News

POST TYPE

PERSPECTIVE

ပြည်ပအားကိုး ပုဆိန်ရိုးတော့ မဖြစ်စေလိုပါ
04-Apr-2017
မတ်လ ၂၁ ရက်နေ့က  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအား နေပြည်တော်၊ ဇေယျာသီရိ ဗိမာန်တွင် လက်ခံတွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာနှင့်တရုတ်တို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်၍ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ရပ်တည် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ဟူ၍ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံပေါင်း ၁၄ နိုင်ငံအနက် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ နယ်နိမိတ်ချင်း ထိစပ်မှုမှာ ၂၁၈၅ ကီလိုမီတာ (၁၃၅၇ မိုင်) ရှည်လျားသည်ဖြစ်ရာ တစ်နိုင်ငံ၏ နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်မှုသည် တစ်နိုင်ငံအပေါ် သက်ရောက်မှု ရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံ ဆွေးနွေးကြသည့်အခါတိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အလေးပေး ဆွေးနွေးခဲ့ကြသည်သာ ဖြစ်ပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခုမှ စတင်သော ဆက်ဆံရေး မဟုတ်ဘဲ နှစ်ပေါင်း ထောင်ချီ ကြာညောင်းခဲ့ပြီဖြစ်သော ဆက်ဆံရေး ဖြစ်ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် ထိုကဲ့သို့ နှစ်ပရိစ္ဆေဒ ရှည်ကြာလှသော ဆက်ဆံရေး ကာလအတွင်း ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စစ်ရေးစစ်ရာတို့တွင် ထိတွေ့ ဆက်ဆံဖူးခဲ့ကြပါသည်။

ပျူခေတ် တရုတ်-မြန်မာ ဆက်ဆံရေး

အေဒီ ၈၀၁ ခုနှစ်တွင် ပျူမင်းသည် သားတော် သုနန္ဒအပြင် အမတ်ကြီး နာကျကုဉ္စနှင့် မဟာသေနတို့အား ခေါင်းဆောင်စေပြီး အနုပညာရှင် ၃၅ ဦး ပါဝင်သော သံအဖွဲ့နှင့် ဂီတအကအဖွဲ့တို့ကို ထန်မင်းဆက် နေပြည်တော် ချန်အန်သို့ စေလွှတ်ခဲ့သည်။ သံအဖွဲ့သည် သရေခေတ္တရာမှ ခုနစ်လခန့် ခရီးအကြာ အေဒီ ၈၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ချန်အန် နေပြည်တော် ဧကရာဇ် တံကျုန်၏ နန်းတော်သို့ ရောက်ရှိကြသည်။ အပြန်အလှန်အားဖြင့် ထိုနှစ်ဆောင်းရာသီ၌ ဧကရာဇ်တံကျုန်၏ သံအဖွဲ့ တစ်ဖွဲ့သည် လက်ဆောင်များနှင့်အတူ ထွက်ခွာကြရာ ဇွန်လခန့်တွင် သရေခေတ္တရာသို့ ရောက်ရှိကြကြောင်း ပျူသမိုင်း မှတ်တမ်းများက ဆိုပါသည်။ (အဆိုပါ မှတ်တမ်းကို တရုတ်တို့ကလည်း ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူး၍ မြန်မာ့ရုပ်သံက ပြသခဲ့သေးသည်)။

ပုဂံခေတ်

ပုဂံပြည် အနော်ရထာမင်းသည် သာသနာတော်၌ အလွန် ယုံကြည်တော်မူသည်ဖြစ်၍ တရုတ်ပြည်ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်မြတ်ကို ပင့်ဆောင်တော်မူရန် ဆင်မြင်းဗိုလ်ပါ အလုံးအရင်းနှင့် တရုတ်ပြည်သို့ ချီတော်မူသည်။ အစပထမ၌ တရုတ်ဘုရင်ဥတည်ဘွားသည် မြို့တံခါးကို ဖွင့်မပေးဘဲ တင်းခံနေသည်။ ထိုအခါ ဘုရင်အနော်ရထာသည် ရွှေဖျဉ်း ညီနောင်တို့ကိုခေါ်၍ တာဝန်ပေးသည်မှာ “ညဉ့်အခါ ဥတည်ဘွားနန်းသို့ ဝင်၍ ၎င်း၏ကိုယ်ကို ထုံးဖြင့် သုံးတန်သားကာ 
- ငါသို့သောမင်း ရောက်တော်မူသည်ကို မဖူးမမြင် မထွက်မနပ် နေတော်မူသည်၊ နေရာသလော၊ ယင်းကဲ့သို့နေလျှင် ဤထုံးသားရာကို ဖြတ်ပိုင်းပစ်မည်- ဟူ၍” စာရေးသားခဲ့ရန် မှာကြားလေ၏။ ရွှေဖျဉ်းညီနောင်တို့လည်း ခိုင်းသည့်အတိုင်း အောင်မြင်စွာ လုပ်ဆောင်နိုင်လေသည်။ ဥတည်ဘွားလည်း နံနက်မိုးသောက် အလင်းရောက်၍ မိမိခန္ဓာကိုယ်၌ ထုံးသုံးတန်တားထားသည်ကို မြင်တော်မူလေလျှင် အလွန် ကြောက်ရွံ့သဖြင့် အနော်ရထာအား “စွယ်တော်မြတ်ကို ကိန်းဝပ်တော်မူလိုလျှင် ပင့်တော်မူလော့” ဟူ၍ ဆိုလေတော့သည်။

