News

POST TYPE

PERSPECTIVE

တံတားအမည်ပေးခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ
23-Mar-2017

ယခုရက်ပိုင်း တစ်ကျော့ပြန် ခေါင်းထောင်လာသည့်သတင်းက တံတား အမည်ပေးရေးကိစ္စ ဖြစ်သည်။ ယခင်တစ်လကျော်လောက်က ထိုကိစ္စ ဖြစ်ပေါ်ခဲ့ပြီး သာမန်အားဖြင့် ပြီးပြတ်သွားပြီဟု ထင်စရာအကြောင်း ရှိသော်လည်း အမှန်တွင်မူ ထိုသို့ မဟုတ်။ ထိုတံတား အမည်ပေးရေး ကိစ္စအပေါ် အစကနဦး မူလပိုင်းတွင် ဒေသခံ မွန်လူမျိုးတို့နှင့် ပြည်နယ်အဆင့် လွှတ်တော်များအကြား အငြင်းပွားခဲ့ကြသည့် သာမန် ဖြစ်ရိုးဖြစ်စဉ် သဘောမျိုးထက် မပိုဘူးဟုသာ အများက ထင်ခဲ့ကြသည်။ သို့သော် ယခုကား ထိုသို့မဟုတ်၊ ထိုသာမန် အမည်ပေးရေး၏ နောက်ကွယ်၌ ကြီးမားသော အကြောင်းတရားများ ရှိနေသည်ဟု ပြည်သူအများက တစ်စတစ်စ ရိပ်မိလာကြသည်။ သို့အတွက် ထိုဖြစ်စဉ်အပေါ် ဂဃဏန သိရှိလိုလာကြသည်။ ထိုဖြစ်စဉ်၏ နောက်ကွယ်က အကြောင်းတရားများကို ရှာဖွေလာခဲ့ကြတော့သည်။ 

အမှန်ဆိုရလျှင် ထိုကိစ္စသည် တကယ်တမ်းသာ သဘောရိုးနှင့်ဆိုလျှင် ဒေသခံများ ကိုယ့်ရပ်ကိုယ့်ရွာက တံတားကို ကိုယ့်ဒေသကို အစွဲပြုပြီး မှည့်စေချင်ကြသည်မှာ သဘာဝကျသည်။ သူတို့ ပြည်နယ်အတွက် သူတို့ အထိမ်းအမှတ်၊ သူတို့ လူမျိုးရိုးရာ၊ သူတို့ဓလေ့ စွဲမှတ် ကျန်ရစ်နေစေချင်သည်မှာလည်း အပြစ်မဆိုသာ။ သို့သော် အခြားတစ်ဖက်ကလည်း တံတားဆိုသည်မှာ ပေါင်းကူးသဘော ဖြစ်သည့်အတွက် တိုင်းဒေသကြီး တစ်ခုနှင့်တစ်ခု၊ ပြည်နယ် တစ်မျိုးနှင့်တစ်မျိုးအကြား၊ လူမျိုးတစ်ခုနှင့် တစ်ခုအကြား ကူးလူးသွားလာ ဆက်ဆံကြရသည်မို့ ပြည်ထောင်စု စိတ်ဓာတ်မျိုး ကိန်းအောင်းလာစေသည့် သဘောဖြင့် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ခေါင်းဆောင်၏အမည်ကို ပေးလိုသည်။ ဧရာဝတီမြစ်တစ်လျှောက် ယခင်က တည်ဆောက်ပြီး နိုင်ငံ့သမိုင်းမှ အများ လေးစားခဲ့ကြသည့် သူများ၏အမည်ကို အစွဲပြုကာ မှည့်ခဲ့ဖူးသည့်၊ အမည် ပေးထားခဲ့ဖူးသည့် သာဓက များစွာရှိသည်။ ဗလမင်းထင် တံတား၊ ဆင်ဖြူရှင် တံတား၊ ဘုရင့်နောင် တံတား စသည်ဖြင့် အမျိုးမျိုး ရှိနေကြပြီး ဖြစ်သော်လည်း ဗိုလ်ချုပ် အောင်ဆန်း အမည်မှာ မရှိသေး။ သို့ဖြင့် ထိုအမည်ကို ယခုလို အထင်ကရ တံတားကြီးနေရာ၌ အမည်ပေးလိုကြသည်။ ဤသို့ဖြင့် အစပိုင်းတွင် အငြင်းပွားကြသည်။ ငြင်းခုံကြသည်။ ဒေသခံများက ဆန္ဒပြကြသည်။ ပြည်နယ်အဆင့် အုပ်ချုပ်သူများဘက်မှ လွှတ်တော်တင်ကာ မဲခွဲကြသည်။ မဲနိုင်သွားပြီး အမည်ပေးရန် ဖြစ်လာသည်။

