိုင်ခဲ့သည်။ ဖဆပလအဖွဲ့ကြီး၏ အဆိုပါ ညီညွတ်မှု အင်အားဖြင့်ပင် ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်။ တိုင်းပြည်ပြု ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ထို့ကြောင့် ဤကာလငယ်လေးကို “ရွှေခေတ်”ဟု စိတ်ထဲက စွဲနေသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ပါတီပေါင်း ၂၀ဝ ကျော် ထွက်ပေါ်လာခဲ့ရာ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” (NLD) မှာ အထူးခြားဆုံး ဖြစ်လိမ့်မည် ထင်ပါသည်။ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သုံးဦးကို ကိုယ်စားပြုသော အစုအဖွဲ့ သုံးခုနှင့် စတင်ခဲ့ရာ တစ်ခါက ဖဆပလ အဖွဲ့ကြီးကိုပင် အမှတ်ရစရာ ဖြစ်နေတော့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး အကြံပေးဟု သိထားသည့် ဦးထွေးမြင့် မကွယ်လွန်မီ 7 Day ဂျာနယ်နှင့် ပြုလုပ်ခဲ့သော နောက်ဆုံး အင်တာဗျူးတွင် “NLD ကို စတင်စဉ်က မိမိတို့ ရည်မှန်းချက်မှာ “ပါတီ”အဖြစ် တည်ဆောက်ဖို့မဟုတ်။ “တပ်ပေါင်းစု”အဖြစ် ပုံဖော်ဖို့ ဖြစ်သည်”ဟု ပြောခဲ့ဖူးသည်။ သို့နှင့်တိုင် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတို့သာ ပြီးသွားသည်။ တပ်ပေါင်းစု နိုင်ငံရေးကား ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်နေဆဲပင်။ ယခုဆိုလျှင် NLD မှာလည်း အာဏာရပါတီကြီး တစ်ခုပင်ဖြစ်နေချေပြီ။

ဤနေရာတွင် “ပါတီ၊ တပ်ဦး၊ တပ်ပေါင်းစု”စသော စုဖွဲ့ပုံများနှင့် ပတ်သက်ပြီး ဖဆပလ အဖွဲ့ကြီး၏ နိုင်ငံရေးခေါင်းဆောင် သခင်စိုးကြီး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို ကြားဖြတ်ရှင်းပြဖို့ လိုမည်ထင်သည်။ အဖွဲ့အစည်း တစ်ခုအနေနှင့် “အနာဂတ်လားရာအမြင်” (Vision) လည်း တူမည်။ (တစ်နည်း အမြင့်ဆုံး ရည်မှန်းချက်လည်း တူမည်) သတ်မှတ်ထားသော အချိန်ကာလ တစ်ခုနှင့်ဆိုင်သည်။ “မစ်ရှင်” (Mission) လည်းတူမည်။ (တစ်နည်း အနိမ့်ဆုံး ရည်မှန်းချက်လည်း တူမည်)၊ အဆိုပါ မစ်ရှင်ကို ဦးတည် အကောင်အထည် ဖော်ရမည့် “မဟာ ဗျူဟာ” (Strategy) လည်း တူမည်ဆိုလျှင် ယင်းအဖွဲ့အစည်းကို “ပါတီ” (Party) ဟု သတ်မှတ်သည်။ အနာဂတ် လားရာအမြင် (မစ်ရှင်) မတူသည့်တိုင် မစ်ရှင်နှင့် မဟာဗျူဟာ တူလျှင် အဆိုပါအဖွဲ့အစည်းကို “တပ်ဦး” (Fraternal Unity) ဟု သတ်မှတ်သည်။ (ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ကို တစ်ပါတီတည်း ပေါင်းစည်းရန် ပြင်ဆင်ခဲ့သော “တော်လှန်ရေးတပ်ဦး”မှာ ဤသဘောပင်ဖြစ်သည်။) “မစ်ရှင်”မတူ၊ “မစ်ရှင်”ချင်း တူသည့်တိုင် အဆိုပါမစ်ရှင်ကို အကောင်အထည် ဖော်ရမည့် “မဟာဗျူဟာ”ချင်းမတူလျှင်မူ “တပ်ပေါင်းစု” (Front) ဟု သတ်မှတ်သည်။ (မူလက ဖဆပလမှာ “တပ်ပေါင်းစုသဘော” ဖြစ်သော်လည်း “ပုဒ်မ ၆” ပေါ်ပြီးသောအခါတွင်မူ “တပ်ဦးသဘော” ဖြစ်သွားသည်။ “ပုဒ်မ ၆” ဆိုသည်မှာ ဖဆပလအတွင်း အကွဲအပြဲကို ပါတီ သတင်းစာများမှ မဝေဖန်ရဆိုသော ပြဋ္ဌာန်းချက်ဖြစ်သည်။)