ထိုနေ့မှစ၍ ဥတည်ဘွားဘုရင်သည် အနော်ရထာမင်းအား သုံးလတိုင်တိုင် ကောင်းစွာ ကျွေးမွေးဧည့်ခံတော်မူပြီး ပြည်ထောင်မင်းနှစ်ပါးသည် တစ်နေရာတည်းတွင် အတူတကွ နေတော်မူကာ ခင်မင်ရင်းနှီးစွာ ပြောဆို ဆက်ဆံကြလေတော့သည်။ (သို့သော်လည်း စွယ်တော်မြတ်ကို ပင့်ဆောင်ရန်မှာ ဘုရားရှင်၏ ဗျာဒိတ်တော် မရှိသည့်အတွက် ပင့်ဆောင်၍ မရဘဲ သိကြားမင်း ဆက်ကပ်တော်မူသော မြဆင်းတုတော်ကိုသာ ပင့်ဆောင်၍ ပြန်လာရကြောင်း ရာဇဝင်တို့က ဆိုပါသည်)။ ထိုမှစ၍ အနော်ရထာ လက်ထက်တွင် နှစ်နိုင်ငံ အပြန်အလှန် လက်ဆောင်ပဏ္ဏာများ ဆက်ကြသည့် အစဉ်အလာ ရှိသည်ဟုဆိုသည်။

ထိုသို့ အစဉ်အလာ ရှိသော်လည်း မဆက်သသည်မှာ ကြာပြီဖြစ်၍ နရသီဟပတေ့မင်းလက်ထက် သက္ကရာဇ် ၆၄၃ ခုနှစ်၌ တရုတ်ဘုရင် ဥတည်ဘွားက သံအဖွဲ့ကို စေလွှတ်၍ လက်ဆောင်ပဏ္ဏာ တောင်းခံလာသည်။ တရုတ်သံအဖွဲ့သည် မင်းကြီးရှေ့တော်၌ အနေအထိုင်မတတ် မဖွယ်မရာပြုသဖြင့် ၎င်းအမတ်တစ်ကျိပ်တို့ကို သတ်စေဟု အမိန့်တော် ရှိလေသည်။ ထိုအခါ အနန္တပစ္စည်းအမတ်က “တရုတ်သံတို့သည် ရာဇဝတ်၌ မလိမ္မာသဖြင့် မချေမငံပြုခြင်းဖြစ်၏၊ သည်းခံတော်မူ၍ ပြည်ရေးရွာမှုကို ပြေလည်အောင် မိန့်တော်မူသင့်ပါသည်။ မင်းအဆက်ဆက်တို့သည် သံတမန်ကို သတ်သောထုံးစံမရှိ။ သည်းခံတော်မူမှ သင့်တော်မူမည်”ဟူ၍ လျှောက်တင်သော်လည်း နားမဝင်ဘဲ “သတ်လေ”ဟု အမိန့် ထပ်မံပေးသဖြင့် အမတ်တို့လည်း မင်းကြီးအာဏာကို ကြောက်၍ တစ်ယောက်မကျန် သတ်လေသည်။ ထိုအဖြစ်ကို ဥတည်ဘွားကြားသော် အမျက်ပြင်းစွာ ထွက်၍ မြင်းသည်၊ ခြေသည်များစွာဖြင့် စစ်အင်္ဂါ အစုံအလင်ပြု၍ စစ်ချီလာလေသည်။ နရသီဟပတေ့လည်း စစ်သည် လေးသိန်း၊ ဆင် မြင်း အစုံအလင်ဖြင့် ငဆောင်ချမ်းမြို့သို့မရောက်မီ ဗန်းမော်မြစ်ကူးမှနေ၍ ခုခံ တိုက်ခိုက်စေသည်။

သုံးလတိုင်တိုင် တိုက်ခိုက်သော်လည်း တရုတ်တို့က တစ်သိန်းကုန်လျှင် နှစ်သိန်း၊ နှစ်သိန်းကုန်လျှင် လေးသိန်း ထပ်ဆောင်းလာသောကြောင့် တရုတ်တို့ မြစ်ကိုကူးမိပြီး ငဆောင်ချမ်း ပျက်လေတော့သည်။ နောက်ဆုံးတွင် နရသီဟပတေ့မင်းသည် ပုသိမ်အထိတိုင် စုန်ဆင်းခဲ့တော့သည်။ တရုတ်တို့သည် မင်းကြီးကို အမီလိုက်ကြသော်လည်း “တရုတ်မော်”အရပ်သို့ ရောက်သည့်အခါ များပြားလှသော စစ်သည်ဗိုလ်ပါအတွက် စားနပ်ရိက္ခာ ပြတ်လပ်သဖြင့် ပြန်လည် ဆုတ်ခွာလေတော့သည်။ ထိုအခါမှစ၍ နရသီဟပတေ့ မင်းကိုလည်း တရုတ်ပြေးမင်းဟူ၍ ခေါ်ဆိုခဲ့ကြလေတော့သည်။

