News

POST TYPE

PERSPECTIVE

e-Government ဘာလဲ ဘယ်လဲ
03-Apr-2017


ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာတင်ပြခဲ့တဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ အချက်အလက်တွေအရ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ e-Government စနစ် အကောင်အထည် ဖော်ဖို့အတွက် ရန်ပုံငွေ ကျပ် သန်းတစ်ထောင် လျာထားတောင်းခံခဲ့တယ်လို့ သတင်းတွေမှာ ဖတ်မိလိုက်ပါတယ်။
  
မှတ်တမ်းတွေအရဆိုရင်တော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂ ခုတုန်းကလည်း e-Government စနစ် အကောင်အထည် ဖော်ဖို့ ဒီလို ကျပ်သန်း တစ်ထောင်စီ တောင်းခဲ့ဖူးတာကြောင့် e-Government ခေါင်းစဉ်နဲ့ သုံးကြိမ်မြောက် တောင်းခံခြင်း ဖြစ်ပါတယ်။ ဒါကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရဲ့ သုံးသပ်ချက် အစီရင်ခံစာမှာ ထည့်သွင်း ဝေဖန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁ သန်းဝန်းကျင်လောက် အသုံးပြုပြီး တည်ဆောက်နေတဲ့ မြန်မာပြည်ရဲ့ e-Government အခြေအနေက လက်ရှိမှာ ဘယ်အနေအထား ရောက်နေပြီလဲ။ တကယ်ရော အလုပ်ဖြစ်ခဲ့ရဲ့လား ပြန်ဆန်းစစ်ဖို့ လိုလာပါပြီ။ 

လက်ရှိမှာ တိုင်းဒေသကြီးပဲဖြစ်ဖြစ်၊ ပြည်ထောင်စုအစိုးရပဲဖြစ်ဖြစ် အစိုးရအဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ ရုံးလုပ်ငန်းတွေကို Online စနစ်နဲ့ ဘယ်အတိုင်းအတာအထိ သွားနေပြီလဲ။ ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ Web Portal တွေ တည်ဆောက်နိုင်ပြီလား။ ဝန်ကြီးဌာနတိုင်း Website လွှင့်တင်နိုင်နေပြီလား။ လွှင့်တင်ထားတဲ့ Website တွေကရော အလုပ်တကယ် ဖြစ်ရဲ့လား။ ဝန်ထမ်းတွေရဲ့ ICT Knowledge ကျေညက်မှုက ဘယ်လောက် အတိုင်းအတာအထိ တိုးတက်လာနေပြီလဲ။ ရုံးလုပ်ငန်းတွေ ဘယ်လောက် မြန်ဆန်လာနေပြီလဲ စတဲ့မေးခွန်းတွ အများကြီး ရှိလာပါတယ်။ 

သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် မြန်မာပြည်မှာ e-Government ဆိုတဲ့ စကားစုက နားထောင်ကောင်းရုံသက်သက် ယုံတမ်းစကား ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဆယ်စုနှစ်နှင့်ချီပြီး နားထောင်ခဲ့ရပေမယ့် ခုထိ နည်းပညာနယ်ပယ် အတွင်းရှိ သိသာထင်ရှားတဲ့ အကောင်အထည်ကို မမြင်ရသေးတဲ့ ကဏ္ဍလည်း ဖြစ်နေပါသေးတယ်။ 

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်း လောက် သုံးထားတဲ့ မြန်မာပြည်ရဲ့ e-Government အခြေအနေကို ပြန်သုံးသပ်ရရင် UN ရဲ့ ထုတ်ပြန်ချက်တွေအရ e-Government  စနစ် အလုပ်ဖြစ်မှု အပိုင်းမှာ ကမ္ဘာအဆင့် ၁၆၉ ဆိုတဲ့ နေရာမှာ ရပ်တည်နေပြီးတော့ အာရှနိုင်ငံတွေချည်း သီးသန့် တွက်ချက်မယ်ဆိုရင်တော့ အညံ့ဖျင်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ 

e-Government  စနစ်မှာ အညံ့ဖျင်းဆုံး နိုင်ငံဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ National Portal မရှိသေးတာ၊ စနစ်ကျတဲ့ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည် မဖော်နိုင်သေးတာ၊ အစိုးရဝန်ထမ်းတွေကို Awareness လုပ်မှုအပိုင်း အားနည်းတာ စတဲ့ e-Government စနစ်ရဲ့ အခြေခံ ဒေါက်တိုင်တွေကနေစပြီး မပြည့်စုံသေးတာကြောင့်ပါပဲ။