မျှော်လင့်ချက်

ရှစ်ဆယ့်ရှစ်မျိုးဆက်အချို့ ဦးဆောင်ပြီး နိုင်ငံရေးပါတီသစ်တစ်ရပ် ထူထောင်တော့မည် ဆိုသောအခါ သဘောထားမျိုးစုံ လျှံကျလာသည်။ အချို့က ထောက်ခံ ကြိုဆိုကြသည်။ (မြန်မာ့နိုင်ငံရေးတွင် လစ်ဟာနေဆဲ ဖြစ်သော တူတူတန်တန် အတိုက်အခံ အခန်းကို ဖြည့်မည့်ပါတီဟု သူတို့က မြင်ကြဟန်ရှိသည်။) အချို့က ဝေဖန်ဆန့်ကျင်ကြသည်။  (NLD ပါတီ၏ “တပ်ဦး”ခန်းကို ဖြိုခွဲမည့် “တတိယပါတီ”ဟု သူတို့က စိုးရိမ်ဟန်ရှိသည်။) အချို့ကမူ သံသယဖြင့် ကြည့်မြင်ကြသည်။ (သူတို့ ကတော့ ပါတီတွေ များလွန်းလှပြီဟု စိတ်ပျက်လက်ပျက် ဆိုကြသည်။) နိုင်ငံရေးပါတီတွေ များလွန်းသည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့တစေ ဒါကလည်း သူ့အကြောင်းနှင့်သူ။ အဓိကအားဖြင့် အချက် နှစ်ချက်နှင့် ဆိုင်လိမ့်မည်ထင်သည်။ “ဒီမိုကရေစီအဆက်ပြတ်ခြင်း”နှင့် “ဒီမိုကရေစီ မရင့်ကျက်ခြင်း”... ။ နောက်ထပ် အရေးကြီးသည့် အချက်တစ်ခုမှာ

“မြန်မာ့နိုင်ငံရေးတွင် လက်ဝဲဩဇာနှင့် လက်ဝဲပါတီများသာ လွှမ်းမိုးခဲ့ဖူးရာ ယနေ့ အဓိကပါတီတိုင်းလိုလိုမှာ ဗဟိုချုပ်ကိုင်မှု လွန်ကဲနေခြင်း”ပင် ...။ ဒါကိုလည်း တော်တော်များများက စိတ်ပျက်နေဟန်ရှိသည်။

စာရေးသူ အနေနှင့်မူ ရှစ်ဆယ့်ရှစ်မျိုးဆက်များ ထောင်မှလွတ်ခါစ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်ကပင် “သူတို့တစ်တွေ အိမ်အပြန်”ဆိုသော ဆောင်းပါးကို ရေးခဲ့ပြီးဖြစ်သည်။ အမှောင်ကန့်လန့်ကာကြီးကို ဘဝနှင့်ရင်းပြီး ဆွဲဖွင့်ခဲ့ကြသော “တက်ကြွလှုပ်ရှားသူ” (Activist) အဖြစ်မှ “ပညာနှင့်ယှဉ်ပြီး နိုင်ငံရေး လုပ်သူများ” (ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားများ) အဖြစ်သို့ တက်လှမ်းကြဖို့ အချိန်တန်ပြီဟု ထင်သည်။ သို့အတွက် NLD မှာဖြစ်စေ၊ ပါတီသစ်တစ်ခု တည်ထောင်၍ဖြစ်စေ နိုင်ငံရေး လုပ်စေချင်သည်။ ဤသဘောကို ရည်ရွယ်၍ “နိုင်ငံရေးဆိုသည်မှာ အခြားသော လောကဓမ္မတာများ နည်းတူ နုရာမှ ရင့်လာကြရသည် မဟုတ်ပါလော ...”ဟု ရေးခဲ့ဖူးသည်။ သို့တိုင် သူတို့တစ်တွေမှာ သီးခြား ပါတီထူထောင်လိုစိတ်ရှိဟန် မတူပါ။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အလံအောက်မှ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ကြသေးသည် မဟုတ်ပါလား။ ဤအချက်နှင့်ပင် NLD ၏ တပ်ဦးခန်းကို ဖြိုခွဲဖို့ကြိုးပမ်းသော “တတိယပါတီ”မဟုတ်ကြောင်း ထင်ရှားပါသည်။

