News

POST TYPE

PERSPECTIVE

ပျောက်ဆုံးသွားသည့် ဓနဥစ္စာများနှင့် နားလည်ရခက်သည့် မြန်မာ့စီးပွားရေး
03-Apr-2017


ခရီးသွားစရာရှိသဖြင့် ဘဏ်တစ်ခုထဲ ဝင်ပြီး နိုင်ငံခြားသုံးငွေ ဝင် ဝယ်သည်။ အမေရိကန် ဒေါ်လာမဟုတ်။ စင်ကာပူ ဒေါ်လာ ၅၀ဝ ခန့်မျှသာ။ ရောင်းစရာ မရှိပါဟု ဘဏ်က ဆိုသည်။ အနီးနားကပ်လျက် အခြားဘဏ် တစ်ခုသို့ ဝင်မေးရာ ၁၀ဝ တော့ ရမည်ဟု ဖြေသည်။ လိုချင်တာက ၅၀ဝ။ ရောင်းပေးမှာက ၁၀ဝ တည်းဆိုတော့ ဟိုမရောက် ဒီမရောက်။ ငါးရာတောင် မရှိဘူးလားကွာ၊ မင်းတို့က ဘဏ်ကြီးဖြစ်နေပြီးတော့ ဆိုတော့ မရှိလို့ပါ အစ်ကို ဒီလိုပဲမျှ ရောင်းပေးနေရတယ်တဲ့။ ကိုယ်က စီးပွားရေးနှင့် ပတ်သက်လျှင် သာမန်လူတစ်ယောက် သိထားသလောက်သာ သိသည်မို့ ဘာ့ကြောင့် သူတို့ ရောင်းမပေးနိုင်သည်ကို နားမလည်။ ဒီလိုပဲ Customer တစ်ယောက်လာ။ ၁၀ဝ စီမျှ ရောင်းပေးဆိုလျှင်တော့ သူတို့ဘာအတွက် နိုင်ငံခြားငွေ ရောင်းဝယ်ရေး Money Changer ဆိုင်းဘုတ် တပ်ပြီး နိုင်ငံတကာ ငွေလဲနှုန်းတွေကို အယ်လ်အီးဒီ ဘုတ်ကြီးနှင့် တခမ်းတနား ပြသနေသလဲ နားမလည်နိုင်တော့။ ဒီဆိုင်းဘုတ်တွေက အလှပြသက်သက်လား။ ဒါနှင့် နေပါဦး အပြင်မှာ ရနိုင်မယ့် နေရာရှိရင် လမ်းညွှန်ပေးပါလားကွာ ... ဆိုတော့ ရန်ကင်းစင်တာရှေ့နားက စတိုးဆိုင်ကို သွားလိုက် အစ်ကို အဲဒီမှာ ရနိုင်တယ်တဲ့။ သူပြောသည့်အတိုင်း အဲဒီနေရာကို သွားလိုက်တော့ ဒေါ်လာသာမက စင်ကာပူ၊ မလေး၊ ထိုင်းငွေ အားလုံး လိုသလောက် ဝယ်မလား ရောင်းမလား ရနေတာ တွေ့ရသည်။ လွယ်လိုက်သည့်ဖြစ်ခြင်း။ ဈေးကတော့ မဆိုစလောက် ကွာသည်ပေါ့။ ဒါက မြန်မာပြည်က ဘဏ်တွေမှာ ကြုံနေရသည့် အဖြစ်တစ်ခု။
 