ပြောရလျှင် ဤအထိ သူ့ဘက် ကိုယ့်ဘက် မှန်ကြသည်။ သာမန်ကိစ္စပင်ဖြစ်သည်။ ထိုအထိ မည်သည့်နိုင်ငံရေး ပယောဂမျှမပါ။ ဒေသခံ တိုင်းရင်းသားများနှင့် သူတို့၏ ပြည်နယ်အစိုးရတို့ ကိစ္စသာ ဖြစ်သည်။ ကြီးကြီးကျယ်ကျယ် ကိစ္စဟု အများကမထင်။ အချို့က စိတ်ပင်မဝင်စား၊ တံတား အမည်ပေးရေး ကိစ္စလေးတစ်ခုကိုပင် ဤမျှငြင်းခုံနေကြရသလားဟုပင် အပြစ်တင်မိခဲ့ကြသေးသည်။

သို့သော် အခြေအနေများက ထိုသို့မဟုတ်။ ထိုကိစ္စကို ပြည်ထောင်စုအဆင့် လွှတ်တော်အထိပင် အဆိုတင် ဆွေးနွေး မဲခွဲပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို အမည်ပေးဖို့ တိုက်တွန်းခဲ့ကြသည့်အဆင့်အထိ ဖြစ်လာ သည်။ သို့ဖြင့် ယခုရက်ပိုင်းတွင် ထိုတံတားကိစ္စက ဟီးရိုး ဖြစ်လာပြန်သည်။ သာမန်ကိစ္စမှ ကြီးလေးသည့်ကိစ္စ ဖြစ်လာသည်။ နေ့စဉ်ထုတ် သတင်းစာများနှင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများ အထက်တွင် နေရာပြန် ယူလာပြီး Hot News သတင်းထူးဖြစ်လာသည်။ လူအင်အား ၂၀ဝ၀ဝ ကျော်အထိ ပါဝင်သည့် ဆန္ဒပြပွဲကြီး ဖြစ်လာသည်။ ရဟန်း သံဃာများပင် ပါဝင်လာသည်။ သာမန်တံတား အမည်ပေးရေးကိစ္စမှ လူမျိုးရေး ပဋိပက္ခ အသွင်ဖြစ်လာသည်။ ထိုသို့ ဖြစ်လာခဲ့သည်မှာလည်း သူ၏နောက်ကွယ်တွင် အကြောင်းတရား များစွာရှိသည်။ အကြောင်းများကြောင့် အကျိုး ဖြစ်နေခဲ့ရသည်။ ထိုကိစ္စများအပေါ် ဘက်လိုက်ခြင်း အလျှင်းမရှိဘဲ သတင်းမီဒီယာသမား တစ်ဦးအနေနှင့် ကြားကျကျ မျှခြေတစ်ခုအပေါ်မှနေပြီး ရှုမြင်အနက်ကောက်ကြည့်တဲ့အခါ ထိုတံတားကိစ္စ ဖြစ်သည့်အချိန်နှင့် တိုက်ဆိုင်စွာပင် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို အနားပေး နုတ်ထွက်ခဲ့ရသည့် ဖြစ်စဉ်နှင့် တိုက်ဆိုင်လာသည်။ ထို့ထက် ပိုဆိုးသည်မှာ နိုင်ငံရေးပါတီများ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြမည့် လာမည့်ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် စည်းရုံးရေး ကာလနှင့် တိုက်ဆိုင်လာသည်။ သည်အထိ ထိုအကြောင်းတရားကို ငြင်းမရနိုင်၊ အမှန်ဟုပြော၍ ရမည်ထင်သည်။ 