အင်းဝခေတ်

အင်းဝဘုရင် မင်းခေါင်လက်ထက် သက္ကရာဇ် ၇၈၄ ခုနှစ်တွင် သိန္နီစော်ဘွားနှင့် သားသမက်တို့က အင်းဝကို လုပ်ကြံရန် ချီတက်လာသည်ကို မင်းရဲကျော်စွာ နှိမ်နင်းရာ စော်ဘွား သေပြီးနောက် သားနှင့်သမက်တို့က တရုတ် အကူအညီကိုရယူပြီး ပြန်တိုက်ရာ မြန်မာတို့ စစ်နိုင်သဖြင့် မြင်းတစ်ထောင်ကျော်၊ လူနှစ်ထောင်ကျော် သုံ့ပန်း ရလိုက်သည်။ ထို့နောက် စိန(စိန့်)ပြည်ဘုရင်က အင်အားကြီးမားလှသော စစ်တပ်မကြီးဖြင့် အင်းဝသို့ ချီတက်လာပြီးလျှင် အင်းဝဘုရင် မင်းခေါင်အား ရာဇသံ ပို့လွှတ်လေသည်။

ထိုရာဇသံ၌ “အင်းဝမင်းသည် ၎င်း၏လက်အောက်သို့ ဝင်ရောက်ရန် သို့မဟုတ် သူရဲကောင်းချင်း စစ်ထိုးရန်၊ အကယ်၍ အင်းဝ သူရဲကောင်း ရှုံးနိမ့်လျှင် အင်းဝကို ၎င်းထံအပ်နှံရန်နှင့် ၎င်းတို့ဘက်က ရှုံးနိမ့်ပါက ပြန်လည် ဆုတ်ခွာမည်”ဟူ၍ပါရှိပါသည်။ ထိုအခါ အင်းဝဘုရင်က မောင်းကြေးနင်းခတ်၍ စိနသူရဲကောင်း ဗိုလ်ကာမဏိနှင့် စီးချင်းထိုးဝံ့သည့် သူရဲကောင်းကို ရှာဖွေရာ ထောင်တွင်း အကျဉ်းကျခံထားရသော မွန်သူရဲကောင်း သမိန်ဗရမ်းက “စိနပြည်မှ သူရဲကောင်း ကာမဏိကို ပသို့ကြောက်ရမည်နည်း၊ သူ့မှာ ဉာဏ်ပညာ အစွမ်းသတ္တိ မည်မျှ ရှိသနည်း၊ ကောင်းကင် ပျံနိုင်သည့် နတ်သားကိုသာ ငါကြောက်သည်၊ ကာမဏိသည် ငါတို့လို လူတစ်ယောက်သာ ဖြစ်သည်၊ သူ့အား ကြောက်စရာမရှိ၊ သူ့ကိုနိုင်အောင် ငါတိုက်ဝံ့သည်”ဟုဆိုကာ တိုက်လေတော့သည်။ ဆိုသည့်အတိုင်းပင် နိုင်လေသဖြင့် စိနဘုရင်လည်း ပေးထားသည့် ကတိအတိုင်း စိနပြည်သို့ ပြန်သွားပါလေသည်။

ပြည်ပအားကိုး ပုဆိန်ရိုးတို့

ဆင်ဖြူများသခင် ဘဝရှင်မင်းတရားကြီးဟု ခေါ်ဆိုသမှုပြုကြသည့် ဘုရင့်နောင် မင်းတရားကြီး လက်ထက်တွင်လည်း တရုတ်အားကိုးဖြင့် မိုးမိတ်၊ မိုးနဲ၊ မိုးညှင်း၊ ညောင်ရွှေ၊ သိန္နီစော်ဘွား စသည်တို့ ပုန်ကန်ထကြွကြသည်ကို ဘုရင့်နောင်မင်းတရားကြီး နှိမ်နင်းအောင်မြင်ပြီးနောက် မိမိခြေဖဝါးတော်အောက်သို့ ရောက်စေခဲ့သည်။ သက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် ကျိုင်းတုံမြို့ ၌ တရုတ်ကုန်သည်တို့နှင့် မြန်မာတို့ ခိုက်ရန်ဖြစ်ပွားကြသည်။ ကျိုင်းတုံစစ်ကဲကြီးက မြန်မာတို့ ထုံးစံအတိုင်း လက်လွန်မိသူတို့က အသက်ဖိုးပေးရန် စီရင်သည်ကို တရုတ်တို့က “အသက်ဖိုးငွေကို မယူလို၊ ငါတို့လူ သေသည့်အစား ပေးရမည်”ဟု ဆိုလေသည်။ ကျိုင်းတုံ စစ်ကဲတို့က လူစားပေးရိုး ထုံးစံမရှိသဖြင့် အသက်ဖိုး မယူလိုလျှင်လည်း လူသေအောင် ပြုမူသူကို သေစားသေစေဟု အမိန့်ချမှတ်ပေးသော်လည်း တရုတ်တို့က လက်မခံဘဲ ပြန်သွားကြလေသည်။

