News

POST TYPE

PERSPECTIVE

သြင်္ကန်ရေကစားခြင်းကို ထိုင်းနိုင်ငံသို့ပြောင်းရွှေ့လိုက်လေသလား
08-Apr-2017
၂၆.၃.၂၀၁၇ ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြချက်အရ ယခုနှစ် သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားမှု အရေအတွက်မှာ ၂၁ ခုသာရှိပြီး ၂၀၁၆ ခုနှစ်က သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ရန် အရေအတွက်မှာ ၃၀ဝ ကျော်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထုတ်ပြန်ချက်များအရ သိရသည်။ လျှောက်ထားမှုကို မတ်လ ၁ ရက်မှ ၂၅ ရက်အထိကို လက်ခံပေးခဲ့ပါသည်။ နောက်ဆုံးနေ့ရက်တွင် လျှောက်ထားခဲ့သည့် မဏ္ဍပ်အရေ အတွက်မှာ ၂၁ ခုသာရှိပြီး ၎င်းတွင် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်နှင့် ခရိုင်မဏ္ဍပ်လေးခု အပါအဝင်ဖြစ်ကြောင်း သတင်း ရရှိသည်။ ၎င်းမဏ္ဍပ်တွင် မဏ္ဍပ်ကြီး ၁၇ ခုနှင့် မဏ္ဍပ်အလတ် ၄ ခုသာ လာလျှောက်ခဲ့ပါသည်။

လျှောက်ထားသည့် မဏ္ဍပ်အရေအတွက် မည်မျှခွင့်ပြုမည်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည် စိစစ်မည်ဖြစ်ပြီး ဆောက်လုပ်ခွင့်ရရှိမည့် အရေအတွက်ကို ဧပြီလဆန်းတွင် ထုတ်ပြန်နိုင်ကြောင်း သတင်း ရရှိသည်။ ပြန်လည် စိစစ်မည်ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်က စိစစ်ပြီးသည်ကို ပြန်လည်စိစစ်သည်ဟု နားလည်ပါသည်။ ထိုအခါ မဏ္ဍပ် အရေအတွက်မှာ ၂၁ ခုထက်ပင် လျော့နည်းနိုင်သော အခြေအနေတွင်ရှိပါသည်။

သြင်္ကန်ပွဲတော်ကို အစိုးရက တင်းကျပ်လိုက်သောအခါ (စည်းကမ်းတကျ ဖြစ်အောင် တင်းကျပ်သည်ပဲဆိုဆို၊ မြန်မာ့ယဉ်ကျေးမှုအရ ထိန်းသိမ်းသည်ပဲဆိုဆို) မနှစ်က သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားသည်မှာ ၃၀ဝ ကျော် ရှိသော်လည်း ယခုနှစ် လျှောက်ထားသည်မှာ ၂၁ ခု (တိတိကျကျ ဆိုပါက အစိုးရမဏ္ဍပ် ၄ ခုကို နုတ်ပါက ၁၇ ခုသာ ရှိပါသည်)သာ ရှိပါသည်။ ထိုအခါ စာရေးသူ စဉ်းစားစေချင်သည်မှာ ကျန်မဏ္ဍပ် ၂၈၀ ကျော်က ဘယ်ရောက်သွားသနည်း။

မြန်မာနိုင်ငံ ပြက္ခဒိန်တွင် ၁၂ လရှိပြီး လတိုင်းတွင် ပွဲတော်များ ရှိပါသည်။ ပွဲတော်နှင့်အတူ ဈေးရောင်းပွဲများလည်း ရှေးယခင်ကတည်းက ရှိခဲ့ပါသည်။ ရှေးလူကြီးများက ပြည်သူများ စီးပွားရေး အဆင်ပြေစေရန် ပွဲတော်များနှင့် ဈေးရောင်းပွဲများကို ဖန်တီးခဲ့သည်ဟု ယူဆမိပါသည်။ နိုင်ငံတကာတွင် ပွဲတော်နှင့် ဈေးရောင်းပွဲတော်၊ ယခုအခါ ကုမ္ပဏီကြီးများလည်း ဈေးရောင်းပွဲတော်တွင် ပါဝင်ဆင်နွှဲပြီး ဝင်ငွေတိုးပွားအောင် လုပ်ဆောင်နေပါသည်။ နိုင်ငံခြား အစိုးရများကလည်း ပွဲတော်နှင့် ဈေးရောင်း ပွဲတော်များကို အားပေးပြီး နိုင်ငံ့စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နေပါသည်။

