News

POST TYPE

PERSPECTIVE

ကိုင်တွယ်ရခက်တဲ့ အာဏာရှင်
04-Apr-2017
ခုတစ်လော ကမ္ဘာ့နိုင်ငံရေးမှာ အာဏာရှင်ဝါဒအကြောင်းတွေ ပြောဆိုရေးသား လာနေကြတာ တွေ့နေရတယ်။ အရင်က အာဏာရှင်ဆိုတာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က ရှင်းတယ်။ ရက်စက်တယ်။ ကြမ်းကြုတ်တယ်။ ရိုင်းစိုင်းတယ်။ ကွန်မြူနစ် အာဏာရှင်၊ ဖက်ဆစ် အာဏာရှင်၊ အမျိုးသားရေး အာဏာရှင် ဒါမျိုး သုံးကြတယ်။ စစ်အေးတိုက်ပွဲ ကာလက ဆိုဗီယက်အုပ်စုကို အာဏာရှင်နိုင်ငံတွေလို့ သုံးနှုန်းကြတယ်။ သံကန့်လန့်ကာပေါ့။ နောက် ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်အုပ်စု ပြိုပျက်သွားတယ်။ သံကန့်လန့်ကာ ကျဆုံးသွားတယ်။ ကမ္ဘာတစ်လွှား ဒီမိုကရေစီဝါဒ ထွန်းကားလာတယ်။ နိုင်ငံရေး သိပ္ပံပညာရှင်အချို့က အဲဒီလိုကမ္ဘာမှာ အာဏာရှင်ဝါဒ၊ အာဏာပိုင်ဝါဒ ကျဆုံးပြီးနောက် လစ်ဘရယ်ဝါဒ တစ်နည်း ဒီမိုကရေစီ ထွန်းကားတာကို သမိုင်းရဲ့နိဂုံးဆိုပြီး ကျူးရင့်ကြတယ်။ 

ကြာကြာမခံပါဘူး။ ဒီမိုကရေစီဝါဒကို ခြိမ်းခြောက်တဲ့ ဘာသာရေး၊ အမျိုးသားရေး အခြေခံတဲ့ အာဏာရှင်အစိုးရတွေ ခေါင်းထောင်လာတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းလို၊ အာဖဂန်နစ္စတန်လို အစ္စလာမ်နိုင်ငံတွေမှာ ဘာသာရေးအပေါ် အခြေခံတဲ့ အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ အာဏာရလာတယ်။ သိကြတဲ့အတိုင်းပဲ အဲဒီအစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ဆိုပြီး အနောက်နိုင်ငံတွေက အတိုက်အခံဆိုသူတွေကို ငွေအား၊ လက်နက်အားနဲ့ ပုံအောကူညီရာက မဆုံးနိုင်တဲ့ အခြားအစွန်းရောက် အဖွဲ့အစည်းတွေ အသွင်အမျိုးမျိုး၊ အမည်အမျိုးမျိုးနဲ့ ပေါ်ထွက်လာပြီး အခုဆို ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းဖြစ်တဲ့ IS ဆိုတာ ပေါ်ထွက်လာခဲ့ပြီ။ ဒီဆောင်းပါးမှာ ရေးချင်တာ တာလီဘန်တို့၊ IS တို့ဆိုတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေအကြောင်း မဟုတ်ဘူးဗျ။ သူတို့က တစ်အား အစွန်းရောက်လွန်းတယ်။ ယဉ်ကျေးတဲ့ကမ္ဘာအနေနဲ့ ဘယ်လိုမှ လက်သင့်ခံလို့ မရဘူး။ 

ရေးချင်တာက ဒီကနေ့ နိုင်ငံတကာမှာ ဒီမိုကရေစီ အမည်ခံပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီ တစ်ဝက်တစ်ပိုင်း နိုင်ငံတွေ၊ ဒီမိုကရေစီကနေ သွေဖည်တဲ့နိုင်ငံတွေ များသည်ထက် များလာနေတယ်။ အခြေအနေက စိုးရိမ်စရာ ဖြစ်လာနေပြီ။ ဒီမိုကရေစီစစ်စစ် ကျင့်သုံးရင်ပဲ အစိုးရတစ်ရပ်က ရေရှည်မခံတော့သလိုမျိုး ပြောဆိုနေတာတွေ ရှိတယ်။ အထူးသဖြင့် ဒီလိုစိုးရိမ်မှုမျိုးက သမိုင်းနှစ်ပေါင်း ရာနဲ့ချီပြီး ဒီမိုကရေစီ ရင့်ကျက်နေတဲ့ နိုင်ငံတွေက သိပ်ပြဿနာ မရှိဘူး။ နိုင်ငံအငယ်တွေ၊ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ နိုင်ငံတွေကျတော့ ဒီမိုကရေစီ ကျင့်သုံးရင်းနဲ့ကို အာဏာရှင်ဝါဒဘက်ကို တစ်ပတ်ပြန်လည်သွားတာ တွေ့နေရတယ်။ အိန္ဒိယနိုင်ငံဆို ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ်။ အခု အိန္ဒိယကို အုပ်ချုပ်နေတာ နိုင်ငံလူများစု ကိုးကွယ်တဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီတွေ ကြီးစိုးတဲ့ပါတီ ဖြစ်တယ်။ အမုန်းစကားတွေ မကြာ မကြာ ပြောတယ်လို့ စွပ်စွဲခံရတဲ့ပါတီ ဖြစ်တယ်။ သို့သော် ဒီမိုကရေစီဆိုတာရဲ့ အောက်မှာ အာဏာရခဲ့ပြီ။ အထင်ရှားဆုံးကတော့ အမေရိကန်ပြည်ထောင်စုပေါ့။ အခုတက်လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို ဖက်ဆစ်ဝါဒီ၊ အမုန်းစကား ပြောတဲ့သူလို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲကြတယ်။ သူလည်း ဒီမိုကရေစီ ဆိုတာရဲ့အောက်မှာ အာဏာရခဲ့ပြီ။ 

