News

POST TYPE

PERSPECTIVE

မီးတောက်နေသော စိတ်ကူးနှင့် အတွေးများ (၂)
23-Mar-2017

၁၉.၂.၂၀၁၇ ရက်နေ့က The Voice Weekly မှာ ကျွန်တော် နိုင်ငံရေး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ ခေါင်းစဉ်က ဒီနေ့ခေါင်းစဉ်ပါပဲ။

ဒီနေ့ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ပတ်သက်ပြီး နှစ်ပိုင်းခွဲပြီး သုံးသပ်ပြထားပါတယ်။ 

ပထမတစ်ပိုင်းက ရခိုင်ဒေသခံ နိုင်ငံရေးပါတီတစ်ခုက ဦးဆောင်ပြီး (ဘင်္ဂါလီ) ဘာသာဖြင့် အသံလွှင့်နေတဲ့ မေယုအသံလွှင့်ဌာန အစီအစဉ်တွေကို ကန့်ကွက်နေတာအပေါ် ပြန်ကန့်ကွက် ဝေဖန်ထောက်ပြထားတာပါ။ NLD အစိုးရဘက်က ဝင်ရေးပေးတာပါ။ 

ဒုတိယတစ်ပိုင်းက အမည်နှင့်ပတ်သက်ပြီး အငြင်းပွားနေတဲ့ ချောင်းဆုံတံတား ပြဿနာကို ဒေသခံတွေဘက်က ထောက်ခံထားတဲ့ ဆောင်းပါးပါ။ 

ရခိုင်ပြဿနာတွေကတော့ ဟိုအချိန်တည်းက မီးတောက်နေပါပြီ။ 

တံတားအမည် ပြဿနာကတော့ မီးမတောက်သေးပါဘူး။ ကိုင်တွယ်တတ်ရင် ချက်ချင်းပြီးသွားမယ့် ပြဿနာပါ။ 

အလွန် စိတ်ချမ်းသာခဲ့ရပါတယ်။ 

ကျွန်တော် ဆောင်းပါးရေးပြီး နောက်တစ်နေ့မှာပါပဲ။ သတင်းစာတွေအထဲမှာ သတင်းပါလာပါတယ်။ မွန်ပြည်နယ် အစိုးရက ဒေသခံတွေရဲ့ ဆန္ဒအတိုင်း ကြိုက်ရာအမည်တစ်ခုခုကို ရွေးကြဖို့ သဘော တူလိုက်ပြီဆိုတဲ့ သတင်းပါ။ 

ပြဿနာက ပြီးသွားပြီပေါ့ခင်ဗျား။ 

ရယ်ရပါတယ်။ 

မပြီးပြန်ဘူးခင်ဗျား။ 

နောက် နှစ်ရက် သုံးရက်လောက် အချိန်အတွင်းမှာပါပဲ။ ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်က ချောင်းဆုံတံတား အမည်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နာမည်ကိုပဲ ပေးသင့်ပါတယ်ဆိုပြီး လွှတ်တော်မှာ အဆို တင်သွင်းပါတယ်။ 

“ဟင် ... NLD ပါတီက ဆရာကြီးတွေက ငါထင်သလို မဟုတ်ပါလား။ သူတို့ သဲကြီးမဲကြီး ဖြစ်နေကြတဲ့ကိစ္စပါလား”