မြန်မာနိုင်ငံတွင် ၁၂ လ ရာသီပွဲတော်အနက် ပထမဦးဆုံးဖြစ်သော တန်ခူးလရာသီသည် မြန်မာနိုင်ငံ၏ နှစ်သစ်ကူး ရာသီဖြစ်သည်နှင့်အညီ မြန်မာဘတ်ဂျက်နှစ်၏ ပထမဆုံးလလည်း ဖြစ်ပါသည်။ ၎င်းဘတ်ဂျက်နှစ် ပထမလတွင် သြင်္ကန်စီးပွားရေး ငွေလုံးငွေရင်း လည်ပတ်မှု ကြီးမားစွာဖြင့် စီးပွားရေး တိုးတက်မှုကို အခြေခံကောင်း အနေနှင့် အစပျိုးခဲ့သည်မှာ အစဉ်အလာလို ဖြစ်ခဲ့ပါသည်။

သြင်္ကန်မဏ္ဍပ် အကြီးတစ်ခု၏ ကုန်ကျစရိတ်မှာ အစမှအဆုံး သိန်း ၁၀ဝ၀ မှ သိန်း ၅၀ဝ၀ ကျပ်အထိ ရှိပါသည်။ ၎င်းကုန်ကျစရိတ်နှင့် ကာမိအောင်လည်း သြင်္ကန်မဏ္ဍပ်နှင့် စီးပွားရေး လုပ်ငန်းများက ဟန်ချက်ညီညီ လုပ်ဆောင်နေပါသည်။ သြင်္ကန်မဏ္ဍပ် အလတ်တစ်ခု၏ ကုန်ကျစရိတ်မှာ အစမှအဆုံး သိန်း ၃၀ဝ ကျပ်မှ သိန်း ၅၀ဝ ကျပ်ခန့် ကုန်ကျပြီး သြင်္ကန်မဏ္ဍပ် အသေးတစ်ခု၏ ကုန်ကျစရိတ်မှာ အစမှအဆုံး သိန်း ၅၀ ကျပ်မှ သိန်း ၁၀ဝ ခန့် ကုန်ကျမည်ဟု တွက်ချက်မိပါသည်။ အကြမ်းဖျင်းအားဖြင့် သြင်္ကန်မဏ္ဍပ် အကြီးကို ၅၀၊ အလတ်ကို ၁၀ဝ၊ အသေးကို ၁၅၀ ထားပြီး တွက်ချက်ကြည့်ပါက သြင်္ကန်မဏ္ဍပ် အကြီးကို သိန်း ၅၀ဝ၀ ကျပ် ထားပါက သြင်္ကန်မဏ္ဍပ် ၅၀ လျှင် သန်း ၂၅၀ဝ၀ ကျပ် (ဒေါ်လာ ၁၈ ဒသမ ၅ သန်းကျော်)၊ သြင်္ကန်မဏ္ဍပ် အလတ်ကို သိန်း ၅၀ဝ ကျပ်ထားပါက သြင်္ကန် မဏ္ဍပ် ၁၀ဝ လျှင် သန်း ၅၀ဝ၀ ကျပ် (ဒေါ်လာ ၃ ဒသမ ၇ သန်းကျော်)၊ သြင်္ကန်မဏ္ဍပ် အသေးကို သိန်း ၁၀ဝ ကျပ် ထားပါက သြင်္ကန်မဏ္ဍပ် ၁၅၀ လျှင် သန်း ၁၅၀ဝ ကျပ် (ဒေါ်လာ ၁ ဒသမ ၁ သန်းကျော်)၊ စုစုပေါင်းကျပ် သန်း ၃၁၅၀ဝ ကျပ် (ဒေါ်လာ၂၃ ဒသမ ၃သန်း)သော ငွေကြေးက ရန်ကုန် တစ်မြို့တည်းတွင်ရှိသော သြင်္ကန်မဏ္ဍပ် ကုန်ကျစရိတ်သာ ဖြစ်ပါသည်။

