News

POST TYPE

PERSPECTIVE

ဗိုလ်ချုပ်ပြတိုက်ကို ၂၀၁၈ ခုနှစ်ထိ ဝင်ကြေးအခမဲ့ဖြင့် လည်ပတ်ခွင့်ပြု
ရန်ကုန်၊ ဧပြီ ၅

နိုင်ငံသားများအနေနှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ကို ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်ကုန်အထိ ဝင်ကြေးအခမဲ့ဖြင့် လည်ပတ်ခွင့်ပြုကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

ပြတိုက်၏ ဝင်ကြေးကောက်ခံမှု စနစ်ကို ၂၀၁၈ ခုနှစ်ကုန် ဘဏ္ဍာနှစ်အထိ ပြည်တွင်းအခမဲ့နှင့် နိုင်ငံခြားသား ငါးထောင်ကျပ်နှုန်းဖြင့် ဆက်လက်ကောက်ခံရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက မတ်လ ၃၁ ရက်တွင် ညွှန်ကြားထားပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

ပြတိုက်ဝင်ကြေးကို ပြည်တွင်းပြည်ပမှ မည်သည့်နိုင်ငံသားမဆို ကျပ်ငွေ ၃၀၀ နှုန်းဖြင့် တစ်ပုံစံတည်း ကောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်မှ ၂၀၁၇ ခုနှစ် မတ်လအထိ နိုင်ငံခြားသားတစ်ဦးကို ကျပ်ငွေ ငါးထောင်နှုန်းသို့ တိုးမြှင့်ခဲ့သော်လည်း ပြည်တွင်းကိုမူ ဝင်ကြေးအခမဲ့သို့ ပြောင်းလဲခဲ့ကြောင်း ဗိုလ်ချုပ်ပြတိုက်၏ ဦးစီးအရာရှိ ဒေါ်သီသီသောင်းက ဆိုသည်။

“ဗိုလ်ချုပ်ပြတိုက်ကို ပြည်ပခရီးသွားတွေ ပိုမိုစိတ်ဝင်စားကြတယ်။ နိုင်ငံခြားသားတွေဆီက ရနေတဲ့ ဝင်ကြေးနှုန်းနဲ့ ပြတိုက်ပြုပြင်ထိန်းသိမ်းရေးစရိတ် ပြန်ကာမိတယ်။ ဒါကြောင့် ဝန်ကြီးဌာန ဒီအတိုင်းပဲ တစ်နှစ် ထပ်တိုးလိုက်တာပါ။ ပြည်တွင်းကတော့ အခမဲ့ပဲပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ပခရီးသွားများက ဗိုလ်ချုပ်ပြတိုက်ထံ ပိုမိုဝင်ရောက်လာနေခြင်း ဖြစ်ပြီး တစ်လလျှင် နိုင်ငံခြားသားဦးရေ ၇၀၀ နှင့် ၁၀၀၀ ကြား ပုံမှန်လာရောက်လည်ပတ်လျက် ရှိကြောင်း အဆိုပါပြတိုက်ထံမှ သိရသည်။

“ပြတိုက်က အရင်လိုမဟုတ်ဘဲ ဗိုလ်ချုပ်အသုံးအဆောင်တွေနဲ့ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံတွေကို အသေးစိတ် လေ့လာကြည့်ရှုနိုင်အောင် စီစဉ်ပေးထားတယ်။ ဓာတ်ပုံရိုက်ချင်လည်း ရိုက်နိုင်တယ်။ ဘာမှမကန့်သတ်ထားဘူး။ တစ်ခုပဲ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းတွေ ဖြစ်တော့ ထိတွေ့ကိုင်တွယ်လို့တော့ မရဘူး” ဟု ဒေါ်သီသီသောင်းက ဆိုသည်။

ထို့အပြင် ပြည်တွင်းခရီးသွား ကုမ္ပဏီများက ရန်ကုန်မြို့သို့ ရောက်ရှိသော နိုင်ငံခြားခရီးသွားများ လေ့လာရန် ဗိုလ်ချုပ်ပြတိုက်သို့ ခရီးစဉ်လမ်းကြောင်းအတွင်း ထည့်သွင်းရေးဆွဲ လိုက်ပါပို့ဆောင်မှုများလည်း ရှိလာကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ ၅ ရက်အထိ ပြတိုက်သို့ ပြည်ပခရီးသွား ပမာဏ သုံးထောင့်ငါးရာခန့် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားပြတိုက် ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

J-17