မှန်ပါတယ်။ 

ဒီအတွေးတွေ ကျွန်တော့်ခေါင်းထဲကို ချက်ချင်း ဝင်လာပါတယ်။ 

ဒီချောင်းဆုံတံတားကို ဗိုလ်ချုပ်ဆောင်ဆန်း အမည်အစား မွန်ဒေသခံတွေ ပေးချင်တဲ့နာမည် ပေးခွင့်ပြုသင့်ပါတယ် ဆိုတဲ့ဆောင်းပါး ရေးစဉ်တုန်းကလည်း ကျွန်တော် အလွန် သတိထား ရေးပါတယ်။ ဦးအောင်ဆန်းကို သွားထိလိုက်တာနဲ့ မိမိကို တိုက်ခိုက်တဲ့၊ ပုတ်ခတ်တဲ့အသံတွေ ချက်ချင်း ပေါ်လာနိုင်တာကို သိပါတယ်။ ဒါကြောင့် ဦးအောင်ဆန်းရဲ့သမိုင်း အကျဉ်းလေးကို ပထမ ရေးပါတယ်။ ဒီသမိုင်း အထောက်အထားအရ ဦးအောင်ဆန်း နိုင်ငံရေး လောကကို ခြေစုံပစ်ဝင်တာ အချိန်အားဖြင့် ကိုးနှစ်ပဲ ရှိပါတယ်။ ခု သူ ကွယ်လွန်တာ နှစ်ပေါင်း ၇၀ ရှိပါပြီ။ ဒီနှစ်ပေါင်း ၇၀ အတွင်းမှာ သူ့ကို အမျိုးမျိုး ဂုဏ်ပြုခဲ့ပြီးပါပြီ။ လုံလောက်ပြီလို့ ထင်ပါတယ်။ သူတို့ခေတ် အင်္ဂလိပ်ကျွန်၊ ဂျပန်ကျွန်ဘဝက လွတ်အောင် လုပ်ရတာထက်ကို ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီနေ့ပြည်သူတွေ စစ်အာဏာရှင်ဘဝက လွတ်အောင် တော်လှန်ရတာ ပိုခက်ခဲပါတယ်။ ပေးဆပ်ခဲ့တာ ပိုများပါတယ်။ ဒီတော်လှန်ရေးမှာ ပါတဲ့လူတွေကိုလည်း မမေ့သင့်ဘူး။ သူတို့ကိုလည်း ဂုဏ်ပြုသင့်ပါတယ်ဆိုပြီး ထောက်ပြထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို အရှေ့မှကာပြီး မိမိပြောချင်တဲ့စကားကို ပြောလိုက်တဲ့အတွက် မိမိကို ဘေးလွတ်အောင် လုပ်ခဲ့တာပေါ့ခင်ဗျား။ 

ဟော ... လာပြန်ပြီ။ 

ဒီနာမည်ပေးတဲ့ပြဿနာ လွှတ်တော် ရောက်လာပြန်ပြီဆိုကတည်းက NLD ပါတီက ပေးချင်နေတဲ့ ဗိုလ်ချုပ်တံတား နာမည်ကို မဖြစ်မနေ ပေးကြတော့မယ်၊ At All Cost လုပ်ကြတော့မယ်ဆိုတာ တစ်နိုင်ငံလုံး သိပါတယ်။ 

သူတို့ ဖြစ်ချင်တဲ့အတိုင်း အားလုံး ဖြစ်လိမ့်မယ် ဆိုတာကိုလည်း သိပါတယ်။ 

ဘာကြောင့်လဲ။ 

လွှတ်တော်မှာ NLD ကိုယ်စားလှယ်က အပြတ်အသတ် များနေတယ် မဟုတ်လား။ 

ဒီအမတ်ဦးရေ ဖိအားကို ချသုံးလိုက်ရင် ဘယ်မနိုင်ဘဲ ရှိပါ့မလဲ။ 

အဲဒါကိုပဲ ကျွန်တော် စိတ်မကောင်းတာပါခင်ဗျာ။

လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီဝင် မဟုတ်ဘဲ NLD နဲ့ ဘာမှမဆိုင်ဘဲ NLD ကိုမှ မဲမပေးရရင် သေမလောက် ဖြစ်နေတဲ့ ပြည်သူတွေထဲမှာ ကျွန်တော် ရှေ့ဆုံးမှ ပါဝင်ပါတယ်။ 

ကျွန်တော်တစ်ယောက်တည်း မဲသာ မဟုတ်ပါဘူး။ ကျွန်တော့် မိသားစုကိုလည်း “မင်းတို့ NLD ကို မဲပေးကို ပေးရမယ်နော်”ဆိုပြီး တစ်ချက်လွှတ် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ 

