News

POST TYPE

PERSPECTIVE

ပညာရေး လမ်းပြမြေပုံ သို့မဟုတ် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁
05-Apr-2017

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာနှင့်အဝန်း ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ၂၀၃၀ လုပ်ငန်းစဉ်၏ ပန်းတိုင် ၁၇ ရပ်ကို ချမှတ်ခဲ့သည်။ ၎င်းပန်းတိုင် ၁၇ ရပ်အား ပြီးမြောက်အောင်မြင်စေရန် အကောင်အထည်ဖော်ခြင်း လုပ်ငန်းများအား အချိန်ကာလအားဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၃၀ အထိ သတ်မှတ်ခဲ့သည်။ ယနေ့ ခေတ်စားနေသော Sustainable Development ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးဆိုသည်မှာ နောက်မျိုးဆက်အား ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လက်ရှိ မျိုးဆက်များက ကမ္ဘာကြီးအား ကြိုတင်စီမံ ဆောင်ရွက်ခြင်းဟု နားလည်လွယ်ရန် အဓိပ္ပာယ် ဖွင့်ဆိုပါသည်။

SDGs ဟုခေါ်ဆိုသော (Sustainable Development Goals) ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ပန်းတိုင်များမှာ အဓိကအားဖြင့် ဆင်းရဲမွဲတေမှု အဆုံးသတ်ခြင်း၊ မိမိတို့ကမ္ဘာကြီးအား ကာကွယ် စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင် အားပေးခြင်းတို့ အခြေခံသည်။ ပန်းတိုင် ၁ (SDG-1) ဆင်းရဲမွဲတေမှုကို အဆုံးသတ်ခြင်း၊ ပန်းတိုင် ၂ (SDG-2) ငတ်မွတ်ခေါင်းပါးခြင်းကို အဆုံးသတ်ခြင်း၊ ပန်းတိုင် ၃ (SDG-3) ကျန်းမာရေး ပြည့်စုံမှု ဖြစ်ပေါ်စေခြင်း၊ ပန်းတိုင် ၄ (SDG-4) အရည်အသွေးရှိသော ပညာရေးကဏ္ဍ ဖြစ်ပေါ်စေခြင်း စသည်ဖြင့် ပန်းတိုင် ၁၇ ရပ်ကို ချမှတ်ခဲ့သည်။

မိမိတို့ မြန်မာနိုင်ငံအနေနှင့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ ကိုရေးဆွဲပြီး “လူသားအားလုံး အကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ် လေ့လာသင်ယူနိုင်သော အခွင့်အလမ်း ရရှိရေး”ဟူသော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင် ၄ (Sustainable Development Goal - 4) ကို ပညာရေး ဝန်ကြီးဌာန အနေနှင့် ပေါက်မြောက်အောင်မြင်နိုင်ရန် ပံ့ပိုးပေးမည် ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးအနေနှင့်လည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ကို အထောက်အကူပြုရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အနေနှင့် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံဖြစ်လာရေး ဟူသည့် အမျိုးသား ရည်မှန်းချက်ကိုပါ ပေါက်မြောက်အောင်မြင်စေရန်အတွက် အဓိကတွန်းအား နှစ်ရပ်အဖြစ် ပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို သတ်မှတ်ထားပါသည်။ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းသည် အမျိုးသား ပညာရေးစနစ်ရှိ အဆင့်တိုင်း၌ ကျောင်းသားများအတွက် အရည်အသွေး ပြည့်ဝသော ပညာရေး အခွင့်အလမ်း ရရှိမှုကို အထူး မြှင့်တင်ပေးမည့် အစီအမံဖြစ်သည်။ ဤအမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းသည် လာမည့် ၅ နှစ်တာ ကာလအတွင်း ကဏ္ဍအလိုက် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတော်အစိုးရ၊ ပညာရေးတွင် ပူးပေါင်း ဆောင်ရွက်သူများနှင့် ပြည်သူ တစ်ရပ်လုံးအတွက် အသေးစိတ် လမ်းပြမြေပုံ (Road Map) တစ်ရပ်လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနှင့် ဦးစားပေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ တိုးချဲ့ လုပ်ဆောင်နိုင်ရန်အတွက် အဓိက စိန်ခေါ်မှုနှစ်ရပ်ကို ရင်ဆိုင်နေရပါသည်။ ပထမ စိန်ခေါ်မှုမှာ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာသည့်တိုင် လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သား မလုံလောက်မှုဖြစ်သည်။ ဒုတိယစိန်ခေါ်မှုမှာ ထိုစီးပွားရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး ဖြစ်သည်။ နောင်လာမည့်နှစ်များအတွင်း အဆိုပါစိန်ခေါ်မှု နှစ်ရပ်လုံးကို နိုင်ငံတော်အစိုးရက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အရည်အသွေးရှိ၍ သာတူညီမျှမှု ရှိသောပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း ရည်မှန်းချက် ပန်းတိုင်သည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် “ကျောင်းများနှင့် ပညာသင်ယူရာ ဌာနအားလုံးတွင် ကျောင်းသားများ၏ သင်ယူ တတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေးကို ဦးတည်သည့် ပိုမို တိုးတက်ကောင်းမွန်သော သင်ကြား သင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် ဆန်းသစ် တီထွင်မှုများ ဖြစ်ထွန်းလာစေရေး”ဟူသော ရည်မှန်းချက် ပန်းတိုင်ကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်မည်ဟု သတ်မှတ်ထားပါသည်။