တရုတ်ပြည်သို့ရောက်လျှင် တရုတ်ကုန်သည်တို့က အနောက်မျက်နှာ စစ်သူကြီးထံ တင်ပြတိုင်ကြားကြသည်။ ယခင်ကလည်း ဗန်းမော်စော်ဘွား၊ သိန္နီစော်ဘွား၊ ကျိုင်းတုံစော်ဘွားတို့က မြန်မာပြည်သို့ စစ်ချီတက် တိုက်ခိုက်ရန် ပြောဆိုခဲ့ဖူးသည်ဖြစ်ရာ အနောက်မျက်နှာ စစ်သူကြီးက တရုတ်ဥတည်ဘွားသို့ တင်ပြသည်နှင့် ဥတည်ဘွားက “ကျိုင်းတုံမြို့အလုံးကို အကုန်တိုက်ဖျက် သိမ်းယူခဲ့ရမည်”ဟု ဆိုသဖြင့် တရုတ်တို့က ကျိုင်းတုံမြို့ကို စစ်အင်အားဖြင့် ဝန်းရံလေတော့သည်။ ဤသတင်းကို ဘုရင့်နောင် မင်းတရားကြီး ကြားသိသည်နှင့် ဗလမင်းထင် အပါအဝင် တပ်ပေါင်းစုဖွဲ့၍ ကျိုးင်းတုံမြို့သို့ ချီတက် တိုက်ခိုက်စေသည်။ ထိုတိုက်ပွဲတွင်  တရုတ်တပ်မှူး အပါအဝင် လူတစ်သောင်းကျော် သေဆုံးပြီး တရုတ်တပ်များ ပရမ်းပတာ အကွဲကွဲအပြားပြား ဆုတ်ပြေးကြရသည်။ မင်းတရားကြီးလည်း တရုတ်တို့အရေး၊ ရှေ့ရေးကို မျှော်တွေး မှန်းဆလျက် ဗလမင်းထင်ကို လူ၊ လက်နက်၊ ရိက္ခာ ဖြည့်တင်းစေလျက် ကောင်းတုံမြို့၌ အခိုင်အမာ တပ်စွဲထားစေလိုက်သည်။

သက္ကရာဇ် ၁၁၂၈ ခုနှစ်၌ တရုတ်တို့သည် လူအင်အား နှစ်သိန်း ငါးသောင်းဖြင့် ဗန်းမော်သို့ ချီတက်လာကြသည်။ ထိုသတင်းကို ဘုရင့်နောင် ကြားသည့်အခါ “တရုတ်တို့သည် ရှေးဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့လက်ထက်တို့ တိုင်းပြည်ကို အလွယ်တကူ ချင်းနင်း ဝင်ရောက်နိုင်သည်ကို အကြောင်းပြု၍ ချီလာခြင်းဖြစ်သည်။ ယခုအခါ ငါ့တိုင်းနိုင်ငံသို့ ချင်းနင်း ဝင်ရောက်လာသမျှ တရုတ်တို့ကို အကုန်သတ်စေ”ဟု အမိန့်တော် ရှိပြီးလျှင် ဗလမင်းထင်ကို လူသူ၊ ရိက္ခာ၊ ဆင်၊ မြင်း ဖြည့်တင်းစေသလို၊ လက်ဝဲဝင်းမှူးကိုလည်း ဗန်းမော်သို့ ရေကြောင်းချီစေလျက်၊ ဝန်ကြီး မဟာစည်သူကို ဧရာဝတီမြစ် အနောက်ဘက်ကြောင်းမှသည် မိုးညှင်း၊ မိုးကောင်းသို့ ချီစေသည်။

ကောင်းတုံတိုက်ပွဲတွင် ဗလမင်းထင်၏ အစီအမံ အကွပ်အကဲ စေ့စပ်သေချာ ကောင်းမွန်မှုကြောင့် တရုတ်တို့ တပ်ပျက်၍ ကစဉ့်ကလျား ထွက်ပြေးရပြီး အသေအပျောက်များကြသည်။ တရုတ်တို့မှာ လူ အင်အား၊ မြင်းအင်အား များသော်လည်း နတ်ယောက်ျားနှင့်တူသော မြန်မာရဲမက်တော်တို့၏ လုပ်ရည်ကြံရည်ကို မခံနိုင်ကြ၊ သုံးရက်ဆက်တိုက် မနေမနား ဆက်တိုက် တိုက်ခိုက်ကြသည်တွင် တရုတ်တို့ မခံနိုင်ကြတော့ဘဲ တပ်ပျက်ကြခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် တရုတ်တပ်မှူး သုံးဆယ်ကျော်၊ လူတစ်သောင်းကျော် သေဆုံးကြသည်။