နိုင်ငံအငယ်တွေဆို ပိုဆိုးတာပေါ့။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆို အခုဒီမိုကရေစီ ဆိတ်သုဉ်းနေပြီဆိုပြီး ဝေဖန်ကြတယ်။ သို့သော် ပန်းပန်လျက်ပဲ။ ထိုင်းနိုင်ငံဆိုလည်း စစ်တပ်က အာဏာ သိမ်းတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ စိတ်ကြိုက် ရေးဆွဲတယ်။ စစ်ခေါင်းဆောင်က အရပ်သား အမည်ခံပြီး အာဏာ ဆက်ယူထားတယ်။ အဆင်ပြေနေတာပဲ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး အင်မတန် အလေးထားပါတယ်ဆိုတဲ့ ဥရောပတိုက်မှာတောင် ပိုလန်နိုင်ငံတို့၊ ဟန်ဂေရီနိုင်ငံတို့မှာ ရွေးကောက်ခံ အစိုးရတွေကို အာဏာရှင်ဆန်တယ်ဆိုပြီး ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ အထူးသဖြင့်  ရွှေ့ပြောင်း လူဝင်မှု မူဝါဒတွေနဲ့ ပတ်သက်ရင် ဥရောပ အရှေ့ပိုင်းနိုင်ငံတွေဟာ ဒီမိုကရေစီ မကျဘူး။ ယဉ်ကျေးတဲ့ ဥရောပ လူ့အဖွဲ့အစည်းကို ကန့်လန့်တိုက်တယ် ဆိုတဲ့အမြင်တွေ ရှိတယ်။ ပိုလန်တို့၊ ဟန်ဂေရီတို့ကလည်း သူတို့က အာဏာရှင်ဆန်တာ မဟုတ်ဘူး။ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တာသာ ဖြစ်တယ်ဆိုတာမျိုး တုံ့ပြန်ကြတယ်။ ဆိုရရင် ဒီကနေ့ ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေ ဆိုတာထက် ဒီမိုကရေစီ အမည်ခံပြီး အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်တဲ့နိုင်ငံတွေက အများစုလို ဖြစ်လာနေတယ်။ အတိုက်အခံတွေကို နည်းအမျိုးမျိုးနဲ့  နှိပ်ကွပ်လာတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်လာတယ်။ ပျော့ပျော့ပြောင်းပြောင်း အာဏာရှင်တွေကနေ မာမာကျောကျော အာဏာရှင်တွေ ဖြစ်လာနေတယ်။ ဒါကို ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ တစ်နည်း လစ်ဘရယ်ဝါဒကို ခြိမ်းခြောက်မှုလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြတယ်။