ကျွန်တော့် အလုပ်သမား ဝန်ထမ်း တပည့်တွေကိုလည်း မင်းတို့ ဒီနေ့ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေက လွတ်မြောက်ချင်ရင် NLD ကို မဲပေးကြပါဆိုပြီး ပြောခဲ့တယ်။ 

မှန်ပါတယ်။ 

“ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွား ကျောင်းပေးတယ်”ဆိုတဲ့ မြန်မာစကားပုံက ကျွန်တော့်လို လူမိုက်မျိုးကို ပြောတာပါ။ 

“ဒီရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားလှယ်တွေ အပြတ်နိုင်မှ ဖြစ်မယ်”

“ကိုယ်စားလှယ်တွေ နေရာအကုန်ရမှ ဖြစ်မယ်”

“UNDP ပါတီက ၂၆ ရာခိုင်နှုန်းလောက် အနိုင် ရခဲ့ရင်ပဲ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရ တက်လုပ်လိမ့်မယ်”

“ဟဲ့ ... ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက တစ်ဖက်စောင်းနင်းကြီး။ ဒီဥပဒေကိုပြင်ဖို့က လွှတ်တော် နှစ်ရပ်လုံးမှာ ရှိသမျှနေရာ အကုန်လုံးကို NLD ပါတီက နိုင်မှဖြစ်နိုင်မှာ...။ NLD ကိုပဲ မဲပေးကြဟေ့ ...”

ကျွန်တော်ရေးခဲ့သမျှ နိုင်ငံရေး ဆောင်းပါးတွေမှာလည်း အခွင့်သာလျှင်သာသလို NLD ပါတီကို မသိမသာ အမြဲဘက်လိုက်ခဲ့ပါတယ်။ 

ဘာကြောင့် ဒီလို လုပ်ရသလဲ။ 

သူတို့ ကြွေးကြော်တာတွေကို ယုံကြည်ခဲ့လို့ပါ။ 

“ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ရမယ်”

“ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ရမယ်”

ဝမ်းသာလိုက်တာ ...။ 

ထခုန်ချင်စိတ်တွေတောင် ပေါက်ခဲ့ပါတယ်။ 

“ပြည်တွင်း ငြိမ်းချမ်းရေးကို ရအောင်လုပ်မယ်။ နှစ်ပေါင်း ၆၈ နှစ် ရှိသွားပြီ။ ပြည်တွင်းစစ်က ပြီးမှမပြီးဘဲ။ 

NLD အစိုးရ တက်ခဲ့တာ ဒီနေ့ တစ်နှစ်ပြည့်တော့မယ်။ 

သူတို့ကြွေးကြော်သံတွေ တိတ်သွားသလိုပါပဲ။ 

ပြည်တွင်း ငြိမ်းချမ်းရေးရဲ့ ဘယ်အဆင့်ကို ဆုပ်ကိုင်မိနေပြီလဲ။ 

သမ္မတ ဦးသိန်းစိန် အောင်မြင်အောင် လုပ်နိုင်တဲ့အဆင့်ထက် ဘာပိုပြီး အောင်မြင်အောင် လုပ်နိုင်ပြီးပြီလဲ။ 

ကျွန်တော်ကတော့ ဘာမှ မမြင်ပါဘူးခင်ဗျာ။ ပိုတောင် ဆိုးလာနေသလိုပဲ။ 

မေးခွန်းတစ်ခုပဲ မေးချင်ပါတယ်။ 

တပ်မတော်က စွဲကိုင်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ဆိုတာ NLD ပါတီက လက်ခံပါသလား။ အရေးကြီး ကိစ္စတိုင်းမှာ မိမိ မပါသလို မသိသလို လုပ်နေတာ မကောင်းပါဘူး။ 

ဒီနေ့ တပ်က လုပ်ဆောင်နေတာတွေ သူတို့ အကုန် သဘောတူသလား။ ပြောပြပါ။ ချပြပါ။ ညှိပါ။

ဒီနေ့ နိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ။ 

လွှတ်တော်ရဲ့ အဓိက တာဝန်က ဥပဒေပြုဖို့။ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနဲ့ နွှယ်နေတဲ့ ပြဿနာတွေကို ထိန်းကျောင်းပေးဖို့ မဟုတ်လား။ 