ဝန်ကြီးမဟာစည်သူ၏ မိုးကောင်းစစ်ကြောင်းသည်လည်း စစ်ပရိယာယ်ကြွယ်ဝစွာ တိုက်ခိုက်ကြရာ တရုတ်တို့ အသေအပျောက် များစွာဖြင့် တရုတ်ပြည်တိုင်အောင် ဆုတ်ခွာကြလေသည်။ လက်ဝဲဝင်းမှူးသည်လည်း တရုတ်ငါးသောင်းကျော်ကို တိုက်ထုတ်နိုင်ခဲ့သည်။ တရုတ်သုံးပုံ တစ်ပုံသာ တရုတ်ပြည်သို့ ပြန်လည် ဆုတ်ခွာနိုင်ကြပြီး ထိုတိုက်ပွဲများတွင် တရုတ်တို့၏ အမြောက်၊ စိန်ပြောင်း၊ သေနတ်၊ မြင်း၊ လား၊ သုံ့ပန်းလူသူ များစွာရလိုက်သည်။

သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် ဥတည်ဘွား၏ ညီနှင့်သမက်တို့က လူသုံးသိန်းစီပါသော စစ်ကြောင်းများဖြင့်လည်းကောင်း၊ စစ်သူကြီးနှစ်ဦးက လူခြောက်သိန်းပါ စစ်ကြောင်းဖြင့်လည်းကောင်း၊ သိန်းနီ၊ သီပေါ၊ ဗန်းမော်တို့သို့ စစ်ကြောင်းများခွဲ၍ ချီလာကြသည်။ သည်တစ်ကြိမ်တွင် တရုတ်တို့က မြန်မာပြည်အလုံးကို အကုန် သိမ်းယူမည်ဟု ကြုံးဝါး၍ စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့် ချီတက်လာကာ အင်းဝ နေပြည်တော် အနီးအပါးသို့ပင် ရောက်ရှိလာသည်။ မြန်မာတပ်မှူး တိမ်ကြားမင်းခေါင် ဦးဆောင်သောအဖွဲ့က တရုတ်တို့ပို့သမျှ ရိက္ခာကို ကွမ်းလုံကူးတို့ဆိပ်မှ ဆီးကြို၍ တိုက်ခိုက်သဖြင့် ရိက္ခာ ပို့တပ်ပျက်ပြီးလျှင် တင်ဆောင်သည့် မြင်း၊ လားများနှင့်တကွ မျိုး၊ ရိက္ခာကို မြန်မာတို့ အကုန်ရလိုက်ကြသည်။ ထို့ကြောင့် ရိက္ခာ အလျင်မမီသော တရုတ်တပ်တို့မှာ ရှေ့မတိုးနိုင်ဖြစ်ရသည့်အပြင် နောက်ပိုင်းတွင် ရိက္ခာပြတ်လပ်၍ ငတ်မွတ်သော အဖြစ်သို့ ရောက်ကြရသည်။

ဤနေရာတွင် ဝန်ကြီးမဟာသီဟသူရ၏ ဆိုစကားသည်လည်း မှတ်သားလောက်သည်ဖြစ်၍ ဖော်ပြလိုက်ပါသည်။ ၎င်းက “စစ်တို့သဘောသည် နောက်တပ်မနှင့် မျိုး၊ ရိက္ခာသာ အမြစ်အရင်း ဖြစ်သည်။ စစ်ဦး၊ စစ်ဖျားဆိုသည်မှာ အခက်အလက်မျှသာ ဖြစ်သည်။ အမြစ်အရင်းဖြစ်သော မျိုး၊ ရိက္ခာ၊ နောက်တပ်မကို ဖြတ်ပိုင်းတူးပစ်လျှင် အခက်အလက် ဖြစ်သော စစ်ဖျား၊ စစ်ဦး နွမ်းနယ် သွေ့ခြောက်၍ ထင်းမီးအစာတို့ ဖြစ်ရသကဲ့သို့သာ ရှိလိမ့်မည်”ဟူ၍ ဖြစ်ပါသည်။