ပါတီသစ်အနေနှင့် “ပါတီ”ဆိုသော အထိုင်နှင့် စတင်ရပါလိမ့်မည်။ ၉၀ ရွေးကောက်ပွဲ အကြိုကာလကလို “ပါတီ”ကိုပင် အထက်စီး အကျောကြီးဖြင့် “တပ်ပေါင်းစု”အမည်ပေးသည်မျိုး မလုပ်သင့် (နိုင်ငံရေးဆိုသည်မှာ ရိုးသားရမည်။) ပြီးပျောက်ဆုံးနေသော တပ်ပေါင်းစုလမ်းကြောင်းကို မဖြစ်မနေ အကောင်အထည် ဖော်ရပါလိမ့်မည်။ (ဤသည်ပင်  ရှစ်ဆယ့်ရှစ်မျိုးဆက်၏ သမိုင်းပေးတာဝန်ဟု ထင်သည်။) ပထမဆုံး မိမိတို့ဖွဲ့စည်းမည့် တပ်ပေါင်းစုတွင် ပါဝင်ဖို့ NLD ကို ကမ်းလှမ်းသင့်သည်။ NLD ဘက်မှ လက်ခံလျှင် အားကောင်းသော တပ်ပေါင်းစု ဖြစ်လာလိမ့်မည်။ ငြင်းပယ်လိုက်လျှင် လွှတ်တော်တွင် အတိုက်အခံ ဖြစ်နေပြီး ဒီမိုကရေစီကို ဘက်စုံအောင် ကြိုးပမ်းရမည်။ ဖွဲ့ည်းမည့် တပ်ပေါင်းစု၏ အဓိက အဖွဲ့ဝင်များမှာ လူမျိုးစုပါတီများ ဖြစ်ရပါလိမ့်မည်။ လူမျိုးစု ပါတီများနှင့် ပြည်မပါတီများ တန်းတူရည်တူ စုစည်းထားသော “တပ်ပေါင်းစု” လမ်းကြောင်းဖြင့်သာ “ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံတော်” တည်ထောင်နိုင်ပါလိမ့်မည်။

ဖက်ဒရယ်သို့

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနေနှင့် မိမိတို့ပါတီမှာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသော “ပြည်ထောင်စုပါတီကြီး”ဟုဆိုသည်။ ဤအတွက် သက်ဆိုင်ရာ ပြည်နယ်အလိုက် ရွေးချယ်ထားသော သက်ဆိုင်ရာ လူမျိုးစု အမတ်လောင်းများနှင့် သက်သေပြသည်။ (ဥပမာ - မွန်ပြည်နယ်အတွက် မွန်အမတ်လောင်း NLD ပါတီဝင်) ပွင့်ပွင့်လင်းလင်း ဆိုရလျှင် NLD ၏ ဆိုခဲ့ပါပေါ်လစီကို စာရေးသူ ခံတွင်း မတွေ့လှပါ။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလည်း ဒါမျိုး လုပ်ဖူးသည်။ အရှေ့မြောက် ဗကပများလည်း ဒါမျိုးပင် ဖြစ်သည်။ အမှန်စင်စစ် ဤသည်မှာ (လွန်ရောကျွံရော) “ကိုယ်ပိုင် အုပ်ချုပ်ရေး”( Autonomy) မျှသာဖြစ်သည်။ တိုင်းရင်းသားများ လိုလားတောင်းဆိုနေကြသော “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Self- Determination) မဟုတ်။ နိုင်ငံရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စီးပွားရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ယဉ်ကျေးမှု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လုံးဝ (လုံးဝ) မဟုတ်။ တိုင်းရင်းသားများ လိုလားသော “လူမျိုးစု အမှတ်အသားသရုပ်”( Ethnic identity) ကို “ပုဂ္ဂိုလ်ရေး အမှတ်အသားသရုပ်” (Individual Identity) ဖြင့် အစားထိုးရုံမျှဖြင့် ပြေလည်မှု မရနိုင်ပါချေ။
 