တံတားနာမည်ပေးတဲ့ အငြင်းအခုံမျိုးကို ခေါင်းအရှုပ်ခံပြီး မယူလာသင့်ပါဘူး။ 

ပွင့်ပွင့်လင်းလင်း ကျွန်တော် တင်ပြချင်ပါတယ်။ 

ဒီနေ့ တိုင်းပြည်နှင့်ပတ်သက်ပြီး ကျွန်တော် စိတ်မချမ်းမသာ ဖြစ်နေတဲ့ ပြဿနာကြီး သုံးခုရှိပါတယ်။ 

(၁) ရခိုင်ပြဿနာ

ဒီပြဿနာက ဒီနေ့ ရခိုင်အနွယ်တွေနဲ့ ဘင်္ဂါလီတွေ အကြားမှာဖြစ်နေတဲ့ ဒေသတွင်း ပြဿနာ မဟုတ်တော့ပါဘူး။ 

ကုလသမဂ္ဂနဲ့ အင်အားကြီး နိုင်ငံတွေ အားလုံး စိတ်ဝင်စားပြီး ပါဝင်မှန်းမသိ ပါဝင်နေကြတဲ့ ပြဿနာ။ မြန်မာနဲ့ ကမ္ဘာဖြစ်နေတဲ့ ပြဿနာ။ မြန်မာကို အကျပ်ကိုင်ဖို့ ပြင်ဆင်နေကြပါပြီ။ 

အချိန်မရွေး ပေါက်ကွဲပြီး အလွန်ကြီးတဲ့၊ ရှင်းဖို့ အလွန်ခက်သွားမယ့် လူတွေ အများကြီး သေနိုင်၊ ငတ်နိုင်၊ အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်တဲ့ ပြဿနာအဖြစ်ကို ရောက်သွားနိုင်ပါမယ်။ 

ရိုက်ခတ်မှုက ရခိုင်ပြည်နယ်မှာတင် ပြီးမှာ မဟုတ်ပါဘူး။ ပြည်မဘက်ကိုပါ ပြိုကျလာမယ့် ပြဿနာ။ 

ကိုဖီအာနန် ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း အစိုးရအနေနဲ့ အကုန် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အလွန် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ 

ဒီနေ့ သတင်းစာမှာပါတဲ့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ မြန်မာထိပ်တန်း စုံစမ်းရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့ကို သွားပြီး မြန်မာဘက် အခြမ်းက ဘင်္ဂါလီတွေကို သွားတွေ့တာ စုံစမ်းမေးမြန်းတာတွေကလည်း အလွန် ကြိုဆိုရမယ့်သတင်းပါ။ ဒီအဖွဲ့က သူတို့ စုံစမ်းတွေ့ရှိချက် အမှန်တွေကို တင်ပြပေးပါ၊ မဖုံးကွယ်ပါနဲ့၊ မလိမ်ပါနဲ့။ 

ယန်ဟီးလီက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ပါ။ သူမကို စော်ကားရင် ကုလသမဂ္ဂကို စော်ကားသလိုပါပဲ။ သူမနဲ့ပတ်သက်ပြီး ဥပဒေမဲ့ ဘယ်သူ ဘာလုပ်ခဲ့တာကို တစ်နိုင်ငံလုံး သိပါတယ်။ ဘာကြောင့် အရေးမယူတာလဲ။ 

ဘာကြောင့် မသိသလို မဆိုင်သလို လုပ်နေတာလဲ။ အဖျက်သမား ဒေသခံအချို့ကို ဘာကြောင့် နိုင်အောင် မထိန်းတာလဲ။ 

ဒီလိုလုပ်ခဲ့ နေခဲ့တဲ့အတွက် ရခိုင်ပြဿနာဟာ ဒီနေ့ အလွန်ကြောက်စရာ ကောင်းတဲ့ အခြေအနေကို ရောက်ရှိသွားပါပြီ။ 