သြင်္ကန်မဏ္ဍပ် တည်ဆောက်ရန် သစ်ဆိုင်များသည် သစ်ငှားရမ်းခ၊ သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ရန် လက်သမားများလည်း အလုပ်အကိုင် ရရှိပြီး ဝင်ငွေလည်း ရရှိပါသည်။ ၎င်းသြင်္ကန်မဏ္ဍပ်တွင် ရေလာကစားသော အမျိုးသမီး၊ အမျိုးသားများ အသုံးပြုသော ငွေကြေး၊ ၎င်းကိုမှီ၍ အစား အသောက် ရောင်းချသော ဆိုင်များ၊ လက်ပွေ့ ရောင်းချသူများ၊ ၎င်းကို ဝယ်ယူစားသုံးသော ငွေကြေးများသည်လည်း သြင်္ကန်မဏ္ဍပ် ကုန်ကျစရိတ်နီးပါး ရှိပါသည်။ ထို့အပြင် သြင်္ကန်မဏ္ဍပ်တွင် ဖျော်ဖြေသော အနုပညာရှင်များ၏ အနုပညာကြေးသည်လည်း သာမန်အချိန်ကထက် ပိုမို ရရှိပြီး တချို့ အနုပညာသမားများဆိုလျှင် သြင်္ကန်ပွဲတော်မှ ဝင်ငွေသည် နှစ်ဝက်ကျော် အသုံးစရိတ် နီးပါးရသည်ဟု သိရပါသည်။ သြင်္ကန်မဏ္ဍပ်တွင် လည်ပတ်ဖို့အတွက် ကားငှားလုပ်ငန်းမှ ဝင်ငွေသည်လည်း မနည်းပေ။ အဖျော်ယမကာ အရောင်းအဝယ်တွင် လည်ပတ်သော ငွေကြေးမှာလည်း မနည်းလှပေ။ သြင်္ကန်မဏ္ဍပ် ထိုင်ပြီး ရေပက်ရန်၊ သြင်္ကန် လည်ပတ်ရန်၊ သံချပ်ကရန်၊ ယိမ်းကရန်အတွက် အဝတ်အစားများ၊ အလှကုန်ပစ္စည်းများ ရောင်းရငွေမှာလည်း မနည်းပေ။

ထို့အပြင် သြင်္ကန်မဏ္ဍပ်များနှင့် အိမ်များတွင် စတုဒိသာကျွေးရန် စားသောက်ကုန် ဝယ်ယူမူမှာလည်း မနည်းပေ။ သြင်္ကန်ကာလအတွက် ခရီးသွား (အချို့က အိမ်ပြန်၊ အချို့က မြို့ပေါ်တက်) စရိတ်သည်လည်း မနည်းပေ။ ၎င်းကုန်ကျစရိတ်ကို သြင်္ကန်မဏ္ဍပ် ကုန်ကျစရိတ်ခန့် ရှိသည်ဟု ခန့်မှန်းပါက ကျပ်သန်းပေါင်း သန်း ၆၃၀ဝ၀ (ဒေါ်လာ ၄၆ ဒသမ ၆ သန်း) ဖြစ်ပြီး ၎င်းငွေကြေးသည် ရန်ကုန်သြင်္ကန်တွင် လည်ပတ်နေသော ငွေကြေးဖြစ်ပါသည်။