ပြောသည့်အတိုင်းပင် သိန်းနီကို သိမ်းပိုက်ထားသော တရုတ်တပ်တို့အစာလည်း မစားရ၊ ရေလည်းအလွန် ငတ်မွတ်သောကြောင့် ဥတည်မင်း၏ညီ စူတာလောရဲသည် “သည်စစ်ကို ငါစည်းကြပ်ကွပ်ကဲသော်လည်း ခံရပ်နိုင်မည့်အကြောင်း မရှိ။ သေရသော်ကောင်း၏”ဟုဆိုကာ လည်ကို ဓားနှင့်လှီး၍ သတ်သေလေတော့သည်။ ထိုအခါ တရုတ်ဗိုလ်မှူး၊ စစ်ကဲတို့လည်း မကွပ်ကဲနိုင်ဘဲ တရုတ်တပ်အားလုံး အဆီးအတားမရှိ ပျက်လေတော့သည်။ မြန်မာတို့က လက်နက်၊ ဆင်၊ မြင်း၊ လား၊ မြည်းနှင့် သုံ့ပန်း များစွာ ရရှိလိုက်သည်။ သေသူများမှာလည်း မရေမတွက်နိုင်အောင် များပြား လွန်းလှသည်ဟု ဆိုသည်။

သိန်းနီကိုရပြီးသော် ဝန်ကြီး မဟာသီဟသူရတပ်တို့ သီပေါသို့ ဆက်လက်ချီတက်ပြီး ဝန်ကြီး မဟာစည်သူတပ်နှင့် သွားပေါင်းသည်။ ဥတည်မင်း၏သမက် စစ်သူကြီး မြင်းခုံရဲလည်း စားနပ်ရိက္ခာ ပြတ်လပ်၍ သေသူများလှသဖြင့် မြန်မာတပ်တို့ကို ပြန်လည်ခုခံခြင်း မပြုနိုင်ဘဲ ဆုတ်ခွာကြရာ မြန်မာတပ်တို့လိုက်၍ တိုက်သဖြင့် “တောတောင် အထပ်ထပ်တွင် တရုတ်တို့ အလောင်းချင်း ထပ်မျှ ကျဆုံးကြသည်”ဟု ဆိုသည်။ တရုတ်စစ်သူကြီး မြင်းခုံရဲလည်း မိုင်းလျဉ်မှသည် တရုတ်ပြည်တိုင်အောင် ပြေးလေတော့သည်။ မြန်မာတို့သိမ်းဆည်းရမိသော မြင်း၊ လား၊ လက်နက်၊ သုံ့ပန်းတို့ကား မနည်းလှပါ။ ဗန်းမော်သို့ ချီလာသည့် တရုတ်တပ် တစ်သိန်းကျော်သည် မြို့ကို အကြိမ်ကြိမ် အထပ်ထပ် ဝန်းရံ တိုက်ခိုက်ကြသော်လည်း မြို့တွင်းကခံသည့် ဗလမင်းထင်တပ်ကို မည်သို့မျှ မကျော်နိုင်ကြ။ တရုတ်တပ်တို့ မရေတွက်နိုင်အောင် ကျဆုံးကြသည်။ နောက်ဆုံးတွင် တရုတ်တပ်တို့ အစားအစာ ငတ်မွတ်လှသည်နှင့် ဆုတ်ခွာ ထွက်ပြေးကြတော့သည်။ 

မဆုံးနိုင်သော တရုတ်တို့၏ ကျူးကျော်မှုများ

သက္ကရာဇ် ၁၁၃၁ ခုနှစ်တွင် စစ်သည်အင်အား ငါးသိန်းပါသော တရုတ်တပ်ကြီးသည် ဗန်းမော်သို့ ချီလာပြန်သည်။ ၎င်းတို့သည် ဗလမင်းထင် ရှိနေသည့် ကောင်းတုံမြို့ကို ကြည်းတပ်အင်အား လူသုံးသိန်းအပြင် ရေကြောင်းကပါ အထပ်ထပ် ဝန်းရံပိတ်ဆို့၍ အကြိမ်ကြိမ် တက်သည်။ ဗလမင်းထင်လည်း မြို့ထိပ်မှနေ၍ အမြောက်၊ စိန်ပြောင်း၊ တုံးမောင်း၊ စက်ယန္တရား စသည် တပ်ဆင်၍ ပစ်ခတ်၊ ရိုက်ချသည်။ မြို့နား၊ တပ်နားသို့ ချဉ်းကပ်လာသည့် တရုတ် မှန်သမျှ မရေမတွက်နိုင်အောင် သေကြသည်။ တရုတ်တို့က မြို့နားသို့ မကပ်နိုင်သဖြင့် အဝေးမှနေ၍ အမြောက်၊ စိန် ပြောင်းတို့ဖြင့် နေ့ညမစဲ ပစ်ကြကုန်သည်။ မြန်မာဝန်ကြီး မဟာသီဟသူရ စစ်ကူ ရောက်လာပြီး တရုတ်ရေတပ်ကို တိုက်ခိုက်သဖြင့် မခံနိုင်ဘဲ တပ်ပျက်ပြီး အမြောက်၊ စိန်ပြောင်း၊ ခဲယမ်းများနှင့် သမ္ဗန်များကို ရလိုက်သည်။