ဟိုတစ်လောတုန်းက လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း မိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သူ့လုပ်ငန်း တိုးချဲ့ရန် ပရောဂျက်အသစ် တစ်ခုရထားသော်လည်း ငွေကြေး မလုံလောက်မှုနှင့် ကြုံနေရကြောင်း၊ သူ့မှာပိုင်ဆိုင်မှုတွေ ရှိနေသော်လည်း မထုခွဲလိုဘဲ ငွေအမြန် ရလိုကြောင်း ပြောကြရင်း ဘဏ်မှာငွေချေးသည့် ခေါင်းစဉ်သို့ ရောက်သွားသည်။ မလွယ်ဘူးဗျ၊ အလုပ်ရှုပ်တယ်။ အဆင့်တွေ အများကြီး စိတ်မရှည်ချင်ဘူး ...ဟု ဆိုသည်။ ဘဏ်လုပ်ငန်း ဆိုသည်က လူအများကို ငွေကြေး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဟု နားလည်ထားသည်။ လူအများ၏ စုဆောင်းအပ်ငွေများ လက်ခံ ထိန်းသိမ်းခြင်းနှင့် ငွေထုတ်ချေးခြင်းဟု ယေဘုယျ နားလည်ထားသော်လည်း ဘဏ်အများစုက စုဆောင်း ငွေလက်ခံခြင်းနှင့် ပြန်လည် ထုတ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း အလုပ်တွေကိုသာ မြင်မြင်ထင်ထင် လုပ်နေတာ တွေ့ရပြီး ငွေထုတ်ချေးသော အလုပ်တွေကိုတော့ သိပ်မတွေ့ရပါ။ မိတ်ဆွေ လုပ်ငန်းရှင်ဆိုလျှင် ခိုင်မာတောင့်တင်းသော လည်ပတ်နေသည့် ကုမ္ပဏီပိုင်ရှင် ဖြစ်သော်လည်း ဘဏ်က ငွေချေးဖို့အတွက်ကျတော့ တွန့်နေသည်။ သာမန်သူတွေ အဖို့တော့ ပြောဖွယ်ရာ မရှိတော့။ သူက ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေအပေါ် ဂျပန်ဘဏ်တွေက ဘယ်လို ယုံကြည်ပုံ၊ ငွေချေးရ လွယ်ပြီး အတိုးနှုန်း သက်သာပုံကို နမူနာထားပြီး ပြောပြသည်။ ကျွန်တော်တို့ဆီမှာ SME လို အသေးစား အလတ်စား လုပ်ငန်းရှင်တွေအတွက် ငွေချေးနိုင်ဖို့ အခွင့်အလမ်း နည်းပါးနေတုန်း ဖြစ်သော်လည်း အသစ်အသစ်သော ဘဏ်ရုံးခွဲတွေကတော့ ကွမ်းယာဆိုင်တွေလိုပဲ ပေါသည်။ ဟိုနားကြည့်လည်း ဘဏ်။ ဒီနားကြည့်လည်း ဘဏ်။

တစ်လောတုန်းက မြန်မာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်သည့် စီးပွားရေး ဖိုရမ်တစ်ခု ကျင်းပသွားတာ တွေ့ရသည်။ နိုင်ငံတကာ မီဒီယာကြီး တစ်ခုက ဦးဆောင် ကျင်းပသော ထိုဖိုရမ်မှာ စီးပွားရေး လုပ်ငန်းရှင်တချို့၏ အင်တာဗျူးများကိုလည်း တွေ့လိုက်ရသည်။ တကယ်တော့ မြန်မာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဆိုသူများမှာ ပြီးခဲ့သည့် ကာလများအတွင်း အကြောင်း အမျိုးမျိုးကြောင့် ကြွယ်ဝချမ်းသာလာသူများ ဖြစ်သည်။ သူတို့ကို ခရိုနီဟု ခေါ်ဝေါ်ကြသော်လည်း သူတို့ကတော့ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးများဟု ခံယူသည်။ အင်တာဗျူး တစ်ခုမှာတော့ စီးပွားရေး လုပ်ငန်းရှင်ကြီး၏ ကြွယ်ဝချမ်းသာမှုများနှင့် သူ၏ စီးပွားရေး လုပ်ငန်းများကို အင်တာဗျူးသူက ရေရွတ်သွားသည်။ Hotels, Constructions, Energy, Retail, Financial... စသည်ဖြင့်။ စီးပွားရေး လုပ်ငန်းတွေက စုံလင်လှသည်။ သည်အထဲမှာ Energy တို့၊ Retail တို့ ပါဝင်နေတော့ အံ့အားသင့်ရသည်။ နိုင်ငံတကာ စီးပွားရေး လောကမှာတော့ Energy ဟုဆိုလျှင် စွမ်းအင်ရှာဖွေ တူးဖော်ထုတ်လုပ် ဖြန့်ဖြူးသည့် ကုမ္ပဏီကြီးများ ဖြစ်သည်။ Exxon, Chevron, Shell, BP, Total စသည်ဖြင့် နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများကိုသာ ပြေးမြင်မိသည်။ သည်မှာတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်း ဖြန့်ဖြူးသူတွေက Energy လုပ်ငန်းရှင်တွေ ဖြစ်သည်။ Retail လုပ်ငန်းကလည်း မြန်မာပြည်မှာတော့ စီးတီးမတ်က အအောင်မြင်ဆုံးဖြစ်သည်။ ကျန်ကုမ္ပဏီတွေတော့ သိပ် မကြားဖူး။