ရန်ကုန်မှအပ ကျန်မြန်မာတစ်နိုင်ငံလုံး၏ သြင်္ကန်ငွေလုံးငွေရင်း လည်ပတ်မှုကို ရန်ကုန် ကုန်ကျစရိတ်လောက် မှန်းပါက တစ်နိုင်ငံလုံး လည်ပတ်နေသော ငွေကြေးမှာ ကျပ်သန်းပေါင်း ၁၂၆,ဝဝဝ ဖြစ်ပြီး (ဒေါ်လာ ၉၃ ဒသမ ၂ သန်း)ရှိပါသည်။

သြင်္ကန်ကာလ ပြီးဆုံး၍ မေလနှင့်ဇွန်လတွင် အရောင်းအဝယ်သည် နည်းပါးပါသည်။ သို့သော် ထို ၂ လအတွက် အရောင်းအဝယ် ပမာဏကို ဧပြီတွင် ရရှိခဲ့သဖြင့် အရောင်းအဝယ်သမားများ၊ လက်လုပ်လက်စားနှင့် ကုမ္ပဏီများအတွက် မသိသာလှပေ။ ၎င်းအတွေ့အကြုံက မြန်မာနိုင်ငံ ကဲ့သို့ သြင်္ကန်ပွဲတော်ရှိသော ထိုင်းတွင်လည်း အလားတူ အတွေ့အကြုံကို ခံစားရပါသည်။ ယခုနှစ်တွင် သြင်္ကန်မဏ္ဍပ်ကိစ္စကို တင်းကျပ်လိုက်သောအခါ ၎င်းငွေများသည် မည်သည့်နေရာကို စီးဆင်းသွားသည်မှာ စိတ်ဝင်စားစရာပင် ဖြစ်ပါသည်။ သြင်္ကန်ပွဲတော်ကို အကြီးအကျယ် ကျင်းပသည်မှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသာရှိပြီး ထိုင်းနှင့်နယ်စပ်ချင်း ကပ်နေသော လာအိုနိုင်ငံ၏ နယ်စပ်မြို့တွင် အနည်းငယ်သာ ကျင်းပပါသည်။

ရန်ကုန်-ဘန်ကောက်-ရန်ကုန်ကို ပြေးဆွဲနေသော လေယာဉ် အခေါက်ရေမှာ တစ်ရက်ကို ၂၁ ခေါက်ရှိပြီး ထိုင်းနိုင်ငံပိုင်သော လေယာဉ်မှာ တစ်ရက်ကို ၁၆ ခေါက်ပြေးပြီး မြန်မာပိုင် လေယာဉ်မှာ တစ်ရက်ကို ၅ ခေါက်ပဲ ပြေးနိုင်ပါသည်။ ထိုင်းနိုင်ငံ၏ သြင်္ကန်ပွဲတော်ရက်သည် မြန်မာနိုင်ငံနှင့် များသောအားဖြင့် အတူတူပင် ဖြစ်ပါသည်။ စကားမစပ် ယခုနှစ် ဘန်ကောက်မြို့၏ သြင်္ကန်ပွဲတော်ရက်သည် ဧပြီလ ၁၂ ရက်မှ ၁၅ ရက်ဖြစ်ပါသည်။
 