ထိုတိုက်ပွဲများအတွင်း တရုတ်တပ်များနှင့် မြန်မာတပ်များတို့ တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားသည်။ နောက်ဆုံးတွင် တရုတ်တို့ အသေအပျောက်၊ အကျအဆုံး များပြီး ရိက္ခာလည်း မထောက်ပံ့နိုင်သည်ဖြစ်၍ ငြိမ်းချမ်းရေးစကား ပြောလာကြသည်။ တရုတ်စစ်သူကြီးတို့၏ ပြောစကားများအနက် မှတ်သား၍ သင်ခန်းစာယူစရာ အောက်ပါစကားကို ကောက်နုတ်ဖော်ပြပါသည်။

“ယခုစစ်ဖြစ်ကြသည်မှာလည်း သိန်းနီစော်ဘွား၊ ဗန်းမော်စော်ဘွား၊ မိုးကောင်းစော်ဘွား၊ ကျိုင်းရုံးစော်ဘွားတို့ လာရောက်ပင့်ချီ လျှောက်ထားသောကြောင့်ဖြစ်ပါသည်”ဟူသော ပြောစကားပင်ဖြစ်ပါသည်။

အလားတူ မြန်မာသေနာပတိ စစ်သူကြီး မဟာသီဟသူရ၏ အောက်ပါအတိုင်း စာဖြင့် ပြန်ကြား ပြောဆိုချက်သည်လည်း တရုတ်-မြန်မာ စစ်သမိုင်းတွင် အလေးထား မှတ်သားထိုက်သည့် သမိုင်းဝင်စကားပင် ဖြစ်ပါသည်။

“ငါတို့သခင် နေထွက်ဘုရင် ဘဝရှင်မင်းတရားကြီးသည် မင်းတို့ ကျင့်ရာသော တရားအပေါင်းတို့ကို အမြဲကျင့်ဆောင်တော်မူသည်ဖြစ်၍ တစ်တိုင်း၊ တစ်နိုင်ငံ တထီးတနန်း ဖြစ်သော ဥတည်မင်း၏ တိုင်းလယ်၊ ပြည်လယ်ကို မဆိုနှင့်ဦး၊ တိုင်းစွန်ပြည်နားကိုမျှ ထိပါးမည်ကို အလိုတော် မရှိ။ ဥတည်မင်းမှာမူကား ငါတို့ကျွန်တော်မျိုး ဗန်းမော် စော်ဘွားငယ်၊ သိန်းနီစော်ဘွားငယ်၊ ကျိုင်းရုံးစော်ဘွားငယ်၊ မိုးကောင်းစော်ဘွားငယ်တို့ ပြည်ကြီး နှစ်ပြည်အကြား ကုန်းချောသည့်စကားကို နာယူပြီးလျှင် လေးနှစ်တိုင်တိုင် အကြိမ်ကြိမ် စစ်ကြီးဆင်၍ တိုင်းနိုင်ငံတော်အတွင်း ချင်းနင်း ပေါက်ရောက်လာမှားလေသောကြောင့် တရုတ်စစ်သူကြီး၊ ဗိုလ်မှူး၊ တပ်မှူးတို့နှင့်တကွ၊ စစ်သည်အပေါင်းတို့ ဆုံးပါးပျက်စီး၍ ဆင်းရဲကြီးစွာ တွေ့ကြလေသည်။ သုံးနှစ်၊ လေးနှစ် မဆိုထားဦး၊ နှစ်တရာပင် တိုင်းနိုင်ငံတော်အတွင်း ချင်းနင်းပေါက်ရောက် လာချေသည် ရှိသော်သည်ကဲ့သို့ချည်း ဆင်းရဲတွေ့ကြရလိမ့်မည် မချွတ်ဖြစ်သည်”ဟူ၍ဖြစ်ပါသည်။ 

သက္ကရာဇ် ၁၁၃၁ ခုနှစ် နတ်တော်လဆန်း ၁၅ ရက် (ဗုဒ္ဓဟူး)နေ့တွင် မြန်မာကိုယ်စားလှယ်များနှင့် တရုတ်ကိုယ်စားလှယ်တို့ ကောင်းတုံမြို့ အရှေ့တောင်အရပ်တွင် အပြေအငြိမ်းစာချုပ် ချုပ်ဆိုကြသည်။ ထိုသို့ စာချုပ်ချုပ်ဆိုပွဲတွင် တရုတ်တပ်မှူးတို့က ဗလမင်းထင်နှင့် စံလှကြီးတို့အား “၎င်းတို့ လူနှစ်သိန်းခန့် ဝန်းရံ လုပ်ကြံသည်ကို မြို့ငယ် တပ်ငယ်နှင့်ခံ၍ ငါတို့ကို အောင်မြင်နိုင်လေသည်။ ဤသူနှစ်ယောက်ကား လူမဟုတ်၊ နတ်ယောက်ျားနှင့်အတူ ဖြစ်သည်”ဟု ချီးမွမ်းပြောဆိုသကဲ့သို့ ၎င်းတို့၏ ရိက္ခာပို့တပ်များကို လမ်းကနေ၍ တိုက်ယူသော ဗိုလ်မှူးမင်းရဲသီဟသူကိုလည်း “ဤသူကား သံကို သွန်းလုပ်သူနှင့်အတူပင်ဖြစ်သည်။ ဤသူကား လူမဟုတ် နတ်ဘီလူးကဲ့သို့ ဖြစ်သည်”ဟူသောစကားကိုလည်း နှောင်းလူတို့ သိကြစေသောငှာ မှတ်တမ်းပြုအပ်ပါသည်။