ပထမတစ်ချက်ကို အစပြန်လည် ဆွဲထုတ်ကြည့်ရလျှင် မွန်ပြည်နယ် ဝန်ကြီးချုပ် မနုတ်ထွက်မီစပ်ကြားအချိန်တွင် ၎င်း၏ပါတီ၊ ဗဟို ကော်မတီဝင်များကိုပင် ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ခဲ့ဖူးသည်။ ၎င်းက မီဒီယာ အများသို့ ပြောကြားခဲ့သည့် စကားများကို ကြားခဲ့ကြဖူးမည် ဖြစ်မည်ထင်သည်။ သို့ဖြင့် ထိုတံတားကိစ္စအပေါ်သည်လည်း ကြားမှအသုံးချခံ ဖြစ်လာသည်။ ငွေကြေးတတ်နိုင်သူများက ဒေသခံ လူမျိုးများနှင့် ရဟန်းသံဃာများကို ဆွဲဆောင်ကြသည်။ ရွာသားတစ်ဦးကို ခြောက်ထောင်ကျပ်၊ ရဟန်းတစ်ပါးကို တစ်သောင်းကျပ်နှင့် မွန်ဝတ်စုံတစ်စုံ၊ သင်္ကန်းတစ်စုံ ပေးကာ ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံရေး လှုပ်ရှားမှုအသွင် ဖန်တီးလာကြကြောင်း သတင်းများတွင် တွေ့လာရသည်။ ထိုသို့ငွေကြေးဖြင့် ငှားရမ်းပေးကမ်း သည့်သတင်းများ၊ ငွေကြေးယူကာ ဆန္ဒပြကြသည့်သတင်းများမှာ သတင်းများ မှန်ကန်လျှင် ဥပဒေကို ချိုးဖောက်နေကြခြင်းဖြစ်သည်။ ဥပဒေအရ အရေးယူခြင်း ခံရနိုင်သည်။ ဥပဒေကို ချိုးဖောက်သည်ဆိုရာတွင် ယခင်အစိုးရလက်ထက်ကာလနှင့် ယခုအစိုးရလက်ထက် ကာလတွင် သူတို့ အစောဆုံး ပြဋ္ဌာန်းခဲ့ကြသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွင် ထိုကိစ္စများကို အထူး တားမြစ်ထားသည်။ ဆန္ဒပြပွဲတစ်ခုအပေါ် ငွေကြေးဖြင့် အငှားစေခိုင်းခြင်း၊ ငွေယူခြင်း၊ မိမိဆန္ဒ သဘောထားမပါဘဲ စည်းရုံး ခေါ်ဆောင်ခြင်း မပြုရ၊ မမှန်ကန်သော သတင်းများ၊ အချက်အလက်များကို ဟောပြောခြင်း မပြုလုပ်ရ စသည့် အချက်များကို တားမြစ်ထားသည်။ ထိုအချက်များကို ဖောက်ဖျက်လျှင် ကျခံရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို မျက်ကွယ်ပြုရာ ရောက်ပြီး ယခုတွင် ဒေသခံ မွန်လူမျိုးများနှင့် ပြည်နယ်အစိုးရအကြား သာမန်ကိစ္စလေးမှ နိုင်ငံရေး မှိုင်းတိုက်ပြီး ကြီးမားသည့် ပဋိပက္ခအသွင်ဆောင်ပြီး လှုပ်ရှားလာကြသည်ဟု ပြည်သူများက ထောက်ပြပြောဆို လာခဲ့ကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ အများကလည်း ကျန်စစ်သားမင်း ကြီးကာလမှ အစပြုကာ သမိုင်းစဉ်တစ်လျှောက် တည်ဆောက်ခဲ့သည့် မွန်-မြန်မာ သွေးစည်းညီညွတ်ရေးကို နိုင်ငံရေးနည်းဖြင့် အသုံးချပြီး သွေးခွဲမှုများ မပြုလုပ်သင့်ကြောင်း၊ မွန်-မြန်မာတို့ ပူးပေါင်းပြီး လွတ်လပ်ရေးအရ ယူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏မျက်နှာကို ထောက်ထားကြသင့်ကြောင်း၊ နိုင်ငံရေးပါတီများအကြား အားပြိုင်မှု၊ ပြည်သူများအပေါ် စည်းရုံးမှုသည် တရားသဖြင့် မှန်ကန်သော ယှဉ်ပြိုင်ခြင်းသာ ဖြစ်သင့်ကြောင်း၊ တိုင်းပြည်ကို မည်သို့ တိုးတက်အောင် တည်ဆောက်မည်၊ ထို့အတွက် မည်သည့်မူဝါဒများကို သေချာပေါက် အောင်မြင်အောင်လုပ်မည်၊ အလုပ်လက်မဲ့ လူငယ်များအတွက် မည်သို့ လုပ်ပေးမည်၊ တောင်သူလယ်သမား အကျိုးစီးပွားကို မည်သို့ ဖော်ဆောင်ပေးမည် စသည်ဖြင့်သာ မှန်ကန်သော ပြိုင်ဆိုင်မှုမျိုးများဖြင့် ပြုလုပ်သင့်ကြကြောင်း၊ ပါတီတစ်ခုကို ထိုးနှက် တိုက်ခိုက်ပြီးမှ မိမိတို့ပါတီအပေါ် လူထုထောက်ခံမှု ရရှိလာမည်ဟူသည့် အပေါစား နိုင်ငံရေး နည်းလမ်းကို ရှောင်ရှားကြစေလိုကြောင်း လူထုများအကြား သုံးသပ်မှုများ ရှိလာသည်။

နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် အမှန်တကယ်သာ နိုင်ငံ့နှင့်လူမျိုးကို တိုးတက်စေလိုသည့် စိတ်ကောင်း နှလုံးကောင်း သဘောထား အမှန်များ ကိန်းဝပ်ရှိနေကြလျှင် ဆွေးနွေး ဆောင်ရွက်ကြရန် ယခုထက် ပိုမိုအရေးကြီးသည့်အကြောင်း အချက်အလက် များစွာရှိကြကြောင်း၊ နိုင်ငံတော် သယံဇာတများ ထိန်းသိမ်း ကာကွယ်ရေး၊ တိုင်းရင်းသားများ အကျိုးတူ မျှဝေခံစားနိုင်ရေး၊ ငြိမ်းချမ်းရေးရယူ သာယာအေးချမ်းသည့် ဖက်ဒရယ်နိုင်ငံ တည်ထောင်ရေး၊ အကျင့်ပျက် လာဘ်စားမှုများ ကင်းစင်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးများကို လွှတ်တော်အတွင်း အပြိုင်အဆိုင် သူ့ပါတီ ကိုယ့်ပါတီက တင်သွင်း ဆွေးနွေး မဲခွဲဆုံးဖြတ်ကြရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် သက်ငယ် မုဒိမ်းမှုများ ပပျောက်ရေး၊ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး၊ ငွေကြေးတန်ဖိုး တည်ငြိမ်စေရေးနှင့် ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရေး၊ လျှပ်စစ်မီး ပိုမို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး ကိစ္စများအပေါ်တွင်သာ မည်သူက မည်သို့လုပ်မည်၊ မည်သည့် ပါတီက မည်သို့ဖော်ဆောင်မည်ကို ပြိုင်ကြစေချင်ကြောင်း ပြည်သူများက မျှော်လင့်နေကြသည်ဟု ဆိုခဲ့ကြသည်။

သို့သော် လက်တွေ့မှာမူ ပြည်ထောင်စုအဆင့် လွှတ်တော်ကပင်လျှင် ထိုသို့မစဉ်းစား၊ နိုင်ငံရေးပါတီ အားပြိုင်မှုကိုသာ အလေးပေးပြီး မတင်သွင်းသင့်သည့်အဆိုကို တင်သည်။ အချိန်ကိုဖြုန်းသည်။ အလုပ်မရှိ ကြောင်ရေချိုးသည်။ တိုင်းပြည်အတွက် အခြား အရေးကြီးသည့်အပေါ်မှ အလုပ်များစွာကိုမေ့ပြီး ဘေးဖယ်ထားပြီး ချစ်တီးခေါင်း သန်းရှာသည်ဟု မီဒီယာများနှင့် ပြည်သူအများက ထောက်ပြခဲ့ကြရသည်အထိ ဖြစ်လာသည်။