Energy ကုမ္ပဏီဆိုလို့ ယခုရက်ပိုင်းအတွင်း စက်သုံးဆီ တင်သွင်း ရောင်းချသော စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် သတင်းတစ်ခု ဖြစ်သွားသည်။ စီးပွား/ကူးသန်း ဝန်ကြီးက စက်သုံးဆီ တင်သွင်းရောင်းချသည့် လုပ်ငန်းကို ပြည်ပ ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ပြောကြားလိုက်ရုံရှိသေး ထိုလုပ်ငန်းရှင်များ ခေါင်းချင်း ရိုက်သွားပြီး ထိုအစီအစဉ် အထမမြောက်အောင် ကြိုးစားနေကြသည်။ ထိုအစီအစဉ်ကို ဝယ်ယူ သုံးစွဲနေကြသူ ပြည်သူတွေက လက်ခုပ်ဩဘာ ပေးသော်လည်း ထိုလုပ်ငန်းရှင်ကြီးများက မနှစ်မြို့။ မိမိတို့ လက်ရှိ ခံစားနေရသော စီပွားရေး အမြတ်အစွန်း ဝေစုကို နိုင်ငံတကာ ကုမ္ပဏီများသို့ ခွဲပေးလိုဟန်မရှိ။ အားလုံး သိကြသည့်အတိုင်း မြန်မာပြည် စက်သုံးဆီ ဖြန့်ဖြူးသည့်စနစ်က ဈေးကွက် စီးပွားရေး ခေါင်းစဉ်အောက်မှာ အမည်နာမ အမျိုးမျိုး၊ ဈေးနှုန်း အရည်အသွေး အမျိုးမျိုး ဖြစ်နေသည်။ အဓိက စီးပွားရေး လုပ်ငန်းရှင် အုပ်စုကြီးတစ်စုနှင့် မပြောပလောက်သော တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်တွေက မြန်မာပြည်စက်သုံးဆီဈေးကွက်ကို ချုပ်ကိုင်ခြယ်လှယ်နေကြသည်။

ခေတ်သစ်ကမ္ဘာ၏ စီးပွားရေးမှာ စွမ်းအင်လောင်စာက မရှိမဖြစ် အရေးပါသည်။ နိုင်ငံအားလုံး ထိုအရင်းအမြစ်ကို ကြွယ်ဝအောင် ကြိုးစား နေကြသည်။ အမြတ်အစွန်း ပမာဏ ကြီးမားသော လုပ်ငန်းများပင်။ ထိုကဲ့သို့ ကြီးမားသော လုပ်ငန်းတစ်ခုကို ဈေးကွက် စီးပွားရေး သဘောအရ ပြည်တွင်းလုပ်ငန်းရှင် အစုအဖွဲ့ တစ်ခုအတွက် သာမက အင်အားတောင့်တင်းသည့် နိုင်ငံတကာ ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးလိုက်လျှင် ဈေးကွက် မသမာမှုတွေ ပျောက်ဆုံးသွားမှာ ဖြစ်သလို အခြားနိုင်ငံများ နည်းတူ လောင်စာဆီကို အရည်အသွေးမီမီ ဈေးနှုန်းမှန်မှန်နှင့် ရနိုင်မည်ဖြစ်သည်။ သို့သော် ထိုအခြေအနေမျိုးကို ပြည်တွင်း ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေက မနှစ်မြို့ကြ။

စီးပွားရေးအကြောင်းပြောတော့ နိုင်ငံ၏ ဓနဥစ္စာများအတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ နိုင်ငံက ချမ်းသာပေမယ့် လူတွေက ဆင်းရဲနေတယ်။ လူအများစု ဆင်းရဲနေချိန်မှာ ကိုယ်တစ်ယောက်တည်း ချမ်းသာနေတာဟာ ရှက်စရာ ကောင်းတယ် စသည်ဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ မိန့်ခွန်းထဲမှာ ထည့်ပြောလေ့ ရှိသည်။ အားလုံး သိကြသည့်အတိုင်း နိုင်ငံက ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်သေးပါ။ စီးပွားရေး ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေတုန်းဖြစ်သည်။ ကမ္ဘာကြီးနှင့် ယှဉ်မကြည့်ပါနှင့်ဦး။ အရှေ့တောင်အာရှမှာပင် လာအို၊ ကမ္ဘောဒီးယားအောက် အဆင်းရဲဆုံး စာရင်းဝင် ဖြစ်နေသေးသည်။ နိုင်ငံ၏ ပကတိ ပထဝီ အနေအထားအရ သည်လို ဆင်းရဲနေစရာ အကြောင်းမရှိ။ ကျယ်ပြောသော ပင်လယ်ရေပြင်၊ ရှည်လျားသော ကမ်းရိုးတန်း၊ စိုက်ပျိုးနိုင်သည့် သဘာဝ မြေဩဇာကြွယ်ဝသည့် မြစ်ဝကျွန်းပေါ်  မြစ်ချောင်းများနှင့် လွင်ပြင်များ၊ ရှားပါး ကျောက်မျက် ရတနာမျိုးစုံ ထုတ်ယူနိုင်သည့် တောင်ကုန်း တောင်တန်းများ၊ သစ်တောကြီးများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်ကြီးများ။ တကယ်ဆိုလျှင် သည်နိုင်ငံသည်လို ဆင်းရဲနိမ့်ကျမနေသင့်ပါ။ ဒါဆိုလျှင် နိုင်ငံ၏ ဓနဥစ္စာတွေ ဘယ်ရောက် ကုန်ကြသနည်း။