(၂) စီးပွားရေး ပြဿနာ

ဒီနေ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက လုံးဝ မကောင်းပါဘူး။ 

အလွန် ခက်နေကြပါပြီ။ ကျွန်တော် ကိုယ်တိုင်ပင် စီးပွားရေးသမားပါ။ ဒီစီးပွားရေး လောကနဲ့ အမြဲ ထိတွေ့နေပါတယ်။ ကုန်သည် အများစုနဲ့ ဒီနေ့ ဘာအလုပ်ကို လုပ်ကြရမှန်းကိုမသိ ဖြစ်နေပါတယ်။ NLD အစိုးရလှမ်းမယ့် ခြေလှမ်းကို စောင့်ကြည့်နေကြတာ တစ်နှစ် ရှိသွားပါပြီ။ အလုပ် တော်တော်များများ ရပ်ကုန်ပါပြီ။ အဆိုးဆုံးက စားကုန်၊ သောက်ကုန်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ တက်လာနေကြတာပဲ။ 

ဟိုတစ်လောက ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၀ အတွင်းမှာ စင်ကာပူ စီးပွားရေးကို အမီလိုက်ရန် မျှော်လင့်တယ်လို့ ပြောသွားပါတယ်။ 

ဘယ်လိုလိုက်မှာလဲ။ 

ဘာတွေ ပြင်ဆင်နေလဲ။ 

ကြည့်...။ 

ဒီနေ့ ကုန်ဈေးနှုန်း...။

ရန်ကုန်မှာ လူအများစု စားတဲ့ဆန်...။

အညံ့တစ်ပြည် ၁၄၀ဝ ကျပ်မှ အသင့်အတင့် တစ်ပြည် ၁၈၀ဝ ကျပ်။ 

ကြက်သွန်ဖြူ တစ်ဆယ်သား ၆၀ဝ ကျပ်။ 

ကြက်သွန်နီ တစ်ဆယ်သား ၁၂၀ ကျပ်။ 

အသားဈေးကလည်း အလားတူပါပဲ။ 

ရန်ကုန်မှာ ဆင်းရဲတဲ့ မိသားစုတစ်စုဟာ တစ်နေ့ ကျပ်ငွေ ငါးထောင်လောက် မသုံးနိုင်ရင် ထမင်းစားဖို့ ခက်နေပါပြီ။ 

ရန်ကုန် လူထုအတွင်းကို ဝင်ကြည့်ပါ။ 

လက်တွေ့ လေ့လာကြည့်ပါ။ 

စားရေးသောက်ရေး၊ သွားရေးလာရေးအတွက်ပဲ လူထု အလွန် အခက်အခဲ တွေ့နေရပါပြီ။ 

ဘာကြောင့် ဘာမှမပြောဘဲ နေတာလဲ။ 

(၃) အရှေ့မြောက်ပိုင်းမှ ပြဿနာများ

ဒီဒေသက စစ်ပွဲတွေကို စဖြစ်စက ကျွန်တော် မစိုးရိမ်ပါဘူး။ စစ်ပွဲတွေ ဖန်တီးပြီး နိုင်ငံရေး ကစားတာလို့ပဲ ထင်ခဲ့မိပါတယ်။ 