လေယာဉ် လက်မှတ်ခမှာ ပုံမှန်အချိန်ထက် ၂ ဆခန့် ဈေးကြီးပါသည်။ သို့သော် လေယာဉ် လက်မှတ်ရရှိဖို့ ခဲယဉ်းပါသည်။ သြင်္ကန်ကာလတွင် ရန်ကုန်မှ ဘန်ကောက်သို့ သွားသော လေယာဉ်လက်မှတ်မှာ ရှားပေမယ့် ဘန်ကောက်မှ ရန်ကုန်သို့လာသော လေယာဉ်လက်မှတ်မှာ ဈေးပေါပြီး ခရီးသည် မရှိသလောက်ပေ။ ၎င်းကိုကြည့်ပါက မြန်မာများ ဘန်ကောက်သို့ သြင်္ကန် ရေကစားထွက်သည်မှာ တစ်နှစ်ထက်တစ်နှစ် များပြားလာသည်ကို တွေ့ရပါသည်။ ထိုင်းနိုင်ငံကလည်း မြန်မာလူမျိုးများ ထိုင်းသြင်္ကန်တွင် လာရောက် ပျော်ပါးရန် လေယာဉ်များကို စင်းရေ တိုးချဲ့ပေးနေခြင်းဖြင့် စီးပွားရေး အကွက်မြင်သည်မှာ အတုယူစရာ ကောင်းလှပါသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေသော မြန်မာလူမျိုးမှာ ၃ သန်းခန့်ရှိပြီး ၎င်းတို့မှာ များသောအားဖြင့် ဘန်ကောက်နှင့် ချင်းမိုင်မြို့ကြီးတွင် များပြားသည်ဟု သိရပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသမားများသည် နိုင်ငံတွင်းတွင် သြင်္ကန်စီးပွားရေး မလုပ်ရပါက ထိုင်းနိုင်ငံသို့ ထွက်ပြီး သြင်္ကန်စီးပွားရေး လုပ်မည်ကို စိုးရိမ်မိပါသည်။ သြင်္ကန်စီးပွားရေး လုပ်မည်ဆိုလျှင်လည်း လုပ်နိုင်သည့် အခြေအနေများက အရန်သင့်ပင် ရှိပါသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူဦးရေ ၃ သန်းကျော်ရှိသဖြင့် ဈေးကွက် သဘောအရ မြန်မာနိုင်ငံမှ မြန်မာများ မလာဘဲလည်း သြင်္ကန်ပွဲတော်ကို ဆင်နွှဲ၍ရပါသည်။ တခြား အခြေခံ အဆောက်အဦများဖြစ်သော သြင်္ကန်လည်ပတ်ရန် ကားများကိုလည်း အလွယ်တကူ ငှားရမ်းနိုင်ပါသည်။ ထိုင်းနိုင်ငံတွင် ကမ္ဘာပေါ်ရှိ မော်တော်ကား လုပ်ငန်းများ၏ စက်ရုံများ ရှိသည့်အတွက် ကားပေါများပါသည်။ မြန်မာနိုင်ငံမှာလိုမျိုး ကားပျက်မှာ စိတ်မပူရပေ။ ရေကစားရန် အသုံးအဆောင် ပစ္စည်းများ၊ သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ရန် ကိစ္စများမှာလည်း အဆင့်ဆင့် ခွင့်ပြုချက်မလိုဘဲ ကုန်ကျစရိတ်သာ ပေးနိုင်ပါက အရန်သင့် ရှိနေပါသည်။ ရေကစားရန် လမ်းများကလည်း စနစ်တကျ ရှိပါသည်။

မြန်မာနိုင်ငံတွင် တစ်လမ်းမောင်းဟု ရေးထားသော်လည်း လမ်းပြောင်းပြန်ဝင်ပြီး လမ်းအလယ်လောက်တွင် လမ်းပိတ်နေသည်က များပါသည်။ ထိုအခါ မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုများ၊ ယာဉ်တိုက်မှုများကလည်း သြင်္ကန်မဏ္ဍပ် ပိုင်ရှင်များနှင့် သြင်္ကန်တွင် ပါဝင်ကစားသော လူများလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါသည်။ ၎င်းအချက်များကြောင့် သြင်္ကန်ကို စီးပွားရေး လုပ်ငန်းရှင်များက ထိုင်းနိုင်ငံကိုထွက်ပြီး ကျင်းပပါက မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရန် ခက်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ကြိုးနီစနစ်နှင့် ရုံးတွင်း၊ ရုံးပြင် ထောက်ခံချက်၊ ခွင့်ပြုချက်ယူရသည်က များပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကုန်ကျစရိတ် ပေးပါက ချက်ချင်း လုပ်ငန်းများ လုပ်ဆောင်နိုင်သဖြင့် စီးပွားရေးသမားများသည် လက်သာရာမှာပဲ စီးပွားရှာပေမည်။ ထို့ကြောင့် လုပ်ထုံးလုပ်နည်းက များပြားသော မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဖို့ ခက်သွားပေမည်။