ကောင်းပြီ။ ဒီလိုဆို အခုလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးတဲ့ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ ဒီမိုကရေစီအသွင်ယူ လစ်ဘရယ် အယောင်ဆောင်တဲ့ အာဏာရှင်ဝါဒကို ဘယ်လို ထိန်းချုပ်ကြမလဲ။ ဘယ်လို တန်ပြန်ကြမလဲ။ ဆိုတော့ အရင်က အာဏာရှင်ဝါဒကို ဘယ်လို တိုက်ဖျက်ခဲ့ကြသလဲ။ အရင်က အာဏာရှင်ဆိုတာ အရမ်း ထင်ရှားတယ်ဗျ။ အာဏာရှင်ဆိုတဲ့နိုင်ငံမှာ အတိုက်အခံ ဆိုတာကို ခွင့်မပြုဘူး။ ဘာဆန္ဒပြမှုမှ ခွင့်မပြုဘူး။ အင်တာနက် သုံးစွဲလို့ တင်းကျပ်တယ်။ အများပြည်သူ ပျော်ရွှင်မှုဆိုတာတောင် တိတိလင်းလင်း ခွင့်မပြုတတ်ဘူး။ အခု အာဏာရှင်ဆိုတဲ့သူတွေ၊ အာဏာရှင်ဆိုတဲ့ နိုင်ငံတွေက နပ်သွားပြီ။ အကုန်ခွင့်ပြုတယ်။ သူတို့မှာ သူတို့မီဒီယာ ရှိတယ်။ သူတို့ အဖွဲ့အစည်းရှိတယ်။ သူတို့လူတွေ ရှိတယ်။ ဆန္ဒပြလို့ ပစ်မယ်၊ ခတ်မယ်ဆိုတာမျိုးလည်း မလုပ်တော့ဘူး။ တစ်ဖက်က ဆန္ဒပြရင်း ခြေကုန်လက်ပန်း ကျစေတဲ့နည်းမျိုးပဲ သုံးတော့တယ်။ အာဏာရှင်ဆိုတာ နောက်ကွယ်ကို ဝင်သွားပြီ။ လူလုံးမပြတော့ဘူး။ စကား ကြမ်းကြမ်းတမ်းတမ်း မသုံးတော့ဘူး။ ဇွတ်မှိတ် မငြင်းဆန်တော့ဘူး။ အားလုံးနဲ့ သင့်အောင် ပေါင်းရင်း ရောချလိုက်ပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ ရောသမမွှေလိုက်ပြီ။ ကိုင်ရတွယ်ရ သိပ်ခက်ခဲသွားပြီ။ 

ခုတစ်လော မြန်မာ့နိုင်ငံရေးမှာ စိတ်ပျက်စရာတွေ များပြားလာနေတာနဲ့အမျှ တစ်နေ့ မြန်မာနိုင်ငံမှာ အာဏာရှင်ဝါဒ ခေါင်းထောင်ထလာမလားဆိုတဲ့ အမေးက ပိုမို ထွက်ပေါ်လာနေတယ်။ အထူးသဖြင့့် စစ်တပ် ပြန်လာမလားဆိုတဲ့ အမေးရှိနေတယ်။ အခု တပ်မတော်ကလည်း အရင် တပ်မတော် မဟုတ်တော့ဘူး။ အရင်လို အတွေးအခေါ်မျိုး မဟုတ်တော့ဘူး။ အများကြီး ပါးနပ်ပျော့ပျောင်းသွားပြီ။ ပျော့ပျောင်းတယ်ဆိုတာ တစ်ခါတလေ ပိုကြောက်ရတယ်။ ပျော့ပျောင်းမှုရဲ့နောက်ကွယ်မှာ စုစည်းမှုတွေ၊ အားယူမှုတွေ ရှိနေတတ်တယ်။ သေချာတာကတော့ တိုင်းပြည် အခြေအနေ အကြီးအကျယ် မပျက်စီး၊ မယိုယွင်းသမျှ စစ်တပ်ပြန်လာဖို့ မရှိဘူး။ အခုဆို လူအတော်များများက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဆက်လက် ပါဝင်နေမှုကို မလိုလား၊ မနှစ်သက်ကြဘူး။ ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ အခုထိတော့ မအောင်မြင်သေးဘူး ပြောရမှာပေါ့။ လက်ရှိ အခြေအနေမှာ တပ်မတော်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် လုံခြုံရေးလို တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဓိကနေရာတွေ ချုပ်ကိုင်ထားလို့ တကယ်တော့ မြန်မာ့နိုင်ငံရေးဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံရေးပါဆိုပြီး သုံးသပ်တာတွေလည်း ရှိပါတယ်။ ဟုတ်သည်ဆိုသည့်တိုင် ကိုင်တွယ်ရခက်ပြီလေ။ စစ်အစိုးရ အမည်ခံထားတာလည်းမဟုတ်၊ ဝန်ကြီးဌာန အများစုကို ချုပ်ကိုင်ထားတာလည်း မဟုတ်၊ တိုင်းပြည် တည်ငြိမ်လာတာနဲ့အမျှ တစ်နေ့ကျရင် နိုင်ငံရေးက ထွက်သွားပါမယ်လို့ လူသိရှင်ကြား ပြောကြားထားတဲ့ ယဉ်ကျေးတဲ့ တပ်မတော် ဖြစ်နေပြီ။ ယဉ်ကျေးချင်ယောင် ဆောင်တာပါဆိုသည့်တိုင် သမိုင်းအဆက်ဆက် အတွေ့အကြုံများမှတစ်ဆင့် လေ့လာသင်ယူ၊ ပြင်ဆင် တည်ဆောက်ထားတဲ့ ဒီနေ့ခေတ် မြန်မာ့တပ်မတော်ကို အရပ်သား အစိုးရအနေနဲ့ ကိုယ်လိုချင်တဲ့ပုံစံမျိုးဖြစ်အောင် ချဉ်းကပ်ကိုင်တွယ်ဖို့ ခက်ခဲနေမှာတော့ အသေအချာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။  

အောင်အောင် (IR)


  • VIA