National Portal ဆိုတာမျိုးက ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး အစိုးရနဲ့ ဝန်ကြီးဌာနတွေရဲ့ ဝန်ဆောင်မှုတွေကို One-stop ပုံစံနဲ့ အလွယ်တကူ ဝင်ရောက် အသုံးပြုနိုင်စေဖို့ ဖန်တီးထားတဲ့ Web Portal ကြီးတစ်ခုဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီ Portal ကနေတစ်ဆင့် ကိုယ်သိချင်တာတွေ ရှာဖွေနိုင်သလို ကိုယ်လုပ်ချင်တဲ့  ရုံးလုပ်ငန်းကိစ္စတွေကို ဒီ Portal ပေါ်ကနေတစ်ဆင့် လျှောက်ထား လုပ်ကိုင်လို့ ရပါတယ်။ ဒါပေမဲ့ ဒီမှာဖြစ်နေတဲ့ ပြဿနာက National Portal ဖြစ်ဖို့ နေနေသာသာ အစိုးရဝန်ကြီးဌာန အားလုံးတောင် Website အစုံအစေ့ မရှိသေးတာ ဖြစ်ပါတယ်။ ရှိနေတဲ့ Website တွေကလည်း အလုပ်မလုပ်ဘဲ ရပ်တန့်နေတာတွေ အများကြီးပါ။

၂ နှစ် အချိန်ယူပြီးတဲ့အထိ ဝန်ကြီးဌာန တချို့မှာ Website ရှိကို မရှိတာ၊ အချို့ဝန်ကြီးဌာနတွေရဲ့ Website တွေက ဘာသတင်းအချက်အလက်မှ မရှိတာ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနေစပြီး Website ကို သတင်းအချက်အလက်တွေ Update မလုပ်တော့တာ၊ တချို့ Website တွေက Link ရှိပေမယ့် ဝင်ရောက်ကြည့်ရှုလို့ မရတာတွေ ရှိနေသလို ဇော်ဂျီ-ယူနီကုတ် ပြဿနာကလည်း ဆယ်စုနှစ်နဲ့ချီပြီး အဖြေ မထွက်သေးတာက တိုင်းပြည်အတွက် အများကြီး နစ်နာရပါတယ်။ လက်ရှိအစိုးရသစ် တက်လာချိန်မှာ Website တွေကို ပြင်ဆင်ဖို့ လမ်းညွှန်ခဲ့ပေမယ့်လည်း ခဏပါပဲ။ ခုချိန်မှာတော့ အရင်ကအတိုင်း ပြန်ဖြစ်ကုန်ပါတယ်။ 

ဒါ့အပြင် e-Government Master Plan ကို အတည်ပြုထားပြီ ဖြစ်ပေမယ့် ဘယ်လို ကဏ္ဍကနေ စတင်မယ် ဆိုတာကို မသိရသေးပါဘူး။ ဆိုက်ဘာ လုံခြုံရေး၊ ကွန်ရက်နဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး၊ လူ့ စွမ်းအား အရင်းအမြစ် ကိစ္စတွေလိုမျိုး လှည့်မကြည့်အားသေးတဲ့ အပိုင်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့ လိုနေပါသေးတယ်။

e-Government စနစ်ဆိုတာက လုပ်ငန်းစဉ် တစ်ခုဖြစ်တာကြောင့် ထင်သာမြင်သာ အောင်မြင်မှုတစ်ခု ရရှိလာဖို့  အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ စောင့်ဆိုင်းရတတ်ပြီး လူ့စွမ်းအား၊ နည်းပညာနဲ့ အခြေခံ အဆောက်အဦပိုင်းတွေမှာ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေမှသာ  တိုးတက်လာမည် ဖြစ်ပါတယ်။  ဒီလို ဆောင်ရွက်ချက်တွေကို ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြပြီး တိုးတက်မှုကို အသိပေးနေဖို့လည်း လိုအပ်ပါတယ်။

ဒီလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်သရွေ့ e-Government စနစ် တိုးတက်လာမှာ မဟုတ်သလို တိုင်းပြည်မှာ ဆုံးရှုံးမှုတွေ ဖြစ်နေဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တစ်ပြည် တိုးတက်ဖို့အတွက် e-Government စနစ်က ဖြတ်လမ်းဖြစ်ပါတယ်။ ကဏ္ဍ တော်တော်များများမှာ မလိုလားအပ်ဘဲ ဆုံးရှုံးနေရတဲ့ အချိန်၊ ငွေနဲ့ လူအင်အားကို လျှော့ချပေးနိုင်ပါတယ်။ e-Government စနစ် ဖွံ့ဖြိုးလာတာနဲ့အမျှ အစိုးရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု ပိုမိုကောင်းမွန်လာမှာ ဖြစ်တဲ့အပြင် ပွင့်လင်းမြင်သာမှု ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာချင်း ကူးလူးဆက်ဆံမှု အပိုင်းတွေမှာ ပိုမိုထိရောက် ချောမွေ့လာမှာဖြစ်သလို အချက်အလက် မှတ်တမ်းမှတ်ရာတွေလည်း ပိုမိုတိကျ ခိုင်မာလာမှာ ဖြစ်ပါတယ်။ 