ရည်မှန်းချက် ပန်းတိုင်ထားရှိရခြင်း၏ အဓိက အကြောင်းရင်း သုံးရပ်မှာ (၁) မိဘများသည် အမျိုးသား ပညာရေးစနစ်၏ အဆင့်တိုင်းတွင် ၎င်းတို့ သားသမီးများ၏ သင်ယူတတ်မြောက်မှုများကို သိသာထင်ရှားစွာ တိုးတက်ရန် လိုလားနေခြင်း ဖြစ်ပါသည်။ အဆိုပါ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးသည့် အနေနှင့် လာမည့် ၅ နှစ်တာ ကာလအတွင်း မူကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ပညာသင်ယူရာ ဌာနများ အားလုံးမှ ကျောင်းသားများ၏ သင်ယူတတ်မြောက်မှု တိုးတက်လာစေရန် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအမျိုးမျိုး၊ ဆန်းသစ်သော မဟာဗျူဟာများနှင့် လုပ်ငန်း အစီအစဉ်များကို ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ (၂) ဆရာများအနေနှင့် ဆရာနှင့် ကျောင်းသား အပြန်အလှန် ဆက်သွယ်မှုရှိသော သင်ကြားနည်း အတတ်ပညာများနှင့် အကဲဖြတ်ခြင်းစနစ် အသစ်ကို အကောင်အထည်ဖော် ကျင့်သုံးရာတွင်လည်း ပါဝင်ကြရမည်ဖြစ်သည်။ (၃) နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးနှင့် အဆင့်မြင့် ပညာရေးကဏ္ဍတွင် စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ သတင်း အချက်အလက် နည်းပညာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်း၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင် ကျွမ်းကျင် လုပ်သားများစွာ လိုအပ်လာမည် ဖြစ်သောကြောင့် သင်ယူသူများအား မိမိတို့၏ အလုပ်အကိုင်ဆိုင်ရာ မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးပြုလာနိုင်စေမည့် အသိပညာ ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် တတ်ကျွမ်းမှုများ ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ ထို့အပြင် အဆင့်မြင့် ပညာရေးသည် အစိုးရ အဖွဲ့အစည်း၊ စီးပွားရေး ကဏ္ဍနှင့် စက်မှုလက်မှု လုပ်ငန်းတို့အတွက် လိုအပ်သော အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ် (Human Capital) ကို ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိပါသည်။

အခြေခံပညာ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွင် ကျောင်းသားများ၏ သင်ယူမှု တိုးတက် ကောင်းမွန်စေရန် တက်ကြွပြီး အပြန်အလှန် တာဝန်ခံ၊  တာဝန်ယူမှု ရှိစေရန်အတွက် ဥပမာအားဖြင့် မြို့နယ် ပညာရေးမှူးများသည် ကျောင်းများရှိ သင်ကြားသင်ယူမှု တိုးတက် ကောင်းမွန်စေရေးအတွက် ကျောင်းအုပ်များကို တာဝန်ခံ ကြပ်မတ်သည့်နည်းတူ ကျောင်းအုပ်များကလည်း ဆရာများအတွက် အရည်အသွေးရှိ လုပ်ငန်းခွင် သင်တန်းများနှင့် ကျောင်းထောက်ပံ့ကြေးများ ရရှိရေးတို့ကို မြို့နယ် ပညာရေးမှူးများထံမှ တောင်းဆိုရမည် ဖြစ်ပါသည်။ အရည်အသွေးရှိ အခြေခံ ပညာသင်ယူမှု အခွင့်အလမ်းများ  တိုးတက် မြင့်မားရေးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာတူညီမျှမှု ရှိရေးအတွက် အရေးကြီးပါသည်။ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသား ပညာရေး ဥပဒေသည် နိုင်ငံသားတိုင်း ပညာသင်ယူဆည်းပူးနိုင်သည့် အခွင့်အရေးနှင့် အထူးသဖြင့် အခမဲ့ မသင်မနေရ မူလတန်းပညာ သင်ယူခွင့်တို့ကို အသိအမှတ် ပြုထားသည်။ အဆိုပါ ဥပဒေတွင် ပညာရေး အရည်အသွေး အာမခံမှုစနစ်တစ်ရပ် ထူထောင်ရန်လည်း ပြဋ္ဌာန်း သတ်မှတ်ပေးထားပြီး သူငယ်တန်း အပါအဝင်  အခြေခံပညာသင်ကာလကို ၁၃ နှစ်အထိ တိုးမြှင့်ထားပါသည်။