ပြီးခဲ့သည့်တစ်ပတ်က မြောက်ဒဂုံမြို့နယ်ထဲရှိ အလုပ်အကိုင် ရှာဖွေရေးရုံးတစ်ခုမှာ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ခွင့် ရရှိရေး လျှောက်လွှာ တိုးဝှေ့ ဝယ်ယူကြရာမှ လူငယ်များ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည့် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထောင်နှင့်ချီသည့် မြန်မာ လူငယ်များ အလုပ်အကိုင်ဝင်ခွင့် လျှောက်လွှာတစ်စောင် ဝယ်ယူခွင့်ရရေး အသည်းအသန် အလုအယက် ဖြစ်နေကြသည့်မြင်ကွင်းက ယနေ့ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို လှစ်ဟပြနေသည်။ ပြည်တွင်း၌ လုံလောက်သော အလုပ်အကိုင် အခွင့်အလမ်းမရှိ။ လုံလောက်သည့်ဝင်ငွေ လစာရနိုင်သည့် အလုပ်အကိုင် မဖန်တီးပေးနိုင်။ သည်တော့ လူငယ်တွေ ပြည်ပကို အလုံးအရင်းနှင့်ထွက်ပြီး အလုပ်ရှာကြသည်။ သည်ဖြစ်ရပ်က  ယခင်အစိုးရ လက်ထက်ကတည်းက ဖြစ်သည်။ စာရင်းဇယားအရ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီအထိ ပြည်ပသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေ ၁၆၁,၂၉၅ ဦးရှိသည်ဟု သိရသည်။ ထွက်ခွာသွားသည့် နိုင်ငံတွေထဲမှာ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ကာတာ၊ မကာအို အစရှိသည့် နိုင်ငံတွေ ပါဝင်သည်။ အဓိက အချက်မှာ အခြေခံ လုပ်ခလစာ ကွာခြားမှုကြောင့် ဖြစ်သည်။ ပြည်တွင်းတွင် တစ်နှစ်လုံး ကျုံးရုန်း လုပ်ကိုင်၍ရသော ဝင်ငွေနှင့် ပြည်ပမှာ လအနည်းငယ်အတွင်း ရရှိသော ဝင်ငွေ ကွာခြားသည်။ ထို့ကြောင့် မွန်၊ တနင်္သာရီ၊ ပဲခူး အပါအဝင် နိုင်ငံအလယ်ပိုင်းရှိ အလုပ်လုပ်ကိုင်နိုင်သူ အားလုံး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်နေကြသဖြင့် ပြည်တွင်း လယ်ယာ စိုက်ပျိုးရေးမှာ လုပ်သား ရှားပါးမှုတွေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ စာရင်းများအရ ထိုင်းနိုင်ငံ တစ်ခုတည်းမှာပင် မြန်မာလုပ်သား ငါးသန်းကျော် ရှိသည်ဆို၏။

နိုင်ငံစီးပွားရေးနှင့် နိုင်ငံ့ဓနဥစ္စာက လူတစ်စုလက်ထဲ ရောက်ရှိနေသည်။ ဆင်းရဲ ချမ်းသာကွာဟမှု အချိုးအစားက ကြီးလွန်းလှသည်။ ချမ်းသာသူ လူနည်းစုနှင့် ဆင်းရဲသူ လူအများစုကြားမှာ အလယ်အလတ် တန်းစား (Middle Class) က အနည်းအကျဉ်းသာ ရှိသည်။ ငွေကို သုံးနိုင် စွဲနိုင်သော လစာဝင်ငွေ သင့်တင့်သော လူလတ်တန်းစားတွေ များများရှိလာမှ နိုင်ငံစီးပွားရေးက အားကောင်းလာမည်။ လူလတ်တန်းစားတွေ အများကြီး ရှိလာဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့လိုသည်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့ ဆိုသည်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာဖို့ လိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာဖို့ လိုအပ်ချက်များစွာ ရှိသည့်အနက် တိုင်းရင်းသား လုပ်ငန်းရှင်တွေက ကိုယ်ကျိုးစီးပွား အကာအကွယ်ယူလွန်းလျှင်လည်း စီးပွားရေး နွံထဲက ရုန်းထွက်ဖို့ ခက်ခဲဦးမည် ထင်မြင်မိကြောင်းပါ ...။

ချစ်ဝင်းမောင်

  • VIA