အခြား အတိုက်အခံဟုပြောပြော ပါတီ အနိုင်ရရှိရေးနှင့် အာဏာ ပြန်လည် ရရှိရေးဟုဆိုဆို ဖြစ်နေသည့်ပါတီများ အနေနှင့်လည်း မှန်ကန်သည့် နိုင်ငံရေးလမ်းစဉ်ဖြင့် ယှဉ်ပြိုင်ကြခြင်းထက် အချို့ကိစ္စများမှာ ပြည်သူကို အထင်သေးနေကြပြီး အဆိပ်ခတ်နေကြသည်နှင့် တူနေကြောင်း၊ နိုင်ငံရေးသမားများအဖြစ် နိုင်ငံရေးပညာနှင့် ဥပဒေအမြင် မရှိကြဘဲ အတိုက်အခံလုပ်ရ ပြီးပြီသဘောမျိုး အထင် ရောက်နေကြကြောင်း ပြောကြပြန်သည်။ ဤပုံစံဖြင့်သာ ခရီးဆက်ကြပါက နိုင်ငံအနေနှင့် ယခုလက်ရှိ အရှေ့တောင် အာရှတွင် အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုနောက်ကျဆုံး၊ အလုပ်လက်မဲ့ အများဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အနည်းဆုံးနှင့် တရားဥပဒေ စိုးမိုးမှုမရှိဆုံး၊ လက်နက်ကိုင်အဖွဲ့ အများဆုံးနှင့် ပြည်တွင်းစစ် အရှည်ကြာဆုံး တိုင်းပြည် အနေအထားဘဝမှ တစ်ဆင့်တက်ကာ ကမ္ဘာ့အလယ်တွင် အနိမ့်ကျဆုံး၊ စည်းလုံးမှု မရှိဆုံးနှင့် အာဏာလုရင်းပင် စစ်မက်ကို လိုလားသည့် လူမျိုး တိုင်းပြည်အဖြစ် ကမ္ပည်းတင်ခြင်း ခံရတော့မည်မှာ သေချာပေါက်ပင် ဖြစ်လာနိုင်ကြောင်း နိုင်ငံ့အရေး လေ့လာသူများက ဆိုထားပြန်သည်ကိုလည်း သတိချပ်ကြစေချင်ပါသည်။

အချုပ်အားဖြင့် တင်ပြရလျှင် ယခုရက်ပိုင်းအတွင်း နိုင်ငံ့အတွင်းရှိ အချို့သော မြို့များတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများနှင့် ယခု လူပြောများနေသည့် တံတား အမည်ပေးရေးကိစ္စ ဆန္ဒပြပွဲများ၏ နောက်ကွယ်တွင် နိုင်ငံရေး ခြေထိုးမှုများ ရှိနေပြီလား၊ ဥပဒေကို ချိုးဖောက်ပြီး ငွေကြေးပေးကာ စေခိုင်းသူများ ရှိနေပြီလား၊ ပါတီစည်းရုံးရေး ကိစ္စများမှာ ပြည်သူကို အသုံးချခံနေကြရပြီလား ဟူသည့်အချက်များကို ဝေဖန်ဆန်းစစ်ပိုင်းခြားကြပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မျှော်တွေးကာ တိုင်းပြည်နှင့် လူမျိုးများအတွက် အမှန်အကျိုးပြုမည့်ပါတီနှင့် လူပုဂ္ဂိုလ်ကိုသာ ရွေးချယ် မဲပေးကြစေလိုပါကြောင်းနှင့် နိုင်ငံရေးအသိ (Political Mindset) မြင့်မြင့်မားမား ရှိကြစေလိုကြောင်း စိတ်ကောင်း စေတနာဖြင့် ရေးသား တင်ပြလိုက်ရပါသည်။

ရန်ကြီးအောင် (ဥပဒေ)

  • VIA