နိဂုံး 

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနှင့်တရုတ်တို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်၍ နှစ်ဦး နှစ်ဖက် အကျိုးရှိအောင် ရပ်တည် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို အကြောင်းပြု၍ ယခုခေတ်လူငယ်များ အသိဗဟုသုတ ရှိကြစေရန်အတွက် မြန်မာနှင့်တရုတ်တို့ ရှေးက ဖြစ်ဖူးခဲ့သည့် နိုင်ငံရေးနှင့်စစ်ရေး အစဉ်အလာကို အကြမ်းဖျင်းမျှ တင်ပြခြင်းဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီးသည်မှစ၍ ဖဆပလခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်နှင့် ယနေ့ခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေများကိုမူ လက်လှမ်းမီကြသည်ဖြစ်၍ (ဆောင်းပါးလည်း ရှည်လှပြီဖြစ်၍) မဖော်ပြတော့ပါ။

ယခုတင်ပြခဲ့သည်တို့မှ အောက်ပါ သင်ခန်းစာများကို ထုတ်နုတ်ရယူနိုင်ပါသည်။

- နယ်စပ်ဒေသ အစွန်အဖျားတွင် နေထိုင်သူတို့သည် တစ်ဖက်နိုင်ငံ နှင့်နီးစပ်သည်ဖြစ်၍ တစ်ဘက်နိုင်ငံကို အထင်ကြီး၊ လေးစား၊ အားကျကာ အားကိုးလိုစိတ်များ ဖြစ်ပွားတတ်သည်။

- မိမိတို့၏ အုပ်ချုပ်ရေး အလှမ်းဝေးသည်ဖြစ်၍ တစ်ဖက်နိုင်ငံ၏ အုပ်ချုပ်ရေးဩဇာ လွှမ်းမိုးနိုင်သည်။

- တစ်ဖက်နိုင်ငံမှ စစ်ရေး အကူအညီကို အချိန်မရွေး ရယူနိုင်သည်။

- နယ်စပ် အစွန်အဖျားနေသူတို့က တစ်ဖက်နိုင်ငံ အကြီးအကဲတို့အား ကုန်းချောတွန်းတိုက် မလိုစကား ဆိုကြခြင်းဖြင့် နှစ်နိုင်ငံ နားလည်မှု လွဲမှားကာ ချစ်ကြည်ရေး ပျက်ပြားနိုင်သည်။

ဤဆောင်းပါးကို နှစ်ဖက် စစ်သူကြီးတို့၏ အောက်ဖော်ပြပါ ပြောစကားများဖြင့် နိဂုံးချုပ်လိုက်ပါသည်။

“စကားမဆိုမပြေမီ ရန်သူဖြစ်၍ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြရသည်။ စကားဆို၍ပြေလျှင် တစ်ယောက်ကိုတစ်ယောက် ပေါက်ဖော်ရင်းချာကဲ့သို့  ရှိကြလေသည်” … (တရုတ်ဗိုလ်မှူး - ကွေ့စွေဗိုလ်)။

“ရတနာပူရ အင်းဝရွှေပြည်တော်ကြီးနှင့် တရုတ်ပြည် နှစ်ပြည်သည် ရှေးဘေးလောင်းတော်၊ ဘိုးလောင်းတော် အဆက်ဆက် အစဉ် မိတ်သဟာယဖြစ်၍ ရွှေလမ်း၊ ငွေလမ်း ပေါက်ရောက်ခဲ့ကြသည်။ ယခု မိမိတို့ဘက်မှ စော်ဘွားငယ်များ ပြေးဝင်လေသည်နှင့် ပြည်ကြီးနှစ်ပြည် ခိုက်ရန်ကြီးစွာ အကြိမ်ကြိမ် ဖြစ်ကြရသည်။ ထို့ကြောင့် ရှေးအစဉ်အလာအတိုင်း ပြည်နှစ်ပြည် ချမ်းသာကြမည့်အကြောင်းကို ပြေငြိမ်းအောင် ဆောင်ရွက်ပါ” (ဝန်ကြီး မဟာသီဟသူရ) ……. ၊ ……..။

သိန်းထက်အောင်
ကျမ်းကိုး - မှန်နန်းမဟာရာဇဝင်တော်ကြီး(ပြန်ကြားရေး)၊
ပျူနိုင်ငံတော်နှင့် ပျူနိုင်ငံသားများ(နိုင်ဇော်)၊
သုသောသိတ မဟာရာဇဝင်တော်ကြီး(ရာပြည့်စာအုပ်တိုက်)၊
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (နိုင်ပန်းလှ)….။


  • VIA