အဆိုပါရွေးကောက်ပွဲမှာပင် NLD ဥက္ကဋ္ဌကိုယ်တိုင်က “USDP လည်း တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်တယ်။ ဒါ့ကြောင့် ကျွန်မတို့လည်း ပြိုင်တယ်”စသဖြင့် ပြောခဲ့ဖူးတယ်။ ဖြစ်သင့်သည်မှာ NLD ပါတီအနေနှင့် USDP ပါတီလုပ်တိုင်း လိုက်လုပ်ရမည်မဟုတ်။ တိုင်းပြည်ပြု ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ပြခဲ့သော တပ်ပေါင်းစုလမ်းကြောင်းနှင့် သွားသင့်သည်သာ ဖြစ်သည်။ ပြောရလျှင် “USDP လမ်းစဉ်နှင့် သွားမည်လော၊ ဗိုလ်ချုပ်လမ်းစဉ်နှင့် သွားမည် လော”ဆိုသည့် “မူ”ပိုင်းဆိုင်ရာ ရွေးချယ်မှုဖြစ်သည်။ ထို့ထက် တိုင်းရင်းသားအားလုံး လိုလားသော ဖက်ဒရယ်စနစ်၏ ရည်မှန်းချက်များထဲတွင် “ဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ ပြဿနာများကို ဒေသဆိုင်ရာ ပါတီများနှင့် ဒေသဆိုင်ရာ လူထုကိုယ်တိုင်က တာဝန်ယူ ဆောင်ရွက်ဖြေရှင်းရန်”ဆိုသော အချက်ပါသည်။ ဤသည်မှာ အရေးကြီးသော “နိုင်ငံရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”ပင်ဖြစ်သည်။ ဤသို့သော စစ်မှန်သည့် ဖက်ဒရယ်စနစ်မျိုးကို အာမခံဖို့ဆိုလျှင် လူမျိုးစုပါတီများနှင့် ပြည်မအခြေ စိုက်ပါတီများ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်ကြရမည့် “တပ်ပေါင်းစု”နှင့်မှ ဖြစ်ပါလိမ့်မည်။

နောက်ဆုံးအနေနှင့် စာရေးသူ၏ နိုင်ငံရေးနှင့်ပတ်သက်သော ရည်မှန်းချက်ကို အသိပေးလိုသည်။ ယခုဖွဲ့မည့်ပါတီသစ်တွင် စာရေးသူ ပါမည်လားဟု “ဖုန်း”နှင့်ရော လူကိုယ်တိုင်ပါ မေးမြန်းစုံစမ်းကြသည်များရှိသည်။ အမှန်တော့ အဆိုပါမေးခွန်းကို စာရေးသူ ဖြေစရာပင် မလိုတော့ပါ။ ဖြေခဲ့ပြီးလည်း ဖြစ်ပါသည်။ ရေးခဲ့ပြီးလည်း ဖြစ်ပါသည်။ သို့တစေ သေချာအောင် ထပ်ဖြေပါမည်။

၁။ စာရေးသူတွင် “မိမိအယူအဆကို ပါတီအယူအဆဖြစ်အောင် လုပ်နိုင်သော နိုင်ငံရေး အနုပညာမရှိပါ။ (ဒါကို အသက် ၄၀ လောက်မှ သိပါသည်။)
၂။ မိမိ မူလမိခင်ပါတီနှင့် သဘောထား မတိုက်ဆိုင်တိုင်း ပါတီတွေ ပြောင်းလဲ လုပ်ကိုင်ခဲ့ကြသည့် ရှေ့သွားဆရာကြီးများ ရှိပါသည်။ (ဥပမာ- သခင်တင်မြ၊ မောင်စူးစမ်း) သူတို့၏ သင်ခန်းစာများကို စာရေးသူ ကျကျနန ယူထားပါသည်။
၃။ ဆိုခဲ့ပါ နှစ်ချက်ကြောင့် မည်သည့်ပါတီမှ ပါဝင်ဆောင်ရွက်တော့မည် မဟုတ်ပါ။ သို့တစေ နိုင်ငံရေးနှင့် မကင်းနိုင်သေးသရွေ့တော့ ...၊ နိုင်ငံရေး စာပေများကို ဆက်လက် ရေးသားနေဦးမည်ဖြစ်ပါကြောင်း ...။

ကျော်ဝင်း
၎ ဧပြီ၊ ၂၀၁၇

  • VIA