News

POST TYPE

PERSPECTIVE

အသက်မပြည့်သူကို ခိုးယူပေါင်းသင်းမှုများဖြင့် အမျိုးသားနှစ်ဦးကို ထောင် နှစ် ၂၀ စီချ
ရန်ကုန်၊ မတ် ၂၃

အသက်မပြည့်သူ မိန်းကလေး နှစ်ဦးအား ခိုးယူပေါင်းသင်းမှုများဖြင့် အမျိုးသားနှစ်ဦးကို မတ်လ ၂၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ စီ ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့် ချမှတ်ခဲ့သည်။ 

၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့က သန်လျင်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် ကိုနိုင်မင်းကို(ခ) နေမင်းကို(ခ) မင်းမင်းအောင်သည် လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်တွင် တွေ့ဆုံချစ်ကြိုက်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်တွင် နေထိုင်သူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား ခိုးယူ ပေါင်းသင်းရာမှ သုဝဏ္ဏ နယ်မြေရဲစခန်းက (ပ) ၃၆၇/ ၁၆ ဖြင့် တရားစွဲဆိုခံရပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှ လက်ခံ စစ်ဆေးကာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်နှင့် ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကို တစ်ပေါင်းတည်း ကျခံစေရန် ယင်းခရိုင် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ကိုအောင်ထူး(ခ) ဂျားဂျားသည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံချစ်ကြိုက်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ယင်းမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးတွင် ခိုးယူ ပေါင်းသင်းမှုဖြင့် မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ)၇၇၈/ ၂၀၁၆ဖြင့် တရားစွဲဆိုခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် နှင့် ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကို တစ်ပေါင်းတည်း ကျခံစေရန် ၎င်းကပင် ဆက်လက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“အမှုနှစ်ခုလုံးက မြို့နယ်မှာ စစ်ဆေးနေတဲ့ အမှုတွေပါ၊ သက်ငယ်မုဒိမ်းမှုတွေကို ခရိုင်တရားရုံးမှာ စစ်ဆေးသွားဖို့ တိုင်းတရားသူကြီး အမိန့်နဲ့ ရောက်လာတာ၊ အမှုနှစ်ခုလုံးက အသက်မပြည့်တဲ့ မိန်းကလေးတွေကို ခိုးယူပေါင်းသင်းမှုတွေချည်းပဲဆိုတော့ ပုဒ်မလည်းတူ၊ ပြစ်ဒဏ်လည်း တူတယ်၊ နှစ်ဦးသား ဘယ်လိုပဲ ချစ်ကြိုက်ပါစေ မိန်းကလေး အသက်မပြည့်ရင် သက်ငယ် မုဒိမ်းမှုနဲ့ပဲ တရားစွဲတာပါ”ဟု ယင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မုဒိမ်းမှုပေါင်း ၃၈၁ ရှိခဲ့ပြီး ယင်းမုဒိမ်းမှုများတွင် အသက် ၁၆ နှစ်အောက် မိန်းကလေးများကို ခိုးယူ ပေါင်းသင်းမှုများလည်း ပါဝင်ကြောင်း၊ အသက် ၁၀ နှစ်အောက် မိန်းကလေးများအပေါ် ကျူးလွန်မှုများနှင့်ပတ်သက်၍ ထိရောက်ပြစ်ဒဏ် ချမှတ်နိုင်ရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး လှုပ်ရှား တောင်းဆိုမှုများ ၂၀၁၆ ခုနှစ်၌ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။

J-16