ဒီနေ့ မဟုတ်တော့ပါဘူးခင်ဗျား။ 

“ဝ” ခေါင်းဆောင်တွေက အသံထွက်လာပါပြီ။ 

တရုတ်ကလည်း နိုင်ငံရေး ကစားကွင်းထဲကို ပေါ်ပေါ်ထင်ထင် ဝင်လာပါပြီ။ 

ကချင်လက်နက်ကိုင် ...။ 

“ဝ” လက်နက်ကိုင် ...။ 

နောက် ကိုးကန့် ...။ 

နောက် မိုင်းလား ...။ 

နောက် အရှေ့မြောက်ရှမ်း။ 

သူတို့အားလုံးရဲ့ နယ်မြေက တရုတ်နိုင်ငံရဲ့ နယ်မြေနဲ့ ဆက်စပ်နေပါတယ်။ 

သူတို့ မြန်မာစကား ပြောလား။ တရုတ်စကား ပြောလား။ တရုတ်စကား။ 

ဘာပိုက်ဆံသုံးလဲ ...။ တရုတ်ပိုက်ဆံ ...။ 

ဘာစာသုံးလဲ ...။  တရုတ်စာပါပဲ။ တရုတ်ဘက်မှာပဲ စာသွားသင်တယ်။ တရုတ်စာနဲ့ပဲ အဆက်အသွယ် လုပ်ကြတယ်။ တယ်လီဖုန်းလည်း တရုတ်ဖုန်းပါပဲ။ အဲ ... တီဗီတောင် တရုတ်တီဗီပဲ ကြည့်ကြတယ်တဲ့ခင်ဗျား။ 

အင်္ဂလိပ်ခေတ်ကတည်းက ဒီဒေသကို ဖရန်တီရာ နယ်မြေ။ အစွန်အဖျား နယ်မြေ၊ အစိုးရ အမှုထမ်းတွေ အလွန် အရောက်အပေါက် နည်းတဲ့ နယ်မြေလို့ သတ်မှတ်ထားပါတယ်။ 

လွတ်လပ်ရေး ရခဲ့ပြီးခေတ်မှာလည်း ဒီဒေသကို ပစ်ထားပါတယ်။ ဒေသခံတွေက မြန်မာဘက် အခြမ်းမှာနေသလို တရုတ်အခြမ်းမှာလည်း နေတယ်။ 

တရုတ်ကလည်း လွတ်လွတ်လပ်လပ် နေခွင့်ပြုတယ်။ စောင့်ရှောက်ထားတယ်။ စဉ်းစားကြည့်ပါ။ ဒီနေ့ လက်နက်ကိုင် ဆူပူမှုတွေ ဖြစ်လာပြီ။ 

သူတို့ကိုင်တဲ့ လက်နက် ဘယ်သူ့ လက်နက်လဲ။  တရုတ်ပေါ့ခင်ဗျား။ 

ဒီနေ့ သူတို့ ဆရာကြီး ဘယ်သူလဲ။ တရုတ်ပေါ့ခင်ဗျား။ 

ဒီနေ့ ဒီဆူပူမှုရဲ့ ဇာတ်ဆရာကို တရုတ်အဖြစ်ပဲ မြင်ရပါမယ်။ 

ဒီနေ့ ကမ္ဘာကြီး အခြေအနေကလည်း ပြောင်းလဲပါပြီ။ 

အမေရိကန် ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတယ်။ 

ဒေါ်နယ်ထရမ့်ဟာ ဘယ်လို လူစားလဲ။ မြန်မာတွေ အားကိုးရမယ့်လူလား။ 

အမေရိကန်တွေတောင် ဒေါ်နယ်ထရမ့်ရဲ့စိတ်ကို မမှန်းဆတတ်ကြပါဘူး။ ဘယ်လိုလူလဲ ဆိုတာကို မသိကြပါဘူး။ မြန်မာတွေဆိုရင် ဝေးရောပေါ့ခင်ဗျား။ 

ထရမ့်ကသာ မြန်မာနဲ့ တရုတ်နိုင်ငံအကြား ဖြစ်လာမယ့် ပြဿနာတွေဟာ အမေရိကန် ပြည်ထောင်စုနဲ့ မဆိုင်ဘူး ပြောလိုက်ပါ။ ကျွန်တော်တို့ နိုင်ငံဘက်ကို လှမ်းလာမယ့် တရုတ်ခြေလှမ်းသစ်ကို ချက်ချင်း စမြင်ရပါတော့မယ်။ မကြာခင် တရုတ်ခေါင်းဆောင်ကလည်း ထရမ့်နဲ့ သွားတွေ့တော့မယ်တဲ့။ 

ဘယ်လို လုပ်ကြမှာလဲ။ အလွန် စိတ်ပျက်မိပါတယ်ခင်ဗျား။ ဒီနေ့နိုင်ငံမှာ ဘယ်သူက ဘယ်သူ့ကို ကြောက်နေပါသလဲ။ 

ဦးလှဝင်း (လေသူရဲတစ်ဦး)
၂၁-၃-၂၀၁၇

  • VIA