အကယ်၍ သြင်္ကန်ပွဲတော်သည် ထိုင်းနိုင်ငံသို့ ရွေ့သွားပါက မြန်မာနိုင်ငံတွင် လည်ပတ် သုံးစွဲနေသော ပမာဏ ကြီးမားသောငွေကြေးသည် ထိုင်းနိုင်ငံကို ရောက်ရှိသွားပြီး မြန်မာနိုင်ငံသည် စီးပွားရေးအရ အကြီးအကျယ် ထိခိုက်မည်ကို သတိချပ်သင့်ပါသည်။

သြင်္ကန်မဏ္ဍပ် တည်ဆောက်ခြင်းဖြင့်လည်း အစိုးရတွင်လည်း ဝင်ငွေများစွာ ရရှိပါသည်။ သြင်္ကန်မဏ္ဍပ် တည်ဆောက်ခြင်းကို တင်းကြပ်ခြင်းဖြင့် အစိုးရသည် ဝင်ငွေ လျော့နည်းသွားပြီး တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ထိခိုက်စေပါသည်။

ဆိုရှယ်လစ်ခေတ်က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ဥရောပ၊ အမေရိက စသည့်နိုင်ငံများအတွက် Transit  လေဆိပ်ဖြစ်ခဲ့သော်လည်း ပေါ်လစီ အမှားကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ လေဆိပ် (Don Muang Airport လေဆိပ်အဟောင်း) သည် နိုင်ငံတကာအတွက် Transit လေဆိပ်ဖြစ်ပြီး ထိုင်းနိုင်ငံ စီးပွားရေးကို တိုးတက်အောင် မောင်းနှင်နိုင်ခဲ့ပါသည်။

နောက်ပေါ်လစီ အမှားက ဆန်စပါးဈေးကွက် ဖြစ်ပါသည်။ လွတ်လပ်ရေးမရခင်က ကမ္ဘာ့ဆန်စပါး ဈေးနှုန်းကို မြန်မာက ဆုံးဖြတ်ခဲ့ပေမယ့် နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ဆုံးဖြတ်နေသည်အထိ ဖြစ်နေပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်စပါး အများဆုံး တင်ပို့သောနိုင်ငံဖြစ်ပြီး ဆန်စပါး တင်ပို့ခြင်းဖြင့် ထိုင်းနိုင်ငံသည် အာရှကျားစီးပွားရေးနိုင်ငံ ဖြစ်လာပါသည်။

နိဂုံးချုပ်အနေနှင့် ယခုသြင်္ကန်နှင့် သြင်္ကန်မဏ္ဍပ် ဆုံးဖြတ်ချက် (တင်းကျပ်သော) ပေါ်လစီသည်ကို ပြန်လည် သုံးသပ်သင့်သည်ဟု ထင်မြင်မိပါသည်။ ရိုးရာ ယဉ်ကျေးမှုသည် အရေးကြီးပေမယ့် အဓိက အရေးအကြီးဆုံးမှာ စီးပွားရေးဖြစ်ပြီး စီးပွားရေးကောင်းမွန်မှသာ တိုင်းသူပြည်သားများ စီးပွားရေး ပြေလည်ပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ပါသည်။

စိုးမြင့်
BSc.,Eco;MSc.,Eco (Tokyo International University,Japan)


  • VIA