သင်ကြားမှု အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးရှိ စွမ်းဆောင်ရည် မြင့်မားသော ပညာရေးစနစ် အားလုံးကို လေ့လာမည်ဆိုပါက ပညာရေးရလဒ်များ တိုးတက်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းရာတွင် ဆရာများ၏အခန်းကဏ္ဍသည် ပင်မအချက်အချာ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာ သုတေသနများက ကျောင်းသားများ၏ သင်ယူမှုရလဒ် အပေါ်တွင် ဆရာ၏ သင်ကြားပြသနည်းသည် အဓိက အကျဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။ လွန်ခဲ့သောနှစ်များတွင် ဆရာများ နေရာချထားခြင်းနှင့် ရာထူး တိုးမြှင့်ပေးခြင်းတို့ကို ဆရာ၏ စွမ်းဆောင်ရည်နှင့် ချိတ်ဆက် စဉ်းစားခြင်း မပြုဘဲ လုပ်သက်အပေါ်တွင်သာ အခြေခံ စဉ်းစားပါသည်။ ဆရာများသည် အခြေခံပညာရေးစနစ် အတွင်းတွင် မူလတန်းပြ ရာထူးမှ အဆင့်ဆင့် ရာထူးတိုးမြှင့်ခြင်း ခံရပါသည်။ သို့ဖြစ်ပါ၍ အရည်အသွေးရှိ ဆရာများ အလိုအပ်ဆုံးဖြစ်သည့် မူလတန်းကျောင်းများမှ ဆရာများသည် ပညာရေးအဆင့် အသီးသီးသို့ တစ်ဆင့် မြှင့်ကူးပြောင်းလုပ်ကိုင်မှုများ ဖြစ်ပေါ်လာပါသည်။ မကြာမြင့်သေးသည့် နှစ်များက အဝေးဆုံး ဒေသများရှိ မူလတန်းကျောင်းများသို့  ဆရာ အတတ်ပညာ သင်တန်း တက်ရောက်ရခြင်း မရှိသေးသည့် နေ့စားလပေး ဆရာများကို ခန့်ထားစေလွှတ်ခြင်းသည် ထိုဒေသများတွင် အတွေ့အကြုံနည်းသော ဆရာများသာ ရှိနေသကဲ့သို့ ဖြစ်နေပါသည်။

ကျောင်းပညာရေးစနစ်နှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးစနစ်တို့ အကြားတွင် အဓိက တူညီသောအချက် ရှိပါသည်။ ၎င်းမှာ စနစ် နှစ်ခုအကြား သင်ယူမှုများကို လွယ်ကူစွာ ကူးပြောင်းနိုင်စေရန် မရှိမဖြစ် လိုအပ်သော အရည်အသွေး စံနှုန်းများ တူညီမှုရှိခြင်းပင် ဖြစ်သည်။

စာမေးပွဲများ ကျင်းပစစ်ဆေးမှုတို့တွင် အလွတ်ကျက်မှတ် ဖြေဆိုမှုအပေါ် အလေးပေးနေသော လက်ရှိ အခြေအနေသည် သင်ယူစဉ် စစ်ဆေး အကဲဖြတ်ခြင်း (Formative Assessment) နှင့် သင်ယူအပြီး စစ်ဆေးအကဲဖြတ်ခြင်း (Summative Assessment) နှစ်မျိုးကို မျှတစွာ ပေါင်းစပ် ကျင့်သုံးသော စနစ်တစ်ရပ် ချမှတ်ရန် အရေးတကြီး လိုအပ်နေကြောင်းကို ထင်ရှားစွာ ပြသနေပါသည်။ ထိုစနစ်တွင် ကျောင်းသားများ၏ သင်ယူ တတ်မြောက်မှုကို အမျိုးသားအဆင့် သင်ယူမှု စံသတ်မှတ်ချက်များနှင့်အညီ စစ်ဆေး အကဲဖြတ်မည်ဖြစ်ပါသည်။

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းတွင် (၂၀၁၆ - ၂၀၂၁) ကာလအတွက် ယေဘုယျ မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ခုကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ သို့သော် ပညာရေးဝန်ကြီး ဌာနအနေနှင့် ဖော်ပြထားသော ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာ အကောင်အထည် ဖော်ရန်အတွက် ၅ နှစ်ထက် ပိုမိုကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ပညာရေး ဝန်ကြီးဌာနသည် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းကို အဆင့်အလိုက် အကောင်အထည် ဖော်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဦးခီ
ကိုးကား။  ။  အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆ - ၂၀၂၁) အနှစ်ချုပ်

  • VIA