POST TYPE

PERSPECTIVE

သက်ငယ်မုဒိမ်းမှု လျော့နည်းရေး အခြေခံပညာကျောင်းများတွင် အသိပညာပေးမည်
မန္တလေး၊ ဧပြီ ၅

မန္တလေးတိုင်းအတွင်း သက်ငယ်မုဒိမ်းမှုများ လျော့နည်း ပပျောက်ရေးအတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာသင်ကျောင်းများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“သက်ငယ်မုဒိမ်းတွေကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ ကျောင်းတွေမှာ ပို့ချပေးရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီတွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကစပြီး ပို့ချပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ခြင်းဖြစ်သည်။ 

သက်ငယ်မုဒိမ်းများ ကြိုတင်ကာကွယ်ရေး ကော်မတီတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဥပဒေအရာရှိ၊ တရားရေးဦးစီးမှူး၊ ရဲတပ်ဖွဲ့မှူး၊ ကျန်းမာရေးမှူး၊  ပြန်ဆက်ဦးစီးမှူး၊ အမျိုးသမီးရေးရာ အတွင်းရေးမှူး၊ မိခင်နှင့်ကလေး ဥက္ကဋ္ဌ၊ ပညာရေးမှူးများ ပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အဆိုအရ သိရသည်။

တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက “သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ ပညာပေး အစီအစဉ်များကို အခြေခံပညာ မူလတန်းမှစ၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်”အဆို တင်သွင်း အောင်မြင်ခဲ့သည်။

ယင်းအဆို အောင်မြင်ခဲ့သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းကော်မတီများ အနေနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ပို့ချမှု (Lecture Notes) များ ပြုစုရေးအဖွဲ့တစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

M-04