အရေးအပါဆုံး အချက်ကတော့ e-Government စနစ် တိုးတက်လာတာနဲ့အမျှ အဂတိ လိုက်စားမှုများနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို သိသာစွာ လျှော့ချလာနိုင်တာပါပဲ။ ဒီနှစ်ခုက တိုက်ရိုက် အချိုးကျနေတယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားပါတယ်။ အကျိုးဆက် အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုရေချိန် သိသိသာသာ မြင့်တက်လာမှာ ဖြစ်ပါတယ်။ 

နောက်ပြီ နိုင်ငံတကာမှာ ICT ကဏ္ဍဟာ စား၊ ဝတ်၊ နေရေးပြီးရင် အရေးအကြီးဆုံးလို့ သတ်မှတ်ထားပါတယ်။ ICT ကဏ္ဍ ဖွံ့ဖြိုးမှုဟာ တိုင်းပြည် တိုးတက်မှုနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ e-Government ခိုင်မာ အားကောင်းမှုကလည်း ICT ကဏ္ဍ တိုးတက်မှုရဲ့ ဒေါက်တိုင်တစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုချက် အသစ်တွေအရ e-Government အခြေအနေက တိုင်းပြည်တစ်ပြည်ရဲ့ အခြေအနေ၊ ဖွံ့ဖြိုးမှုတွေကို အထင်ရှားဆုံး ထင်ဟပ်ပြနိုင်တယ်လို့ ဆိုပါတယ်။ ဘတ်ဂျက် တောင်းပြီး ငွေပုံပေးလိုက်ရုံနဲ့ Website များ လွှင့်တင်ရုံ၊ Apps များ ဖြန့်ဝေရုံဖြင့် e-Government စနစ်ဟု မဆိုသာပေ။ တကယ့် e-Government စနစ်တစ်ခု ဆိုတာက ပြည်သူတွေအတွက် ဘယ်လောက် ထိရောက် အကျိုးရှိလဲ၊ ပြည်သူတွေ ဘယ်လောက် စိတ်ပါဝင်စားစွာ အသုံးချကြလဲ ဆိုတာနဲ့ တိုင်းတာ အကဲဖြတ်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ e-Government စနစ်ကတော့ အရင်အစိုးရ အဆက်ဆက် တုံ့ဆိုင်းနှေးကွေးစွာ တိုးတက်ခဲ့သလို လက်ရှိ အစိုးရသစ် လက်ထက်မှာလည်း အစိုးရသက်တမ်း တစ်နှစ်ကျော် ကာလအတွင်း အူလှိုက် သည်းလှိုက် စိတ်ပါဝင်စားစွာ အကောင်အထည်ဖော်မှုများ မမြင်ရသေးပါဘူး။ အစိုးရသစ် အနေနဲ့ ပွင့်လင်းမြင်သာတဲ့ အစိုးရနဲ့ တာဝန်ယူ တာဝန်ခံတတ်တဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်ချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် e-Government  စနစ် သေချာပေါက် လိုအပ်မှာ ဖြစ်သလို ရင်ထဲ အသည်းထဲကနေ စိတ်အားထက်သန်စွာ အကောင်အထည် ဖော်ဖို့လည်း လိုပါလိမ့်မယ်။  

ဒါတွေကို ဆောင်ရွက်ဖို့ တည်ငြိမ်ခိုင်မာတဲ့ ဘတ်ဂျက် လိုအပ်တာ လက်ခံပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်ကို ဘယ်လို ထိရောက်အောင် ဆောင်ရွက်မယ်ဆိုတာနဲ့ ဘာကြောင့် ဒီဘတ်ဂျက် တောင်းရတယ်ဆိုတာကို ပြည်သူ နားလည်အောင် ရှင်းပြဖို့တော့ လိုပါတယ်။ ရရှိလာတဲ့ ဘတ်ဂျက်ကနေတစ်ဆင့် ဘယ်လို အစိတ်အပိုင်းတွေကို တစ်ဆင့်ချင်း အကောင်အထည် ဖော်သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြသင့်ပါတယ်။ လက်ရှိမှာ အလိုအပ်ဆုံး အပိုင်းတွေကို အရင် အကောင်အထည်ဖော်ပြီး အနီးစပ်ဆုံး မြင်သာတဲ့ ထိရောက်မှုကိုလည်း ပြရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဘတ်ဂျက် ဘယ်လောက်တောင်းတောင်း e-Government ဆိုတာ ယုံတမ်းစကား ဖြစ်နေဦးမှာပါပဲ။ 

မောင်မိုးဇွန်

  • VIA